အာဏာသိမ်းချိန်မှ ယနေ့ထိ အလင်းဝင်လာသူ အယောက် ၄၀ ထက်မနည်းရှိ
(004SS)
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်မှ စစ်သား ၂ ဦးသည် လက်နက်ခဲ ယမ်းများနှင့်အတူ ယမန်နေ့ ဧပြီ ၇ ရက်နေ့တွင် အလင်း ဝင်လာခဲ့ကြသည်ဟု PDF- Zoland က ယနေ့ ညနေပိုင်းက ထုတ်ပြန်သည်။
အလင်းဝင်လာသူ ၂ ဦးမှာ အသက် ၂၃ နှစ်ရှိ တပ်သား စိုးလင်းအောင် ၊ ကိုယ်ပိုင်အမှတ် ပစ – ၁၃၂၉၇၂ နှင့် တပ်သား ဖိုးလပြည့်၊ ကိုယ်ပိုင်အမှတ်-ပစ – ၁၃၂၉၈၅ တို့နှစ်ဦးဖြစ်ပြီး ၎င်းတို့အား နွေးထွေးစွာ ကြိုဆိုကြောင်း ထုတ်ပြန်သည်။
အလင်းဝင်လာသူ ၂ ဦးက သေနတ် ၁ လက် အပါအဝင် ကျည်ဆံများ၊ ကျည်ဘောက်စ် ၆ ခု၊ ကျည်ကာ ၂ ချပ်နှင့် walkie talkie ၁ လုံး စသည့် စစ်အသုံးအဆောင်ပစ္စည်းများဖြင့် အလင်းဝင်ရောက်လာကြောင်း၊ ၎င်းတို့ကို ဆုကြေးငွေ ချီးမြင့်ပေးခဲ့ကြောင်း PDF-Zoland ကထုတ်ပြန်သည်။
ဧပြီလ ၃ ရက်နေ့ကလည်း တီးတိန်မြို့ ခလရ ၂၆၉ တပ်က အသက် ၂၃ နှစ်ရှိ ရဲဘော် ဖိုးခွါး ကိုယ်ပိုင်အမှတ်-တ/၅၇၃၉၂၄ နှင့် အသက် ၂၂ နှစ်ရှိ ဒုတပ်ကြပ် မျိုးမင်းကျော် ကိုယ်ပိုင်အမှတ်-တ/၅၇၂၆၈၉ တို့နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ PDF Zoland ထံ အလင်းဝင်လာခဲ့ပြီး ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ ယနေ့အထိ PDF- Zoland ထံ တိုက်ရိုက် အလင်းဝင်လာသော စစ်သားနှင့် ရဲ စုစုပေါင်း ၄၀ ထက်မနည်းရှိပြီဟု သိရသည်။
“အာဏာသိမ်းစကတည်းကနေ အခုထိ ကျွန်တော်တို့ဆီ တိုက်ရိုက် ဆက်သွယ်ပြီးတော့ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာ တဲ့သူ ၂၅ ယောက် လောက် ရှိပြီ၊ နောက် လက်နက်မပါဘဲ အလင်းဝင်လာတဲ့သူက ၁၅ လောက်ရှိပြီပေါ့နော်။ တခြား ကတော့ ဟားခါးဘက်တို့ စီးယင်းဘက်တို့နဲ့ ဆက်သွယ်တယ် ကျွန်တော်တို့က ကူညီပေးတဲ့သူပေါ့ ၁၃ ဝန်းကျင် ရှိမယ်။ ကျွန်တော်တို့ အနေနဲ့တော့ လက်နက်နဲ့ အလင်းဝင်ရင် ဆုကြေးငွေ ချီးမြင့်ပေးတယ် ၊ လက်နက်ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ အလင်းဝင်လာတဲ့သူမှန်သမျှကိုတော့ သူတို့ သွားလိုတဲ့ နေရာထိ တာဝန်ယူပေးတာပေါ့နော်” ဟု PDF-Zoland မှ တာဝန်ရှိသူကိုတိုနီက ပြောသည်။
အလားတူ ဧပြီလ ၆ ရက်နေ့က စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အသက် ၂၅ နှစ်အရွယ် သန့်ဇင်ဖြိုးသည် ဟားခါးမြို့ပေါ်ရှိ စိုက်ပျိုးရေးခြံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေးလာပြီး G-3 သေနတ်၊ ခဲယမ်းများနှင့်အတူ CDF – Hakha ထံကို အလင်းဝင်ခဲ့သည်။