(006SV)
ချင်းပြည်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် မင်းတပ် – ကျောက်ထုကားလမ်းမပေါ်တွင် ကာကွယ်ရေးနှင့် လုံခြုံရေး အစီအမံများကို ဆောင်ရွက်နေပြီး ပြည်သူများ သတ်မှတ်အချိန်ကာလအတွင်းမှာသာ သွားလာကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတိပေးထုတ်ပြန်သည်။
“ညကြီးအချိန်မတော် သွားလာတဲ့ လူတွေက ရန်သူလား၊ မိတ်ဆွေလား၊ မသမာတဲ့ သူလား မသေချာတဲ့အတွက်ကြောင့် ကိုယ့်ပြည်သူတွေကို ပြန်ပြီးမှ သတိပေးတဲ့ သဘောမျိုးပါ။ အခုနောက်ပိုင်းက လွတ်လွတ်လပ်လပ်သွားလို့ ရတယ်ဆိုပြီးမှ ဒီ့အတိုင်း သွားကြတာ ဖြစ်လာတော့ CDF ဂိတ်ပြီးရင် မြို့အဝင်မှာ စကစ ဂိတ်ရှိတာကို၊ စကစဂိတ်ကိုရော ဒီလိုမျိုး အချိန်မရွေးသွားလာတဲ့ လူဆိုရင် စကစ လူတွေလည်း ဖြစ်နိုင်တယ်။ ကိုယ့်ပြည်သူတွေကိုလည်း အထင်မမှားရအောင် ထုတ်ပြန်လိုက်တာပါ” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။
အရပ်သားပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ကျောက်ထု- မင်းတပ်လမ်းပိုင်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လူ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စသည့်တို့၏ အဝင်/ အထွက်များကို စစ်ဆေးနေသည်ဟု CDF မင်းတပ်က အောက်တို့ဘာ ၂၈ ရက်က ထုတ်ပြန်သည်။
တချို့ပြည်သူများသည် သတ်မှတ်သောအချိန်ထက် ကျော်လွန်၍ ဖြတ်သန်းသွားလာနေကြသောကြောင့် သတ်မှတ်အချိန်နာရီ များကို လိုက်နာကြရန်နှင့် သတ်မှတ်ချိန်ထက် ကျော်လွန်၍ ဖြတ်သန်းသွားလာသူများကို လုံးဝ တာဝန်ယူမည် မဟုတ်ကြောင်း CDF မင်းတပ်က သတိပေးထားသည်။
စစ်ကောင်စီတပ်က ညဘက်တွင် လိုင်းကား၊ အိမ်စီးကား၊ ဆိုင်ကယ်များဖြင့် အင်အားဖြည့်တင်းမှုများ ရှိတတ်သောကြောင့် ယခုကဲ့သို တင်းကြပ်လိုက်သည်ဟု ထင်ကြောင်း မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။