(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF – မတူပီ တပ်ဖွဲ့အချင်းချင်းကြား ပြန်လည်သင့်မြတ်မှု ရရှိရေး အတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပြုလုပ်နိုင်ရန် ဆောင်ရွက်မည်ဟု မတူချင်း ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ အဖွဲ့ထံမှ သိရသည်။
မတူပီမြို့ ချင်းကာကွယ်ရေးအင်အားစုများကြား ပဋိပက္ခအတွက် သင့်မြတ်မှု ရရှိရန်နှင့် နယ်ခြားရောက် မတူလူထု အမြန်ဆုံး နေရပ်ပြန်နိုင်ရန် မီဇိုရမ်ရောက် မတူချင်း ဓမ္မအမှုတော်ဆောင်များ မိတ်သဟာသ၏ ငြိမ်းချမ်းရေး ကော်မတီက ဆောင်ရွက်နေ ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ကော်မတီက နိုဝင်ဘာလ ၂၈ ရက်ထုတ်ပြန်သည်။
CDF- မတူပီ၏ တပ်မဟာ – ၁ ၊ တပ်မဟာ – ၂ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးမည့် ငြိမ်းချမ်းရေးကော်မတီမှ ဓမ္မအမှုတော်ဆောင်ဆရာတော်များ စသဖြင့် သုံးပွင့်ဆိုင် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
CDF-မတူပီ တပ်မဟာ – ၂ ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းကလည်း ငြိမ်းချမ်းရေးကော်မတီက ဆောင်ရွက်နေမှုများ သည် ဟုတ်မှန်ကြောင်း အတည်ပြုသည်။
“ကျနော်တိုက သဘောထား ရယူပြီးရင်တော့ အမြန်ဆုံး ကျနော်တို့ အချင်းချင်း တွေ့ဆုံပြီးမှ ဆွေးနွေးအဖြေရှာတာက အကောင်း ဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် ဦးဆောင်တဲ့ အဖွဲ့တွေက ဘယ်အချိန်မှာ တွေ့မယ်၊ ဘယ်လို လုပ်မယ်ဆိုတာက သူတို့အပေါ်မှာ မူတည်တယ်။ ပါစတာတွေရဲ့ အစီအစဉ်အတိုင်း ဖြစ်လိမ့်မယ်။ သဘောထားကို စုစည်းတဲ့ဟာကို ကျနော်တို့ ဘယ်လိုသဘောတူညီမှု လုပ်နိုင်မလဲဆိုတာဟာတွေ ဆက်လက်ဆောင်ရွက်ဖို့ရှိတယ်” ဟု CDF မတူပီ၊ တပ်မဟာ ၂ မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်းကိန်းက ပြောသည်။
ငြိမ်းချမ်းရေးကော်မတီက ဆရာတော်များသည် တပ်မဟာ ၁ နှင့် တပ်မဟာ ၂ ထံသို့ တဖက်ကို ၂ ကြိမ်စီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်ဟု ယင်းကော်တီက ထုတ်ပြန်သည်။
နှစ်ဖက်အဖွဲ့ကို တွေ့ဆုံရာတွင် တူညီသော သဘောထား ၅ ချက်ကိုတွေ့ရှိရသည်ဟု ငြိမ်းချမ်းရေးကော်မတီ က ဆိုသည်။
နံပါတ် (၁) မှာ သင့်မြတ်ရေး၊ ငြိမ်းရေးကို လိုလားကြသည်၊ (၂) မှာ မတူပီအရေးကို မတူပီသူ/သားလူထုကသာ ဆုံးဖြတ် ပိုင်ခွင့်ရှိရမည်၊ (၃) အပစ်အခတ်ရပ်စဲရန်၊ ယုံကြည်မှု တည်ဆောင်ရန် လိုလားကြသည်၊ (၄) နယ်မြေဒေသ ခွဲခြားမှု မရှိဘဲ One Army၊ One Budget နှင့် One Command ဖြင့် မူလအတိုင်း ဖွဲ့စည်ရန် လိုလားသည်ဟု သိရသည်။
နောက်ဆုံးအချက်မှာ အထူးသဖြင့် ပြည်သူများက ဆိုရှယ်မီဒီယာတွင် သတင်းတု၊ သတင်းမှားများ မလွှင့်ရန်၊ တဖက်နှင့် တဖက်တိုက်ခိုက်ခြင်း၊ စိတ်ဓါတ်ပြိုကွဲအောင် သွေးခွဲပြောဆိုခြင်းများကို ရပ်တန့်စေရန် လိုလားကြောင်း၊ တပ်မဟာ ၁ နှင့် ၂ တို့က မထုတ်ပြန်သော သတင်းသည် သတင်းတုသာဖြစ်သည်ဟု ငြိမ်းချမ်းရေးကော်မတီထံမှ သိရသည်။
ယင်းအချက်များသည် နှစ်ဖက်အဖွဲ့၏ တူညီသော သဘောထာများဖြစ်ပြီး သဘောတူညီချက် အဆင့်မဟုတ် သေးကြောင်း ဆလိုင်းနိုင်ဂျွန်းကိန်းက ရှင်းပြသည်။
“အဲဒါက သဘောထားတွေပဲ ရှိသေးတယ်။ သဘောတူတာတွေတော့ ဘာမှ မရှိကြသေးဘူး။ နှစ်ဖက်ရဲ့ သဘောထားကို ရယူပြီးမှ တိုက်ဆိုင်တဲ့ အချက်ကို သူတို့က ရေးသားတာလို့ပဲ မြင်တယ်။ နှစ်ဖွဲ့က ဒါကို သဘောတူတယ် ဆိုတာတော့ မရှိသေးပါဘူး” ဟု ဆလိုင်းနိုင်ဂျွန်းကိန်းက ပြောသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ရောက် မတူပီမြို့နယ်မှ စစ်ဘေးရှောင်လူထု ၁၀၀၀၀ ကျော်နှင့် ဓမ္မအမှုတော်ဆောင် ဆရာတော် ၆၀ ကျော်ကို ကိုယ်စားပြု၍ ဓမ္မအမှုတော်ဆောင် ဆရာတော် ၉ ပါးဖြင့် ငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်းထားသည်ဟု သိရသည်။
ယင်းငြိမ်းချမ်းရေးကော်မတီက လူထုနှင့် ဓမ္မအမှုတော်ဆောင်တို့ကို ကိုယ်စားပြု၍ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့ သင့်မြတ်မှု ရရှိနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။
မတူပီချင်းအင်အားစုများကြား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်နေသော ငြိမ်းချမ်းရေးကော်မတီကို ပြည်သူလူထုအပါအဝင် နိုင်ငံတကာနှင့်ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများက ဘဏ္ဍာငွေအပါအဝင် လိုအပ်မှုများကို ဝိုင်းဝန်းကူညီပေးကြရန် ချင်းအင်အားစုတချို့က မေတ္တာရပ်ခံကြသည်။
CDF – မတူပီ၊ တပ်မဟာ – ၂ သည် စစ်ရေးနှင့် နိုင်ငံရေးကို ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်သည်ဟု သိရသည်။
CDF – မတူပီ၊ တပ်မဟာ – ၁ သည် နိုင်ငံရေးတွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ပူးပေါင်းပြီး စစ်ရေးတွင် ချင်းညီနောင်အဖွဲ့၊ ULA/ AA တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
CDF – မတူပီ၊ တပ်မဟာ – ၁၊ ချင်းညီနောင်နှင့် ULA/AA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သည် မတူပီမြို့ကို ဇွန်လကုန်ပိုင်းကတည်းက အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားများ ဖော်ဆောင်၍ လည်ပတ်နေကြာင်း သိရသည်။