(002MG)/ (004SS)
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် ပြင်ဆင်နေသည့် အတွက် တမူးမြို့သို့ သယ်ယူပို့ဆောင်နေ သော ကုန်စည်များအားလုံးကို ဧပြီလ ၂၀ ရက်နေ့ကစ၍ ပိတ်ပင်ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန် ထားသည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော တမူးမြို့သည် စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲရန်နှင့် စစ်ကောင်စီကို ရိက္ခာများဖြတ်တောက်ရန် ယခုကဲ့သို့ပိတ်ပင်ခြင်းဖြစ်သည်ဟု သိရသည်။
“တမူးမြို့သိမ်းစစ်စင်ရေးဆင်နွှဲမှာဖြစ်တဲ့အတွက် တမူးမြို့သို့ သယ်ယူပို့ဆောင်နေသော ကုန်စည်များအားလုံးအားလုံး သယ်ဆောင်ခြင်းမပြုပါဘူး၊ တစ်ဘက်အိန္ဒိယနိုင်ငံဖက်အခြမ်းကိုလဲသယ်ယူပို့ဆောင်ရောင်းဝယ်ခြင်းလုံးဝလုံးဝမရပါ၊ ခိုးယူသယ်ဆောင်ခြင်း၊ ဒေသတွင်းတပ်ဖွဲ့များကိုငွေကြေးလာဘ်ထိုးကာ တရားမဝင်သယ်ဆောင်ခြင်းများ လုံးဝလုံးဝ မပြုကြရန် သတိပေးအပ်ပါတယ်” ဟု တမူးခရိုင်အမှတ်(၂) တပ်ရင်းက တာဝန်ရှိသူက ဖော်ပြထားသည်။
ယခုထုတ်ပြန်သည့် အမိန့်ကို လိုက်နာခြင်းမရှိပါဘဲ ကုန်စည်ကူးသန်းပို့ဆောင်ခြင်းများရှိခဲ့ပါက ထိရောက်စွာ အရေးယူခံရမည်ဟုလည်းဆိုသည်။
တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ငွေကြေးကောက်ခံ၍ ခိုးလမ်းကြောင်းများမှ တရားမဝင်လွှတ်ပေးသည့် သတင်းသော်လည်းကောင်း၊ မျက်မြင် ဖမ်းစီးမိလျှင်သော်လည်ကောင်း သက်ဆိုင်ရာ စစ်စည်းမျဥ်းစည်းကမ်းအတိုင်း ထိရောက်စွာ ဖမ်းစီးအရေးယူသွားမည်ဟု တမူးခရိုင် အမှတ် (၂) တပ်ရင်းတာဝန်ရှိသူက ဆိုသည်။
ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ သတင်းထုတ်ပြန်မှုရှိလာသောကြောင့် တမူးမြို့ပေါ်တွင် ကုန်ဈေးနှုန်းမျာမြင့် တက်လာကာ ကုန်ပစ္စည်းများလည်း ပြတ်လပ်မှုများရှိလာကြောင်း တမူးမြို့ခံတစ်ဦးကပြောသည်။
“လူငယ်တွေက လိုင်းပေါ်ကနေ ကြေညာလိုက်တာ။ ၂၀ ရက်နေ့က နောက် ဆုံးထားပြီးတော့ တင်းတင်းကြပ်ကြပ် ပိတ်လာတာပေါ့။ ဘုက္ကန်ကျေးရွာက ဂိတ်ဆုံးပဲ။ အောက် ပိုင်း ကနေလာတဲ့ပစ္စည်းတွေအားလုံး ဒီအိန္ဒိယဖက်ခြမ်း ကို လုံးဝမဝင်ရ၊ ပြောရမယ်ဆိုရင် တမူးမြို့ကို အပ်တိုတချောင်းမှမဝင်ရဘူး။ ကုန်ဈေးနှုန်းတွေ ကတက်တာပေါ့။ စားသောက်ကုန်၊ ဘီယာ၊ အရက်၊ ဆေးလိပ်၊ ကွမ်းရွက်ကအစပေါ့၊ ကွမ်းရွက်ဆိုရင် ဘုက္ကန်မှာ ၁ ပိဿာမှာ (၇) ထောင်၊ (၆) ထောင်ဆိုရင် တမူးမှာ (၃) သောင်း၊ (၄) သောင်းပေါ့။ ဆန်ကတော့ ကြိုတင်လှောင် ထားတာ တွေရှိကြ တယ်။ လော လောဆယ် သူတို့ သုံးတဲ့ ဘီယာ၊ ဆေးလိပ်တို့ကတော့ မဝင်တာလည်း ကြာခဲ့ပြီ အခွန်ကလည်း တိုး ကောက်ထားတာဆိုတော့ အရင်တုန်းကနေလဲ နည်းနည်းဝင်တာဆိုတော့ အခုက ပိတ်လိုက်တော့ လုံးဝပြတ် သွားပြီ” ဟု ပြောသည်။
လက်ရှိတမူးမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ပြည်သူအများစုမှာ အိန္ဒိယနယ်စပ် မိုးရေးနှင့် လွတ်မြောက်ရာဒေသများထံသို့ ကြိုတင်စစ်ဘေးတိမ်းရှောင်သူ ရှိလာသည့်အပြင် အချို့မှာ မြို့သိမ်းတိုက်ပွဲစတင်ချိန်မှ စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်သူများရှိသည်ဟု သိရသည်။