(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာတွင် ဇန်နဝါရီ (၅) ရက်နေ့ မနက် (၈) နာရီအချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မူကြောင့် ချင်းအမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“မနေ့တုန်းက လက်ပံချောင်းမှာ လက်နက်ကြီးက (၃) ချက် ကျတယ် ဒုတိယအချက်မှာ သူ့အိမ်နားမှာကျတော့ သူ့ခေါင်းမှာထိတာ နှစ်လက်မလောက်ရှိမယ် ပေါက်သွားတာ ဦးနှောက်ကိုပါပေါ်သွားတာ။ မြို့ပေါ်ကိုလည်း ချိတ်တယ်၊ လမ်းကလည်း မနေ့က ဆည်ကြီးတံတားကို လုံးဝပိတ်ထားတယ် မြို့ပေါ်ကိုလည်း ပို့လို့မရဘူး ဒီမှာက ရှိတဲ့ဟာနဲ့ ဝိုင်းလုပ်ပေးရင်းနဲ့ သွေးတွေလည်း ဖြည့်ပေမယ့် လုပ်ရင်းနဲ့ ဆုံးသွားတာပါ” ဟု ကူညီဆောင်ရွက်ပေးနေသူ လက်ပံချောင်းဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးကြောင့် သေဆုံးသူမှာ လက်ပံချောင်းကျေးရွာ ဘီ ရပ်ကွက်မှာနေထိုင်သူ အသက် (၄၇) နှစ်အရွယ် ဒေါ်ဇမ်ဘွဲ့ဆုန်ဖြစ်ပြီး အိမ်နီးနားချင်းဖြစ်သည့် အသက် (၄၀) နှစ်အရွယ် အမျိုးသားတဦးသည်လည်း မျက်နှာရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည် စခန်းကြီးကျေးရွာအနီး တိုင်းဗဟို အမှတ် (၁၀) တပ်ကနေ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်ပံချောင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ရာမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကလေးမြို့မှ ၁၀ မိုင်ခန့်ကွာဝေးသော လက်ပံချောင်းကျေးရွာသည် အိမ်ခြေ (၂,၀၀၀) ကျော်ရှိပြီး ချင်းလူမျိုးများနေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာက အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။