ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့ကို ထိုးစစ်ဆင်လာသော Zomi Revolutionary Army (ZRA) တပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်သွားမည်ဟု CDF-Hualngoram က အသိပေးထုတ်ပြန်သည်။
တွန်းဇံမြို့အတွင်း မိဘပြည်သူများသည် အေးချမ်းစွာ နေထိုင်ခဲ့ကြသော်လည်း ဧပြီလ (၃) ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် Zomi Revolutionary Army (ZRA)တပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု CDF-Hualngoram က ဧပြီလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။
ထို့ကြောင့် ချင်းပြည်(Chinland) ကိုကာကွယ်ရန်နှင့် မိမိကိုယ်ကိုယ်ခုခံကာကွယ် နိုင်ရန်အတွက် အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်း၏ လက်ကိုင်တုတ်ဖြစ်သော ZRA တပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်သွားမည်ဟု ယင်းထုတ်ပြန်ချက် တွင်ဖော်ပြာထားသည်။
ဧပြီလ ၃ ရက် နံနက်ပိုင်းက စတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရာ ဖော်ဆောင်နေသည့် တွန်းဇံမြို့ကို ZRA က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။
ဧပြီလ ၄ ရက်အထိ တွန်းဇံမြို့ပေါ်က တိုက်ပွဲများတွင် ZRA တပ်ဖွဲ့သည် စစ်ကောင်စီပေးထားသည့် ဒရုန်းနှင့် လက်နက်ခဲယမ်းများကို အသုံးပြု တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယမန်နေ့က ခိုနူမ်းသုန်ကိုပြောဆိုထားသည်။