ချင်းပြည်နယ်ထဲက ချင်းညီနောင်လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပူးပေါင်းပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူမည်ဟု ယနေ့စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ချင်းညီနောင်က သတိပေးပြောဆိုလိုက်သည်။
စစ်ကောင်စီသည် လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူရန်ပြင်ဆင်နေပြီး ယင်းသည် စစ်အာဏာသက်ဆိုးရှည်ရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်သည်ဟု ချင်းညီနောင်ကဆိုသည်။
ပြည်တွင်းစစ်မီးများဖြင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေချိန် ပြည်သူများ စစ်ဘေး၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်မှာ ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကိုအသုံးပြုကာ အတင်းအဓမ္မ စစ်သားစုဆောင်းရန်နှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နိုင်မည့်ကိစ္စရပ်များတွင် အသုံးပြုရန်ရည်ရွယ်ပြီး သန်းခေါင်စာရင်းများကောက်ယူရန် ပြင်ဆင်လာမှုသည် မိုက်ရူးရဲဆန်ပြီး အာဏာမက်မောမှုကို ပြသနေခြင်းဖြစ်သည်ဟု ချင်းညီနောင်ကဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးခြင်း၊ ပူးပေါင်းပါဝင်ခြင်းများမပြုကြရန်နှင့် ချင်းပြည်နယ်၊ ချင်းညီနောင်လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပူးပေါင်းပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာအရေးယူသွားမည်ဟု ချင်းညီနောင်က သတိပေးထုတ်ပြန်ထားသည်။
ချင်းညီနောင်အဖွဲ့သည် ချင်းလဲန်းကောင်စီကို လက်မခံသော ချင်းလက်နက်ကိုင်အဖွဲ့များ စုစည်းထားသောအဖွဲ့များဖြစ်ကြပြီး ZFU/PDF-Zoland၊ CNO/CNDF၊ CNC/CDF-Mindat၊ MDF၊ CDF-Matupi Brigade 1 နှင့် CDF-Kanpetlet တပ်ဖွဲ့တို့ပါဝင်သည်။