(004SS)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင် သိက္ခာတော်ရ ပါစတာတစ်ဦးကို အရက္ခတပ်တော် (AA) အရာရှိတစ်ဦးမှ အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ည ၈ နာရီဝန်းကျင်တွင် သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းသည် ဘုရားကျောင်းမှ ဝတ်ပြုပြီးအပြန်လမ်းတွင် အာရက္ခတပ်တော် (AA) တပ်သား ၁ ဦးမှ ဗိုလ်ကြီးကခေါ်ခိုင်းသည်ဟုဆိုကာ ၎င်းတို့စခန်းသို့ ခေါ်ဆောင်ကာ ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ပါစတာ ဦးလိုဒိန်းက ပြောသည်။
“ကျွန်တော်ရိုက်နှက်ခံရတဲ့နေ့က ဧပြီလ ၁၇ ရက်နေ့ညမှာပါ ဘုရားဝတ်ပြုပြီးပြန်လာတာ ရွာလယ်ရောက်တော့ AA တပ်သားတစ်ယောက်က ဗိုလ်ကြီးကတွေ့ချင်တယ်ပြောပြီး လာခေါ်တာ ကျွန်တော်လဲ လိုက်သွားတယ်။ စခန်းရောက်တော့ ခဏေစာင့်ခိုင်းပြီး သူတို့ဗိုလ်ကြီးပေါ့ တပ်ရင်းမှူးလို့ခေါ်ကြတယ်၊ သူဆင်းလာပြီးတော့ ဘာမှလဲမပြောတော့ဘူးလေ၊ တစ်ခါတည်းကျွန်တော့ကို သူရဲ့ပစ္စတိုထုတ်ပြီးတော့မှ ကျည်ထိုးပြီးတော့ ကျွန်တော့်ကို ပစ်ဖို့ပေါ့လုပ်နေတာ ဒါပေမဲ့ ပစ်တော့ မပစ်ဘူးပေါ့။ ကျွန်တော့်ကို ထိုင်ခုံအပျက်ပေါ်မှာထိုင်ခိုင်းတယ်။ ထိုးတယ်၊ကန်တယ်၊ဆဲတယ်။ ငါ့အကြောင်း သိလား၊ ကြောက်ပြီလား၊ မကြောက်သေးဘူးလားပြောရင်းနဲ့ လက်သီးနဲ့ထိုးတယ်။ ကျွန်တော်မခံနိုင်လို့လဲကျရင်လဲသူတို့ ၃၊၄ ယောက်ကပြန်ထူပေးပြီးရင် ပြန်ထိုး၊ ကျွန်တော်လဲ ဘာမှ မလှုပ်နိုင်တော့ အဲလိုနဲ့ သူကျေနပ်တဲ့အထိထိုးတာပေါ့၊ ပြန်မထနိုင်တော့မှ တပ်သားနှစ်ယောက်က အိမ်ပြန်ပို့ပေးတယ်။ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာ ကျွန်တော်နား မလည်နိုင်ဘူး။ အကြောင်းမဲ့သက်သက် ကျွန်တော့်ကို စော်ကားတာ” ဟု သိက္ခာတော်ရဆရာ ဦးလိုဒိန်းက ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။
တပ်ရင်းမှူးခေါ်၊ AA ဗိုလ်ကြီးက ဆရာလိုဒိန်းကို ည ၈ နာရီ ၁၅ ဝန်းကျင်မှ ၉ နာရီအထိ ထိုးလိုက် ကန်လိုက် ပြုလုပ်တာ ကြောင့် ၎င်း၏ မျက်နှာကအစ တစ်ကိုယ်လုံး အညိုကွက်များစွဲကာ ရောင်ရမ်းပြီး ရိုက်နှက်ဒါဏ်ရာများကို နေအိမ်တွင် ဆေးကုသနေခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဒါဏ်ရာများ သက်သာလာပြီဖြစ်သော်လည်း ရင်အုပ်တစ်ဖက်ရှိ နံရိုးများ ထိုးနှက်ခံရသည့် ဒါဏ်ခံစား နေရဆဲဖြစ်ကာ အလေးအပင်မလို့မရသေးကြောင်း သိရသည်။
ထိုသို့ ထိုးကြိတ်ရိုက်နှက်ခံခဲ့ရသည့် အကြောင်းကို မည်သူ့ကိုမျှ မပြောပြရန် AA ဗိုလ်ကြီးက မှာထားသည့် အပြင် နောက်နှောင်တွင်လည်း ၎င်းအား စောင့်ကြည့်နေမည်ဖြစ်ပြီး လိုအပ်သလို ထပ်မံအပြစ်ပေးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း လည်း ပါစတာလိုဒိန်းက ပြောသည်။
ထို့ကြောင့် ပါစတာလိုဒိန်းသည် အကြောင်းမဲ့သက်သက် ထပ်မံဆင့်ခေါ်ပြီး ရိုက်နှက်ခံရမည်ကို စိုးရိမ်သောကြောင့် လွတ်မြောက်နယ်မြေတစ်နေရာတွင် မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
AA အရာရှိက ၎င်းအား မည်သည့်အကြောင်းပြချက်ကြောင့် ထိုးနှက်ရသည်ကို မသိရဘဲ၊ ခရစ်ယာန်အများစုနေထိုင်သည့် ခဝဲရွာတွင် AA မှ ပြုလုပ်သော သင်္ကြန်ပွဲသို့ ရေကစားသူနည်းပါးခြင်းကြောင့် ၎င်းအားအညိုးဖြင့် ထိုးနှက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆရာ လိုဒိန်းက ပြောသည်။
ဆရာ လိုဒိန်းသည် ခဝဲကျေးရွာအနီးရှိ စပ်ချောင်းရွာတွင် နှစ်ခြင်းခံမည့်လူငယ်များ ကယ်တင်ခြင်းသင်တန်းပြုလုပ်ရန်ရှိသောကြောင့် အာရက္ခအစိုးရ၏ နယ်မြေမှုးနှင့် ဒုနယ်မြေမှုးထံ ခွင့်ပြုေပးရန် ကြိုတင် တောင်းခံခဲ့သည်။
ထို့နောက် ၎င်းတို့၏ ခွင့်ပြုချက်ဖြင့် ဧပြီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကယ်တင်ခြင်းသင်တန်း ပြုလုပ်ပြီးနောက် ဧပြီ ၁၇ ရက်နေ့တွင် ရိုက်နှိက်ခံရခြင်းဖြစ်သည်။
ထို့ကြောင့် ထိုကာလတွင် AA ပြုလုပ်သော သက်ြန်ပွဲသို့ သွားရောက်ပျော်ပါးသူ နည်းပါးခဲ့သည်ဟုလည်း သိရသည်။
သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းသည် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်(MBC) ၏ အသိမှတ်ပြု အမှုတော်ဆောင် တစ်ဦးဖြစ်ပြီး ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင် ၈ နှစ်ကြာ သာသနာပြုနေထိုင်သူဖြစ်သည်။