ပြည်သူ့ထံမှ ပေးစာ

0

အရေးဆိုမယ်လုပ်တော့လည်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖတွေက တပ်မတော် နှင့်  ပြသာနာ မဖြစ်သင့်ကြောင်း တားနေတဲ့ကြားက ဒီစာကို ရေးလိုက်ရတာပါ၊

ကျမက ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီရွာသူပါ၊ လိုင်လင်းပီမှာ က တပ်စခန်း၊ ရဲစခန်း၊ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ဆက်သွယ်ရေး ကြေးနန်း ဆိုပြီး အစိုးရ ဌာနဆိုင်ရာတွေရှိတဲ့ နေရာပါ၊ မရာဒေသမှာ အကြီးဆုံးရွာပေါ့၊ နောက် မရာဧ၀ံဂေလိအသင်းတော် ဌာနချုပ်ထားရှိရာနေရာလည်းဖြစ်တယ်၊ အိန္ဒိယ – မြန်မာနယ်စပ်မှာပါ၊

အဲဒီထဲက တပ်စခန်းမှာ ခလရ ၁၄၀ က တာဝန်ကျပါတယ်၊ တပ်ရင်းမှူးက ဗိုလ်မှူး ရန်နောင်စိုးပေါ့၊ အဓိက ကျမ ဗိုလ်မှူး ရန်နောင်စိုးကို ပြောပေးစေချင်တယ်၊

လိုင်လင်းပီ မှ ၅ မိုင်ခန့်အကွာ အာရူရွာ အသွား ကားလမ်းဘေးမှာ လိုင်လင်းပီရွာသား တွေဟာ ဥယာဉ်ခြံ (၄) ခြံလောက် လုပ်ကြပါတယ်၊ ဆိတ်၊ မုံညင်း၊ ကော်ပီထုပ် နှင့် အခြား သီးနှံတွေ စိုက်ကြပါတယ်၊ အဲဒါကို ခြံပိုင်ရှင်တွေ မရှိတဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ တပ်ထဲက ရဲဘော်တွေဟာ ခြံထဲကက ဆိတ် နဲ့ စိုက်သီးနှံတွေကို ခိုးလေ့ရှိပါတယ်၊ အထူးသဖြင့် ယခုနှစ် ဧပြီလ ကတည်းက ပိုဆိုးလာကြတယ်၊

ကျမတို့ လိုင်လင်းပီအပါအ၀င် မရာဒေသခံတွေဟာ အစာရေစာပြတ်လပ်နေတာ အနည်းဆုံး (၆) နှစ်လောက်ရှိပြီနော်၊ အဲဒီခြံပေါက်တိရိစ္ဆာန်တွေ၊ အသီးအနှံတွေကို ရောင်းပြီး တဖက်တလမ်းက ၀င်ငွေရှာကြတဲ့ သူတွေပါ၊ အဲဒါကိုမှ မ ထောက် ပဲ အစိုးရစစ်တပ်တွေက မင်းမဲ့စရိုက်ပုံစံလုပ်နေတာကို တပ်ရင်းမှူးကိုယ်တိုင် သိမှသိရဲ့လားလို့ပြော ပေးစေချင် တယ်၊

ဗိုလ်မှူး ရန်နောင်စိုး သိထားဖို့ ပြောအုံးမယ်၊ သိတော့ သိမယ် ထင်ပါရဲ့၊ ယခုနှစ် နွေရာသီတုန်းက တသီးပုဂ္ဂလ ဘော်ဒါဆောင်နေ အမျိုးသမီးတွေကို ညတညမှာ ခိုးဝင်တဲ့ ဗိုလ်လေး တဦးကိစ္စပါ၊ ကျောင်းသူလေးတွေ လန့်ဖျတ်ပြီး ၀ရုန်းသုန်းကား ဖြစ်သွားတာ အားလုံးအသိပါ၊ အမှုတွေ ဘာတွေမလုပ်ဖို့ အုပ်ချုပ်ရေးအဖွဲ့တွေလည်း တဖက်က လာတောင်းပန်လို့သာပေါ့၊

Share.

About Author

Comments are closed.