အစိုးရရုံးအဆောက်အဦးနှင့် နေအိမ်များ ပျက်စီး
(006SV)
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ပေါ်ကို ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီသည် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်သွားပြီး အစိုးရရုံးအဆောက်အဦးနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
ဧပြီလ ၂ရက် နေ့လည် ၁ နာရီခွဲခန့်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် မင်းတပ်မြို့ပေါ် တနေရာကို ပေါင် ၅၀၀ ဗုံး၊ ၂ လုံးဖြင့် ၂ ကြိမ် ဝဲပျံပြီး တိုက်ခိုက်သွားသည်ဟု မင်းတပ်ဒေသခံနှင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
“မြို့ထဲကို ကြဲတာပါပဲ။ ၂ ကြိမ် ကြဲပါတယ်။ နေအိမ်ပျက်စီးတာတွေ ရှိပါတယ်၊ အဆောက်အဦတွေ ထိပါတယ်။ အရပ်သား ပြည်သူတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။
မင်းတပ်မြို့ပေါ်လေကြောင်းတိုက်ခိုက်မှုတွင် အဆောက်အဦး ၅ လုံးခန့် အကြီးအကျယ် ပျက်စီးသွားပြီး တခြားအဆောက်အဦး ၅ ခုမှာ အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
ဧပြီလ ၁ ရက်ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ပျက်စီးခဲ့ သည်ဟု သိရသည်။
ယနေ့ ဧပြီလ ၂ ရက်မှာလည်း ကန်ပက်လက်မြို့ပေါ်ကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ကန်ပက်လက်ဒေသခံများက ပြောသည်။
စစ်ကောင်စီသည် ကန်ပက်လက်မြို့ပေါ်ကို ယနေ့ နေ့လည် ၁ နာရီ မိနစ် ၂၀ တွင် တစ်ကြိမ်၊ နေ့လည် ၂ နာရီခန့်တွင် တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကန်ပက်လက်မြို့ပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ကျေးလက် ဒေသရုံးတို့ မီးလောင်ပျက်စီးသွားကြောင်း၊ ပညာရေးမှူးရုံးအနီးက နေအိမ်တလုံးလည်း လုံးဝပျက်စီးသွားကြောင်း သိရသည်။
“ပြည်သူတွေကတော့ ဘေးကင်းတယ် ပြောရမယ်။ အားလုံးက အသံကြားတာနဲ့ ပြေးခင်ကြတယ်။ ထွေအုပ်ရုံးရယ်၊ ကျေးလက် ရုံးရယ်၊ လူနေအိမ် တလုံးရယ် ထိသွားတယ်။ ရုံးတွေကို Target (ဦးတည်ချက်) ထားပုံရတယ်” ဟု ကန်ပက်လက်ဒေသခံတဦးက ပြောသည်။
မြို့ပေါ်နေ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် ချင်းတော်လှန်ရေး အင်အားစုများက အသိပေး နှိုးဆော်ထားသည်။
မတ်လ ၂၈ ရက်မှာ ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိသည့် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတဝန်းထိခိုက်သေဆုံး မှုများ၊ ပျက်စီးဆုံးရှုံးမှုများ ပမာဏ များပြားနေချိန်တွင် ငလျင်ဘေးအန္တရာယ်အရေးပေါ် ကာလအတွင်း စစ်ကောင်စီအနေဖြင့် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ချက်ချင်းရပ်တန်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က တောင်းဆိုထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။
ငလျင်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက ယာယီအပစ်ရပ်ရန် ထုတ်ပြန်ချက်များ ထုတ်၍ ကမ်းလှမ်းထားသော်လည်း စစ်ကောင်စီက ဆက်လက်တိုက်ခိုက်မည်၊ လိုအပ်သော ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်းက ပြောကြားထားသည်။