(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဟာသာကျေးရွာကို စစ်ကောင်စီက ယမန်နေ့မှာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး ထိခိုက် ဒါဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။
Halta ကျေးရွာဒေသခံများသည် ကလေး-ဂန့်ဂေါကြားတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ရာမှ သောကြာနေ့က နေရပ် ပြန်လာကြပြီးနောက် ဖေဖော်ဝါလ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်မှာ ဗုံးကြဲခံရခြင်းဖြစ်သည်ဟု သိရသည်။
“ဒေသခံတွေက ကလေး-ဂန်ေဂါကြားက တိုက်ပွဲကြောင့် သူတို့ စစ်ဘေးရှောင်ကြတာ သောကြာနေ့ကမှ ပြန်လာကြတာ၊ မနေ့က ဗုံးမကြဲခင်အထိတော့ ကျွန်မတို့အိမ်နဲ့ ကောင်းကောင်း ပြောဖြစ်သေးတယ်။ သူတို့ကတောင်မှ ဘာမှမဖြစ်ဘူး ငြိမ်တယ်၊ အဆင်ပြေတယ် လို့တောင် ပြောသေးတာ။ အခုတော့ အားလုံး စစ်ဘေးရှောင်ကြမှာ၊ ဘယ်သူမှ နေရဲကြမှာ မဟုတ်တော့ဘူး။ အခု ဘယ်သူနဲ့မှ အဆက်အသွယ်လဲမရဘး” ဟု မြေပြန့်ရောက် Halta ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဗုံးကြဲခံရမှုကြောင့် ဦး တိာလ်အုပ်နှင့် ဦး ဒေါသ့်အုပ်တို့ နေအိမ်များ ပျက်ဆီးခဲ့ကြောင်း သိရပြီး၊ ဒါဏ်ရာရရှိသူများထဲတွင် ဦး ဒေါသ့်အုပ်တို့ မိသားစုဝင် ၄ ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ ထိခိုက် ဒါဏ်ရာရရှိသူများသည် အသက်အန္တရယ် မစိုးရိမ်ရကြောင်း သိရသည်။
လွန်ခဲ့သော ၂ ပါတ်ခန့်က ကလေး- ဂန်ေဂါကြား တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိုက်ပွဲရှောင်ခဲ့ကြကာ သောကြာနေ့ ကမှ နေရပ် ပြန်လာကြခြင်းဖြစ်သည်ဟု သိရသည်။
အိမ်ခြေ ၈၀ ဝန်းကျင်ရှိ Halta ကျေးရွာသည် ဟားခါး – မှန်တော ကားလမ်မကြီးပေါ်တွင် တည်ရှိပြီး ဟားခါးမှ မိုင်ပေါင်း ၇၀ ခန့် ကွာဝေးကာ ဆိုင်ကယ်ဖြင့် ၅ နာရီကြာ မောင်းနှင်ရကြောင်း သိရသည်။