(004SS)
ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က ပထမဦးဆုံးအကြိမ် ထောက်လှမ်း ရေးသင်တန်း အပါတ်စဉ် ၁ အတွက် သင်တန်းသူ၊ သင်တန်းသားများကို ဖိတ်ခေါ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
ချင်းပြည် လွတ်မြောက်ရေးအတွက် စစ်ရေးဖော်ဆောင်ရာတွင် ရန်သူ့ဘက်မှ မည်သို့ဝင်ရောက်နိုင်ကြောင်း၊ လူအင်အား၊ လက်နက်အင်အား မည်မျှရှိကြောင်းစသည့်အချက်အလက်များ စုံစမ်းပေးနိုင်သော အရည်အချင်းရှိ ထောက်လှမ်းရေး များများ လိုအပ်သောကြောင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်ဟု CNO/CNDF မှ Intelligence Officer က ပြောသည်။
“ကျွန်တော်တို့ ထောက်လှမ်းရေးအဖွဲ့ဆိုပြီး အစကတည်းကနေ ဖွဲ့စည်းထားပြီးသားပေါ့နော်။ ဒါပေမဲ့ အဲမှာ သင်တန်း မတက်ဘဲ လုပ်ကြတဲ့အခါကျတော့ တကယ် လုပ်ငန်းလုပ်ရတဲ့အချိန်ကျရင် အခက်အခဲတွေရှိတာပေါ့နော်။ နောက် တခြား သူတွေလဲ ဒီအပိုင်းမှာ စိတ်ဝင်စားတဲ့သူများတဲ့အခါကျတော့ ဘာဖြစ်ဖြစ် အခု ဒီထဲမှာ လုပ်နေတဲ့သူတွေလဲ အစကနေ သင် တန်းပြန်ပေးမလို့ပေါ့နော်။ ဆိုတော့ စစ်ရေးနဲ့ ပါတ်သက်ပြီးတော့ စကစဘက်က သတင်းတွေ၊ ပြီးရင် ရဲဘော်ဘက်က သတင်းအချက်အလက်တွေကို အဓိကပို့ပေးသွားရမှာပေါ့နော်” ဟု CNO/CNDF မှ Intelligence Officer က ပြောသည်။
သင်တန်းကို လာမည့် မေလ ၁၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၁၅ ရက်ကြာ ပို့ချမှာဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် မေလ ၁ ရက်နေ့မှစ၍ ၁၀ ရက်နေ့အထိ အမည်စာရင်းပေးသွင်းနိုင်သည်ဟု CNO/CNDF က ကြေညာထားသည်။
လက်ရှိတွင် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းသူ ၄ ဦးခန့်ရှိပြီဟု သိရသည်။
သင်တန်းပြီးမြောက်ပါက ၎င်းတို့တပ်ဖွဲ့တွင် ထောက်လှမ်းရေးအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ လိုအပ်သော အထောက်အပံ့များလည်း ပေးအပ်သွားမည်ဟု တာဝန်ရှိသူက ဆိုသည်။