ချင်းပြည်သူတွေအတွက် အဲန်ဂျီအို ထောက်ပံ့မှု ရပ်ဆိုင်းသွားတဲ့ တနေ့မှာ

0

ဆောင်းပါး၊ ဇလပ်ထက်နီ
၁၃ ဇွန် ၂၀၁၃ – ယခုတလော ချင်းပြည်နယ် မတူပီမြို့နယ်၊ ဇိုတုန်၊ မရာ၊ ဒေသ ကျေးရွာပေါင်း ၃၀ ခန့်မှာ ကို ဌေးဝင်း၊ ကို ဇပဲန်း ဆိုတဲ့ နာမည်က ရေပန်းစားနေလေရဲ့၊ သူတို့ဟာ ADRA ( အရှည်ကောက်တော့ မသိပါ) ဆိုတဲ့ အဲန်ဂျီအို အဖွဲ့က ဒေသခံတွေရဲ့ ဖိုခနောက်ပေါ်ထမင်းအိုးမြဲရေးအတွက် ဖြေရှင်းပေးနေတဲ့သူတွေပေါ့၊ ကို ဇာပဲန်းဆိုယင် ဆိုင်ကယ်တစီးနဲ့ တရွာဝင် တရွာ ထွက် လှုပ်ရှားနေရတယ်၊ သူ့ အပြောအရ ကျေးရွာအုပ်စု (၇)ခုရဲ့ ၀မ်းရေးကို တာဝန်ယူ နေသူပါ၊ သူ့အထက်က ကို ဌေး ၀င်းဆိုပဲ။

“ ခုနေခါမှာ ကျတော်တို့အနေနဲ့ အရေးပါဆုံးက ကို ဇာပဲန်းပါ၊ ဘယ်သမ္မတ၊ ဘယ် ၀န်ကြီးချုပ်ကိုမှ မတမ်းတပါ” ဟု တောင်လာကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။

ဧပြီ၊ မေလ ကတည်းက မတူပီမြို့နယ် တီးဆီး- တောင်လာ၊ ရွာမန်းအကြား ၁၅ မိုင်အကြားမှာ ရွာသားတွေဟာ ပေါက်တူး၊ ပေါက်ချွန်း၊ ဓါး ကိုယ်စီ နဲ့ ကျားမ လူကြီးမရွေး ကိုယ်ထူကိုယ်ထ လမ်းတူးနေကြတယ်၊ စနေ – တနင်္ဂနွေ တပတ် တကြိမ် ရွာပြန်စနစ်ပေါ့၊ လမ်းဘေး ရေရရှိတဲ့ နေရာမှာ တဲကိုယ်စီထိုးပြီး ၀မ်းရေးအတွက် ရုန်းကန်နေကြရတယ်၊

ADRA သည် ၀မ်းရေးအတွက် ဒုက္ခကြုံနေသည့် ဒေသခံပြည်သူတွေကို ဆန်တွေ ထောက်ပံ့နေတဲ့အဖွဲ့ဖြစ်ပါသည်။ သို့သော် မော်တော်ကားဖြင့် ဆန်အိတ်များ ကျေးလက်ဒေသအထိ ပို့ပေးနိုင်ရေးအတွက် ကားလမ်း သို့မဟုတ် ဆိုင် ကယ်လမ်းက အဓိက လိုအပ်ချက်ဖြစ်လာတဲ့ အခါ ဒေသခံတွေဟာ တရွာနဲ့ တရွာ အကြား မော်တော်ကားလမ်းကို ကိုယ် ထူကိုယ်ထဖြင့် နေ့မအား ညမအား အားသွန်ခွန်စိုက် ဖောက်လုပ်နေကြတာပါ၊

“ ကားလမ်းဖောက်လုပ်သူ တဦးအတွက် တနေ့ ဆန်း သုံးဗူး နှုန်းနဲ့ မျှဖို့ဆိုပြီး ကားလမ်းကို ဖောက်ခိုင်းတာပါ၊ အိမ် ထောင်စု အနေနဲ့ မတွက်ဘူး၊ ဒါမှ မိုးမကျခင်ကားလမ်းက ပြီးနိုင်မှာ ဗျ” ဟု ကားလမ်းဖောက်လုပ်ရေးကော်မီတီ ဥက္ကဌ ပူး ယောဟန်က ဆက်ပြောသည်။

တီးဆီးရွာနဲ့ တောင်လာရွာ ( တီးဆီးကျေးရွာအုပ်စု) အတွက် ADRA ကနေ တနှစ်အတွက် ဆန်အိတ်ပေါင်း ၆၀၀ ကို ထောက်ပံ့မှာဖြစ်သော်လည်း ကားလမ်းသာ မပြီးနိုင်ပါက တီးဆီးရွာကနေ ခြေကျင် နှစ်ရက်ခရီးသွားရမည့် ရေဇွာမြို့သို့ ဆန်အိတ်ကို သယ်ရမှာဖြစ်သဖြင့် ဒေသခံများသည် ယခုကဲ့သို့ ကားလမ်းကို ဖောက်လုပ်နေရခြင်းဖြစ်သည်။

“ အစိုးရကို အားကိုးဖို့ဆိုတာက အိပ်မက်လိုပါပဲ၊ ကိုယ်ထူကိုယ်ထလုပ်မှပဲ မိသားစု တ၀မ်းတခါးအတွက် ဖြည့်ဆည်းပေး နိုင်တော့မှာပေါ့ ” ဟု မိဘတဦးက ပြောသည်။

မေလ ဒုတိယပတ်အတွင်း အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့် မိုးလေ၀သသတင်းသည် ချင်းပြည်သူအားလုံးကို အင်မ တန်တုန်လှုပ်စေခဲ့သည်။ ၀မ်းရေးထက် အသက်ရှင်ရေးက ပိုမိုအရေးပါလာပြန်ရော့၊ ရွာသားတွေဟာ မိုးသက် လေ ပြင်းလာယင် ခိုလှုံဖို့ဆိုပြီး မြေကျင်းတွေတူးနေကြရသည်။

ဆန်ရရှိရေးအတွက် ရွာသားတွေဟာ တောထဲမှာ ကားလမ်းတူးနေတာရပေမဲ့ အသက်ဘေးက လွတ်မြောက်ရေးအတွက် ကားလမ်းအလုပ်ကို ခေတ္တ ရပ်ဆိုင်းထားကြသည်။ မတတ်နိုင်ဘူးလေ။ ဘယ်မိဘာကမှ သားသမီးကို မိဘမဲ့ အဖြစ်ခံ ချင်ကြမလဲ။

“ ကျတော်တို့က မုန်တိုင်းကို ကြောက်တော့ တပတ်လုံးလုံး ကားလမ်းမတူနိုင်တော့ဘူးပေါ့၊ လုပ်ခ ဆန် ၁၈ ဗူးစီ ရှူံးကြပြီ၊ ဆန်ရှူံးတာက ထားအုံး၊ ဆန်ကား မလာနိုင်မှာက ပို စိုးရိမ်ရတယ်” ဟု သင်းထောက်ဆရာ တဦးက ပြော ပြန်သည်။

မေလ ၁၆ ရက်နေ့က တောင်လာရွာမှာ ကျတော်ခရီးတထောက်နားတယ်၊ အဲဒီမှာ တောင်လာရွာအနောက်ဖက် ဆီက မိုးရွာလာနေတာအားလုံးက လှမ်းမြင်နေကြတယ်၊ မိုးမလာခင် မိုးအကြိုလေက တိုက်လာတော့ တရွာလုံး လန့်ဖျတ်ပြီး ရွာဆော်က “ ရွာသားတွေ ကိုယ့်ဆွေမျိုး ကိုယ်စီ စုပြီး ကိုယ့်ကျင်းထဲ ကိုယ်ပုန်းနေကြ၊ မနာခံယင် ကိုယ့်အပြစ်ကိုယ်ပဲ ” တတိယကမ္ဘာစစ်များဖြစ်နေပြီလား၊ ဗွေဆော်နေပြီ။ ကံကောင်းလို့ပဲဆိုရမလား လေက ငြိမ်သွားတယ်။

ကံဆိုးချင်တော့ မိုးမရွာခင် တူးထားတဲ့ ကားလမ်းတွေက ဟိုနေရာ ဒီနေရာ မိုးရေတိုက်စားလို့ ပြိုနေပြန်သည်။ ကား လမ်းကြောင့် အမြစ်မခိုင်တော့တဲ့ သစ်ပင်တွေ ကားလမ်းပေါ် လဲနေရတော့ အခါ ဒေသခံတွေဟာ ဆန်စားဖို့ အရေး မျှော် လင့်ချက်မဲ့နေကြရပြန်သည်။ ဟိုသွားလည်း ကားလမ်းကိစ္စ၊ ဒီသွားလည်း ဆန်ရရှိရေးကိစ္စ။ မိုးကျလာပြီ၊ ဘယ်လို ဆက် လုပ်ကြမလဲ စသဖြင့် – စသဖြင့်။

“ တချို့ဆိုယင် လုပ်ခ ဆန်မရခင် ချေးထားတဲ့ ဆန်ကြွေးကို မနည်းကြတော့ဘူး၊ လုပ်ခရယင် သူတို့ အတွက် ဘယ် လောက်ကျန် မလဲမသိဘူး” ဟု အုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

၂၀၀၅- ၂၀၀၆ ကတည်းက ၀ါးသုဉ်းမှု၊ ကြွက်သောင်းကျန်းမှုရဲ့ အကျိုးဆက်ဟာ ချင်းပြည်သူတွေ ၀မ်းစာအတွက် နှာတာ ရှည်ရောဂါလို ဖြစ်နေပါတော့သည်။ ဒီနှာတာရှည်ပြသနာကို ပြည်တွင်းပြည်ပမှ စေတနာရှင်များက ကုသဖြေရှင်း နေကြ ပါသော်လည်း ယနေ့အထိ အမြစ်မပြတ်နိုင်သေးပါ။

ထို့အပြင် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း Bual တောင်ကြောရှိ ဒေသခံများသည်လည်း ဆန်ရရှိရေး အတွက် ကိုယ်ထူကိုယ်ထဖြင့် ကားလမ်းများ တူးနေကြရသည်။ အဆိုပါကားလမ်းများသည် ကျွမ်းကျင်သူများက လိုင်းဆွဲသည့် လမ်း အူကြောင်းများမဟုတ်သည့်အခါ ဘယ်ချိန်ထိ ရေရှည်ခံမလဲတော့ မသိရပါ။

ချင်းပြည်သူများသည် အများအားဖြင့် ရွှေ့ပြောင်းတောင်ယာ စနစ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြရသော်လည်း ၂၀၀၆ ခုနှစ်ကတည်းက စပြီး တောင်ယာ စိုက်ပျိုးခြင်းသည် အကျိုးမဖြစ်ထွန်းတော့ချေ။ ထို့ကြောင့် ၀မ်းစာဖြေရှင်းရေး အ တွက် တခြားနည်းလမ်းမရှိတော့အခါ ရရာ အဲန်ဂျီအိုတွေကို အားကိုးနေကြရတော့သည်။ နောက်တနည်း ပြည်ပနိုင်ငံ များ သို့ အုပ်စုလိုက်ရွှေ့ပြောင်းအလုပ်လုပ်နေကြရသည်။

“ တောင်ယာလုပ်လို့ ရတဲ့ စပါးနဲ့ အခုလို ကားလမ်းတူးလို့ ရတဲ့ ဆန်ရဲ့ လုပ်အား လုပ်ခကို နှိုင်းယှဉ်ယင် ကားလမ်း တူး တာက ပို မြတ်တယ်၊ လက်ရှိအခြေအနေမှာ ယာလုပ်တဲ့သူက အသိဥာဏ် ခေါင်းပါးသူတွေလို့ ပြောလို့ရပါတယ်” ဟု ဒေ သခံတဦးက ပြောသည်။

သို့သော် ချင်းပြည်နယ်မှာ အလုပ်လုပ်နေတဲ့ ပြည်တွင်းပြည်ပအဲန်ဂျီအိုတွေဟာ ဘယ်ချိန်ဘယ်ကာလအထိ ရေရှည်ခံမလဲ ဆိုတာက ဒေသခံတွေအတွက် မေးခွန်းမထုတ်ရဲစရာဖြစ်နေသည်။ ဒီအဲန်ဂျီအိုတွေသာ မရှိတော့ယင် ဘယ်သူ့ကို အားကိုး ရတော့မလဲပေါ့။ ဒီကားလမ်းတွေက ဘာအသုံးဝင်တော့မှာလဲ၊ ပြောဆိုဝေဖန်သူတွေကလည်း ရှိနေပြန်ရော။

အစိုးရဆိုတာလည်း အားမကိုးရ၊ အဲန်ဂျီအိုဆိုတာလည်း အာမခံချက်မရှိ၊ တောင်ယာစနစ်လည်းမဖြစ်ထွန်း၊ ချင်းပြည် သူ တွေရဲ့ အနာဂါတ်ဟာ တတောလုံး တိမ်ဖုံးနေလို့ တလံစာတောင် ရှေ့မီး မတိုးပေါက်နိုင်တဲ့ မြွေလိမ် မြွေကောက် ကား လမ်းပေါ် တအိအိ မောင်းနေရတဲ့ လူစီးကားအတိုင်းပါ။

Share.

About Author

Comments are closed.