(005MK)
မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများ ကူညီထောက်ပံ့ရန်အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာရောက်ရှိနေ ကြသော မြန်မာအရပ်ဖက်အဖွဲ့အစည်းများက အလှူငွေများစတင်ကောက်ခံနေကြောင်းသိရသည်။
မီဇိုရမ်ပြည်နယ်က မြန်မာ့လူမှုရေးအသင်း နှင့် Youth for Myanmar အဖွဲ့တို့ဦးဆောင်မှုဖြင့် ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့မှာ အိုင်ဇောလ်မြို့က မြန်မာယက္ကန်းအလုပ်သမားများထံ အလှူငွေများကောက်ခံခဲ့ကြပြီး ရူပီးငွေ ၇ သောင်း ကျော်ရရှိခဲ့ကြောင်း မြန်မာ့လူမှုရေးအသင်းဦးဆောင်သူတစ်ဦးကပြောသည်။
“မနေ့က ကျနော်တို့ စပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ငလျင်းဘေးသင့် အလှူငွေကောက်ခံခဲ့ပါတယ်။ မြန်မာယက္ကန်း သမားအများစုနေထိုင်တဲ့ ဇောင်းသွီရပ်ကွက်မှာ ၂ ရက်ကောက်ခံတာ အိန္ဒိယငွေ ရူပီး ၇၇၈၈၀ ရရှိနေပြီဖြစ်တယ်။ လာမည့်အပတ်မှာ အိုက်ဇောလ်မြို့ထဲမှာနေတဲ့ မြန်မာယက္ကန်းသမားများထံမှာလည်း ဆက်လက်ပြီး အလှူငွေ ကောက်ခံသွားဖို့ရှိပါတယ် အားလုံးထည့်ဝင်လှူဒါန်းကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ၎င်းကပြောသည်။
ကောက်ခံရရှိသော အလှူငွေများကို မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်ဆိုးရွားစွာခံစားနေရသော ပြည်သူများထံ ပေးလှူသွားမည်ဟု မြန်မာ့လူမှုရေးအသင်း ဦးဆောင်သူကပြောသည်။
“ဘယ်နေရာကို ပေးလှူသွားမယ်ဆိုတာတော့ တိတိကျကျ ဆုံးဖြတ်ချက်တော့မရှိသေးဘူး။ စိတ်ထဲမှာတော့ စစ်ကိုင်း ဘက်ကိုတော့ ရည်ရွယ်ထားတယ်။ အကူအညီအရောက်ပေါက်နည်းတဲ့ နေရာဒေသကို စုံစမ်းပြီး ပေးလှူသွား မှာဖြစ်တယ်” ဟု သူကပြောသည်။
မြန်မာ့လူမှုရေးအသင်းသည် မီဇိုရမ်ပြည်နယ်တွင်ရောက်ရှိနေကြသော မြန်မာ နိုင်ငံသားများ၏ သာရေး၊ နာရေး ကိစ္စ များတွင် ကူညီဆောင်ရွက်ပေးရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး လွန်ခဲ့သော ၂၀၁၅ ခုနှစ်ကလည်း ကလေးမြို့ ရေးဘေးသင့် ပြည်သူများထံ အလှူငွေများ ကူညီထောက်ပံ့ခဲ့ဖူးကြောင်းသိရသည်။