Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းပြည်နယ်ရှိ ထိန်းချုပ်နယ်မြေများအတွင်း အများပြည်သူဆိုင်ရာဝန်ဆောင်မှုများအရေး

ချင်းပြည်နယ်ရှိ ထိန်းချုပ်နယ်မြေများအတွင်း အများပြည်သူဆိုင်ရာဝန်ဆောင်မှုများအရေး

0
By Editor on November 16, 2024 Featured

ရေး – သြသနီရယ်လ် တင်မ်ပို

(၁)

၈၊ စက်တင်ဘာ ၂၀၂၂ တွင် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ချင်းတော်လှန်ရေးအဖွဲ့များက ချင်းပြည်နယ်၏ နယ်မြေ ၇၀% ကျော်ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဖြေကြားထားသည်။ ထို့အတူ Center for Strategic and International Studies (CSIS) တွင် သုံးသပ်သူ Martin Michael က Burma News International နှင့် Myanmar Peace Monitor တို့ကပြုစုသည့်The Chin State’s Military-Political Dynamics: Challenges and Opportunities (Bi-weekly News Review, Issue 138, 31 Jan. – 13 Feb. 2024) ကို ကိုးကား၍ ၂၀၂၄ နှစ်စပိုင်းတွင် ချင်းခုခံတော်လှန်သူများက ချင်းပြည်နယ်၏ နယ်မြေ ၈၀% ကျော်ကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ အမှန်တွင် ချင်းပြည်နယ်၏ နယ်မြေများကို ထိန်းချုပ်သူများတွင် ချင်းတပ်ဖွဲ့များသာမက၊ ULA/AA တပ်ဖွဲ့များလည်း ပါဝင်ပါသည်။

ဤနေရာတွင် ထိန်းချုပ်နယ်မြေ ၇၀% ကျော် သို့မဟုတ် ၈၀% ကျော် ရှိခြင်း၊ မရှိခြင်းကို မဆွေးနွေးလိုပါ။ ယင်းထက် ပို၍အရေးကြီးသည်ဟုထင်မြင်မိသောအချက်မှာ ထိန်းချုပ်နယ်မြေများအတွင်း နေထိုင်သူပြည်သူများအတွက် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက် စီမံနေမှုအခြေအနေဖြစ်သည်။\

ဤဆောင်းပါးတွင် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ်မြေများအတွင်း အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ စီမံဆောင်ရွက်နေမှုနှင့် ထိုသို့ ဆောင်ရွက်ရာတွင် ထည့်သွင်းစဥ်းစားသင့်သောအချက်များကို အကျဥ်းဆွေးနွေးသွားပါမည်။

(၂)

ရှေးဦးစွာ ထိန်းချုပ်နယ်မြေ၏အဓိပ္ပါယ်ကိုအကျဥ်းဆွေးနွေးလိုသည်။ အမှန်စင်စစ် ထိန်းချုပ်နယ်မြေ များ (controlled areas) ဟူ၍ လွယ်လင့်တကူ တနည်း နုတ်ကျိုးစွာ ခေါ်လိုက်ကြသော်လည်း ၎င်း၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့အစည်းများ၌ တသမတ်တည်း ဖွင့်ဆိုမှု မတွေ့ရသေးပါ။
ထိန်းချုပ်နယ်မြေဆိုသည်မှာ စစ်ကောင်စီတပ်ဖွဲ့ သို့မဟုတ် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား ဝင်ရောက်ဆောင်ရွက်နိုင်ခြင်း မရှိတော့အောင် တော်လှန်ရေးအဖွဲ့များဘက်က တပ်အင်အားချပြီး စိုးမိုးထားနိုင်သောနယ်မြေဟုဖွင့်ဆိုရမည်ထင်သည်။ ထို့ကြောင့် ယေဘုယျအားဖြင့် ၎င်းထိန်းချုပ် နယ်မြေအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားနှင့် ဝင်ထွက်လှုပ်ရှားမှုများ မရှိနိုင်တော့ပါ။ အချို့ နယ်မြေတွင်မူ မိမိတပ်ဖွဲ့များ ဝင်ထွက်လှုပ်ရှားနေသော်လည်း စစ်ကောင်စီ၏တပ်ဖွဲ့များကလည်း အဝင်အထွက်ရှိနေသေးသလို၊ ၎င်းတို့၏အုပ်ချုပ်မှုအမိန့်အာဏာလည်း အတိုင်းအတာတစ်ခုထိ စိုးမိုး နေသေးလျှင် ထိုနယ်မြေမျိုးကိုတော့ ထိန်းချုပ်နယ်မြေဟု အပြည့်အဝခေါ်ဆိုရန် ခက်ခဲပါလိမ့်မည်။

နောက်ထပ်အမျိုးအစားတစ်ခုမှာ လွတ်မြောက်နယ်မြေ (Liberated area) ဖြစ်ပါသည်။ လွတ်မြောက် နယ်မြေသည် ထိန်းချုပ်နယ်မြေထက် ပိုမိုလေးနက်ပါသည်။ လွတ်မြောက်နယ်မြေသည် စစ်ကောင်စီ အား ခုခံတော်လှန်ရာတွင် ပါဝင်ကြသူများ၊ တော်လှန်မှုကိုထောက်ခံလက်ခံကြသူများအပါအဝင် ပြည်သူများသည် စစ်ကောင်စီ၏စစ်ရေးအရနှောင့်ယှက်မှုအပါအဝင် အန္တရာယ်အတော်များများကို စိုးရိမ်ကြောက်လန့်စရာ မရှိ နေထိုင်နိုင်သည့် နယ်မြေမျိုးဖြစ်ပါသည်။

လွတ်မြောက်နယ်မြေနှင့် ထိန်းချုပ်နယ်မြေတို့မှာ တစ်ထပ်တည်း မဖြစ်တတ်ပါ။ ထိန်းချုပ်နယ်မြေ သည် မိမိဘက်ကထိန်းချုပ်ထားသည့်တိုင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေး အရနှောင့်ယှက်မှုများ အချိန်မရွေးကျရောက်နိုင်ခြေရှိပါသည်။ ထို့ကြောင့် နယ်မြေကို စိုးမိုးထိန်းချုပ် ထားပြီးတိုင်း လွတ်မြောက်နယ်မြေ မဖြစ်နိုင်သေးဟူသောသုံးသပ်မှုများရှိနေခြင်းဖြစ်သည်။ ထို့ပြင် လွတ်မြောက်နယ်မြေသည် ပထဝီအနေအထားအရ စစ်ကောင်စီ၏ စစ်ရေးအရ တိုက်ခိုက်နှောင့်ယှက် ခြင်းများ အလွယ်တကူ မရောက်နိုင်သောနယ်မြေမျိုး တနည်း စစ်ကွယ်နေရာမျိုးဖြစ်လေ့ရှိပါသည်။

ချင်းပြည်နယ်အတွင်း မည်သည့်နယ်မြေကို ထိန်းချုပ်ထားပြီး၊ မည်သည့်နယ်မြေသည် လွတ်မြောက် နေပြီစသည်ဖြင့် မရည်ညွန်းလိုပါ။ မည်သို့ပင်ဆိုစေ၊ တော်လှန်ရေးတပ်ဖွဲ့များ ရရှိထားသော ထိန်းချုပ် နယ်မြေဖြစ်စေ၊ လွတ်မြောက်နယ်မြေဖြစ်စေ နိုင်ငံရေးအရ နှစ်ဘက် လက်ခံသဘောတူမှု (Political settlement) မရမချင်း ရန်သူ၏စစ်ရေးရည်မှန်းချက်အတွင်း ရှိနေဆဲဖြစ်ပါသည်။ ရန်သူ၏ နိုင်ငံရေး သဘောထားအပေါ်မူတည်၍ စစ်ရေးအရ အချိန်မရွေးတိုက်ခိုက်ခံရနိုင်သည်ကို သတိပြုရပါမည်။

(၃)

အများပြည်သူဆိုင်ရာဝန်ဆောင်မှု (Public service) ဆိုသည်မှာ ပြည်သူများ၏ မတူကွဲပြားသော လိုအပ်ချက်များကို အုပ်ချုပ်သူအစိုးရကပြဌာန်းထားသော ဥပဒေ၊ စည်းမျဥ်းလုပ်ထုံးများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်သော ဝန်ဆောင်မှုများကို ဆိုလိုသည်။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအားဆောင်ရွက်ရာတွင် သက်ဆိုင်ရာနိုင်ငံ၏နိုင်ငံရေးစနစ်ကို အကြောင်းပြု၍ အစိုးရက တိုက်ရိုက်ဆောင်ရွက်သောလုပ်ငန်းများ၊ အစိုးရနှင့် ပုဂ္ဂလိက ပူးတွဲဖက်စပ်ဆောင်ရွက်သော လုပ်ငန်း များနှင့် ပုဂ္ဂလိကကိုလွှဲအပ်ဆောင်ရွက်စေသောလုပ်ငန်းများဟူ၍ ယေဘုယျ ခွဲခြားနိုင်ပါသည်။

သာမန်အားဖြင့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုဟုဆိုရာ၌ တရားရုံးများ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ပြည်သူ့လုံခြုံရေးနှင့် ရဲလုပ်ငန်း၊ အရေးပေါ်ဝန်ဆောင်မှုများ၊ အများပြည်သူဆိုင်ရာ အဆောက်အဦးများ၊ ကစားကွင်းများ၊ ပန်းခြံများအပါအဝင် အများပြည်သူပိုင် နေရာထိုင်ခင်းများ၊ အများပြည်သူဆိုင်ရာ အသံလွှင့်လုပ်ငန်း၊ လူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေး၊ မြို့ပြ စီမံကိန်း၊ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု၊ သောက်သုံးရေဖြန့်ဖြူးခြင်း အစရှိသည်တို့ ပါဝင်ပါသည်။

ယနေ့ကဲ့သို့ တော်လှန်ရေးအချိန်ကာလမျိုးတွင် အထက်တွင်ဖော်ပြထားသည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအလုံးစုံကို ဆောင်ရွက်ပေးအပ်နိုင်မည် မဟုတ်ပါ။ သို့ရာတွင် ယင်းတို့အနက် မဖြစ်မနေဆောင်ရွက်ရန်လိုအပ်သည့်လုပ်ငန်းများမှာ အများပြည်သူလုံခြုံရေးနှင့် ရဲလုပ်ငန်း၊ ပညာ ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် လူမှုဝန် ထမ်းနှင့် ကယ်ဆယ်ရေးတို့ဖြစ်ပါလိမ့်မည်။ မြို့ပြထိန်းချုပ်နယ်မြေများတွင်တော့ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု၊ သောက်သုံးရေဖြန့်ဖြူးခြင်းနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်းတို့လည်း လိုအပ်ပါလိမ့်မည်။

အများပြည်သူဆိုင်ရာဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် ကောင်းမွန်သည့် အများ ပြည်သူဝန်ဆောင်မှုဆိုင်ရာ မူဝါဒများ (Public service policies) ကို ရေးဆွဲချမှတ်ထားရမည် ဖြစ်သည်။ ယင်းမူဝါဒများကို ချမှတ်ခြင်း၊ ချမှတ်ထားသည့်မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်းနှင့် ဆောင်ရွက်ချက်များအား စည်းကြပ်ကွပ်ကဲခြင်းစသည်တို့အတွက် တာဝန်ရှိ သူမှာ အစိုးရအဖွဲ့နှင့် အစိုးရအဖွဲ့က လွှဲအပ်ဆောင်ရွက်စေသောအာဏာပိုင်အဆင့်ဆင့်ဖြစ်သည်။

အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများနှင့်ပတ်သက်သော မူဝါဒများရေးဆွဲချမှတ်ရာတွင် ထည့်သွင်း စဥ်းစားသင့်သည့်သဘောတရား ၅ ချက်ရှိသည်။ ၎င်းတို့မှာ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ပြည်သူများ၌ ရွေးချယ်ပိုင်ခွင့်/ရွေးချယ်နိုင်ခွင့်ရှိခြင်း၊ ဝန်ဆောင်မှုများကို ဖြစ်နိုင်ခြေ မြေပြင်အနိမ့်ဆုံးအဆင့်အထိ ဖြေလျှော့ပေးခြင်း၊ ပြည်သူများ၏ မတူကွဲပြားသောလိုအပ်ချက်များကို ထည့်သွင်းစဥ်းစားထားခြင်း၊ သမာသမတ်ကျခြင်း၊ ဝန်ဆောင်မှုပေးအပ်သူများ၏ တာဝန်ယူ/တာဝန်ခံမှုရှိခြင်းတို့ဖြစ်သည်။

(၄)

၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏အုပ်ချုပ်မှုယန္တရား ချင်းပြည်နယ်အတွင်း ပြိုလဲ လစ်ဟာလာသောအခါ အများပြည်သူဆိုင်ရာဝန်ဆောင်မှုများကို ပြည်သူလူထုက ကိုယ်ထူကိုယ်ထ ဆောင်ရွက်လာခဲ့ရပါသည်။ ထိုသို့ဆောင်ရွက်မှုများအနက် ထင်သာမြင်သာအရှိဆုံးနှင့် ပြည်သူလူထု တောင်းဆိုမှုအများဆုံးဝန်ဆောင်မှုများမှာ ပညာရေးကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပံ့ပိုးခြင်းကဏ္ဍတို့ဖြစ်သည်။

ပညာရေးကဏ္ဍတွင် အခြေခံပညာရေးလုပ်ငန်းများကို ၂၀၂၁ ကတည်းကစတင်၍ မြို့နယ်အသီးသီး၌ မြို့နယ်ပညာရေးဘုတ်အဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်များစုစည်း၍ ကြားကာလ ချင်းပြည်နယ် ပညာရေးဘုတ်အဖွဲ့ကိုဖွဲ့စည်းကာ NUG ၏ ပညာရေးဝန်ကြီးဌာနနှင့် လည်းကောင်း၊ ပြည်တွင်း/ပြည်ပ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့်လည်းကောင်း ဆက်သွယ် ချိတ်ဆက်ကာ လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။

အဆင့်မြင့်ပညာကဏ္ဍကိုမူ ၂၀၂၂ ထိ ပြည်နယ်အတွင်း ထူးထူးခြားခြား မဆောင်ရွက်နိုင်ခဲ့သော်လည်း ဖေဖေါ်ဝါရီ၊ ၂၀၂၃ တွင် ZFU သည် National University of Zoland-NUZ ကိုဖွဲ့စည်း ဆောင်ရွက် လာခဲ့သည်ကိုတွေ့ရသည်။ ဇွန်၊ ၂၀၂၄ တွင် Chinland Council လက်အောက်ရှိ ပညာရေးဝန်ကြီး ဌာနက Chin National University-CNU ကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ကျန်းမာရေးကဏ္ဍတွင် ၂၀၂၁-၂၀၂၃ အတွင်း ICNCC သည် ချင်းပြည်နယ်၏ ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍအတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ သို့သော် ၂၀၂၁ တွင် ချင်းလူမျိုး CDM ကျန်းမာရေးဝန်ထမ်းများ စုစည်းဖွဲ့စည်းခဲ့သော Chin Health Organization-CHO သည် ချင်းပြည်နယ် ၉ မြို့နယ်၏ ပြည်သူ့ကျန်းမာရေးကဏ္ဍကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
CHO ကို အစိုးရ မဟုတ်သောအဖွဲ့အစည်းတစ်ခုအဖြစ်တည်ထောင်ခဲ့သော်လည်း၊ ပါဝင်သူများမှာ အစိုးရ ဝန်ထမ်းများဖြစ်ကြသဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့ပြနှင့် ကျေးလက်ဒေသများ၏ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အစိုးရကိုယ်စား ထိရောက်စွာဆောင်ရွက်ပေးနိုင်ခဲ့သည်။

CHO သည် NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ၏ ပံပိုးကူညီမှုဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။ ကုသရေးပိုင်းအတွက် ဆေးရုံများ ထူထောင်နိုင်ရန် လုံခြုံသည့်နေရာ၊ ဆေးဝါးနှင့်ပစ္စည်းကိရိယာ၊ လူအင်အား အခက်အခဲများရှိသော် လည်း ယခုချိန်တွင် အနည်းဆုံး ၃ နေရာ၌ ဆေးရုံများတည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်ဟုသိရှိရသည်။

ချင်းပြည်နယ်အတွင်း ယခင်ကတည်းကပင် အားကောင်းခဲ့သည့်ကဏ္ဍမှာ လူသားချင်းစာနာထောက် ထားမှုပံ့ပိုးခြင်းကဏ္ဍဖြစ်သည်။ ဤကဏ္ဍ၌ Chin-to-Chin approach သည် အလွန်ပင်အားကောင်း ခဲ့ပြီး၊ လက်ရှိတွင်လည်း အားကောင်းနေဆဲဖြစ်ပါသည်။ ၂၀၂၁ – ၂၀၂၃ အတွင်း NUG-MoHADM ဝန်ကြီးဌာနသာမက နိုင်ငံတကာရှိ ချင်းအသိုင်းအဝိုင်းများ၏ပံ့ပိုးကူညီမှုကို အများဆုံး ရရှိခဲ့ပါသည်။ Chin Human Rights Organization – CHRO နှင့် Institute of Chin Affairs -ICA အပါအဝင် သက်ဆိုင်ရာ မြို့နယ်များရှိ ကယ်ဆယ်ရေးအဖွဲ့များ၏အခန်းကဏ္ဍမှာ အရေးပါကြောင်းသိရသည်။

(၅)

ထိန်းချုပ်နယ်မြေအသီးသီးတွင် အလွန်အရေးပါပြီး ကောင်းစွာ မဆောင်ရွက်နိုင်သေးသည့်ကဏ္ဍ တစ်ခုမှာ ပြည်သူ့လုံခြုံရေးနှင့် ရဲလုပ်ငန်းဖြစ်သည်။ ယင်း၏အဓိကရည်ရွယ်ချက်မှာ ထိန်းချုပ်နယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံမှုရရှိနိုင်ရေးအတွက်ဖြစ်ပါ သည်။ ထိန်းချုပ်နယ်မြေများအတွင်း စစ်ကောင်စီ၏ စစ်ရေး အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို လူ့အသက်ထိခိုက်မှုအနည်းဆုံးဖြင့် ရင်ဆိုင်နိုင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုအား ထိရောက်သော အသိပညာပေးမှု၊ ပြင်ဆင်ပေးမှုနှင့် လေ့ကျင့်ပေးမှုများလိုအပ်ပါသည်။ အထူးသဖြင့် မသမာသူတို့၏ ခိုးဆိုးလုယက်မှုများ မပေါ်ပေါက်စေရန်လည်း ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါမည်။

ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဒေသခံပြည်သူလူထုအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှု၊ ငွေကြေးတောင်းခံမှု စသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး သတိပြုရမည်ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအပေါ် ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှုများကို မြို့နယ်အသီးသီး၌ အနည်းနှင့်အများ တွေ့ရသည်။ ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်ရှိ အုပ်ချုပ်ရေးတာဝန်ရယူထားသည့်အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုစိတ်အေးချမ်းသာစေနိုင်မည့်မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ကျင့်သုံးသင့်ပါသည်။

(၆)

ယခုအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးကာလဖြစ်သဖြင့် ပြေပြစ်ကောင်းမွန်သော အများပြည်သူ ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။ ချင်းပြည်နယ် အတွင်း သာမန်ငြိမ်းချမ်းသောအချိန်ကာလများ၌ပင် ပြေပြစ်ကောင်းမွန်သောဝန်ဆောင်မှုများ ဆောင် ရွက်နိုင်ရန် ရန်ပုံငွေနှင့် ဝန်ထမ်းအင်အား အခက်အခဲများစွာ ရှိခဲ့သည်ဖြစ်ရာ ယခုအချိန်တွင် ပို၍ပင် အခက်အခဲကြီးမားပါလိမ့်မည်။ သို့သော် အခက်အခဲရှိ၍ ရပ်ထားရမည့်ကိစ္စမျိုး မဟုတ်ပါ။

ချင်းပြည်နယ်အတွင်းဆောင်ရွက်နေသော အများပြည်သူဆိုင်ရာဝန်ဆောင်မှုကဏ္ဍများစွာသည် ပြိုလဲ သို့မဟုတ် ပြိုလဲလုလုအခြေအနေများဖြစ်ပါသည်။ ထိုသို့သောအခြေအနေမျိုး ရှေ့လျှောက်ဆက်သွား မည်ဆိုလျှင် ပြင်းထန်စွာထိခိုက်ခံစားရမည့်သူများမှာ ချင်းပြည်နယ်အတွင်းရှိ ပြည်သူလူထုပင်ဖြစ်နေ သည်ကိုတော့ သတိပြုရပါလိမ့်မည်။ မိမိတို့နေထိုင်ရာနယ်မြေဒေသအတွင်း အနည်းဆုံးအားဖြင့် ကျိုးကြောင်းဆီလျော်သော အများ ပြည်သူဆိုင်ရာဝန်ဆောင်မှုများ မရရှိနိုင်လျှင်၊ မကြာမတင် ရရှိနိုင် ကြောင်း မယုံကြည်ကြတော့လျှင် ပြည်သူလူထုအများအပြားသည် ပိုမိုကောင်းမွန်၍ ရွေးချယ်စရာ များပြားသော ဝန်ဆောင်မှုများရှိရာနေရာဒေသများသို့ ဆက်လက် ရွှေ့ပြောင်းနေကြမည်ဖြစ်သည်။

ထို့ကြောင့် ၂၀၂၅ သို့ရောက်လျှင် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များအနေဖြင့် တတ်နိုင် သမျှ သင့်တော်ကောင်းမွန်သည့်အများပြည်သူဆိုင်ရာဝန်ဆောင်မှုများပေးအပ်နိုင်ရေး ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း ရေးသားလိုက်ရပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.