ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင် (ICNCC/CB) အကြား ပေါင်းစည်းရေးကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်းစဉ်ကို ဝမ်းမြောက်စွာကြိုဆိုပြီး ချင်းတော်လှန်ရေးအင်အားစုများ ပေါင်းစည်းညီညွတ်ရေး သက်ဆိုင်ရာအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မည်ဟု ချင်းအမျိုးသားတပ်ဦး CNF က အသိပေး ထုတ်ပြန်သည်။
မတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် CNF၏ အဋ္ဌမအကြိမ် ပါတီညီလာခံသက်တမ်း၊ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ချင်းပြည်ကောင်စီနှင့် ICNCC/CB တို့အကြားပေါင်းစည်းရေးကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်းစဉ်ကို ဝမ်းမြောက်စွာကြိုဆိုသည်ဟု ဖော်ြပထားသည်။
ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသား ရေး ရှေ့ရှုလျက် ချင်းတော်လှန်ရေး အင်အားစုများ ပေါင်းစည်းညီညွတ် ရေးအတွက် သက်ဆိုင် ရာအဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
ထို့အပြင် ပြည်သူ့တော်လှန်ရေး (၄)နှစ် တိုင်အောင် စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကိုဆန့်ကျင်သည့် အာဏာဖီဆန်လှုပ်ရှားမှု (CDM) ဖြင့်လည်းကောင်း၊ အခြားနည်းလမ်းပေါင်းစုံဖြင့် လည်းကောင်းကြံ့ကြံ့ခံ ပေးဆပ်တိုက်ပွဲဝင်နေကြ သည့် ချင်းအမျိုးသားပြည်သူများအား လေးစား ဂုဏ်ပြုကြောင်း ဖော်ပြပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးပန်းတိုင်ရောက်ရှိသည့်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
CNF/CNA၏ အမိအဖဖြစ်ပြီး ချင်းအမျိုးသားတော်လှန်ရေး၏ ပင်မမဏ္ဍိုင်ကြီးဖြစ်သော ချင်းပြည်သူတရပ်လုံး အနေဖြင့် ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတွင် အတူရပ်တည်ပြီး ကာယအင်အား၊ ဉာဏ အင်အား၊ ဓနအင် အား အသီးသီးဖြင့် ပါဝင်တိုက်ပွဲဝင်ကြရန်လည်း CNF က ကြေညာခဲ့သည်။
CNF ၏ အဋ္ဌမအကြိမ် ပါတီညီလာခံသက်တမ်း၊ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးတွင် နာယကနှင့် အကြံပေးပုဂ္ဂိုလ်များအပါအဝင် ဗဟို ကော်မတီဝင် စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပြီး စစ်ရေး နိုင်ငံရေး မဟာဗျူဟာ၊ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။