မြွေတောင်၊ ဖားတောင် အရေး နှင့် ချင်းပြည်သူ၏ အနာဂါတ်

0

ဆလိုင်းရောဘတ်   –  သမ္မတ သိန်းစိန် ဦးဆောင် တဲ့ မြန်မာအစိုးရ နှင့်  တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ North Mining Investment Company တို့ ချင်းပြည်နယ် အထက်ပိုင်း တီးတိန်မြို့နယ်အတွင်း မြွေတောင်၊ ဖားတောင်မှာ ထွက်ရှိတဲ့ နီကယ် ၊ သံရောရာသတ္တုတွေ တူးဖော် ထုတ်လုပ်ဖို့ သဘောတူညီထားချက်အရ မကြာခင်မှာဘဲ ကုမ္ပဏီဘက်က သတ္တုတူးဖော်ရေး လုပ်ငန်း တွေ စတင် ဖွယ်ရှိနေပါတယ်။

ဒီမြွေတောင်၊ ဖားတောင် နီကယ် စီမံကိန်းဟာ ယခင် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ခန့်ကတည်းက တရုတ်ပိုင် ကင်ဘို ကုမ္ပဏီ က စမ်းသပ်တူးဖော်ခဲ့ဘူးပေမဲ့ ပြန်လည်ရပ်ဆိုင်းခဲ့ပါတယ်၊ ယခု  Zijin Mining Group  နဲ့ Wanbao Mining ကုမ္ပဏီတို့ ပူးပေါင်းပြီး North Mining Investment Company ဆိုတဲ့အမည်နာမ နဲ့ ဒီစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဖို့ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လတုန်းက သဘောတူညီခဲ့ကြတာပါ။ Wanbao ကုမ္ပဏီဟာ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းကို တူးဖော်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းလင်းမှုမရှိတာက စီမံကိန်းကာလဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကဖြစ်ဖြစ်၊ အစိုးရ ဘက်ကဖြစ်ဖြစ် လူထုထံ ပွင့်ပွင့် လင်းလင်း ချပြတာမရှိခဲ့ပါ၊ နှစ်ပေါင်း ၃၀ သို့မဟုတ် နှစ်ပေါင်း ၄၀  အတွက် စာချုပ်ချုပ်ထားတယ်လို့ တိကျသေ ချာမှု မရှိတဲ့ ပြောဆိုသံတွေကလည်း ကြားနေရတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီဆိုတဲ့ မြန်မာအစိုးရအနေနဲ့ ခုချိန်မှာ ယခင် စစ်အာဏာရှင် စနစ် လို သတင်းအမှောင်မချသင့်တော့ပါ။ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထု တွေ သိသင့်သိထိုက်တဲ့ အချက် အလက် တွေကို အချိန်မှီပွင့်ပွင့်လင်းလင်း ချပြရမှာဖြစ်တယ်။

Zijin ကုမ္ပဏီရဲ့ ၀က်ဆိုက်မှာ ဖော်ပြထားချက်အရ ချင်းပြည်နယ်အတွင်းမှာတည်ရှိတဲ့ မြွေတောင်၊ ဖားတောင် နီကယ် သတ္တုရိုင်းတူးဖော်ရေး စီမံကိန်းကနေ ရရှိလာမယ့် အကျိုးအမြတ်တွေကို ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး၊ မြန်မာ အစိုးရက ၂၀ ရာခိုင်နှုန်းရရှိမှာဖြစ်ပါတယ်။ စီမံကိန်းတည်ရာ နယ်မြေကို ပိုင်ဆိုင်ထားတဲ့  ချင်းပြည်နယ်အနေနဲ့ ဘယ်လောက်ရရှိခံစားမယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် ကုမ္ပဏီက ဒီစီမံကိန်း ကနေ သူရရှိမယ့် အကျိုးအမြတ်ကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ သိန်း စီမံကိန်းကာလအတွင်း နှစ်စဉ်ထောက်ပံ့ပေးမယ်လို့ သိရ ပါတယ်။

စီမံကိန်းအမှန်တကယ် အကောင်အထည်ဖော်ဆောင်လာပြီဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုအားလုံးကို ရင်ဆိုင်ရမှာက ချင်းပြည်သူတွေ နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ထဲက ဒေသခံတွေဖြစ်ပါတယ်။ ဒီစီမံကိန်းက နေ ပြည်သူတွေရရှိမယ့် အကျိုးအမြတ်က ဆင်ပါးစပ်ထဲ နမ်းစေ့ပက်တာလောက်ပဲရှိမှာဖြစ်တယ်၊ သို့သော် ရင်ဆိုင်ကြုံ တွေ့ရမယ့် ပြသနာဆိုးကျိုးတွေကတော့ မတွေးဝံ့စရာပါ။

ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ချင်းပြည်နယ်အစိုးရ ၀န်ကြီးတချို့ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်း က မြွေတောင်၊ ဖားတောင် ခြေရင်းမှာရှိတဲ့ ဒေသခံရွာသားတွေကို သွားရောက်တွေ့ဆုံပြီး စီမံကိန်းနဲ့ပတ်သက်၍  ရှင်းလင်းမှုပြုလုပ်ခဲ့ကြပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က ပြုစုထားတဲ့ စာတမ်းငယ်တခုကိုလည်း ဒေသခံရွာသားတွေထံ ဖြန့်ဝေပြီး ဒေသခံ တွေရဲ့ သဘောထားတွေကို စုံစမ်းမေးမြန်းခဲ့ပါတယ်။

ကုမ္ပဏီက လူထုထံ ဖြန့်ဝေတဲ့ စာထဲမှာတော့ စီမံကိန်းမှ ရရှိလာမည့် အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး အချက် (၇) ချက်ကို ခုလိုဖော်ပြထားပါတယ်။

(၁) NMIC သည် မြွေတောင်နီကယ်သတ္တုတူးဖော်ထုတ်လုပ်ဆောင်ရွက်ခွင့်ရရှိခဲ့ပါက မိမိ အတွက် အချိုးကျရရှိသော အမြတ်ငွေမှနှစ်စဉ် အနည်းဆုံး ဒေါ်လာ ငါးသိန်း(၅၀၀၀၀၀) ကို ချင်းပြည်နယ် အစိုးရ အဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ချင်းပြည်နယ် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး နဲ့ ပညာရေး တိုးတက်ဖွံ့ဖြိုး ရေးအ တွက် သုံးစွဲပံ့ပိုးကူညီသွားမည်။

(၂) ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် စီမံကိန်းပါအဆောက်အဦးများ တည်ဆောက်စဉ်တွင်လည်းကောင်း၊ စီမံကိန်းပြီးဆုံးသည့်အခါ စီမံကိန်းတွင်လည်းကောင်း၊ စီမံကိန်းအတွက်လိုအပ်သောကုန်ကြမ်းများဖြစ်သည့် ကျောက်မီး သွေးနှင့် ထုံးကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ အလုပ်အကိုင်များရရှိမည်။

(၃) သတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်နေစဉ် ဒုတိယနှစ်မှစ တူးဖော်ခဲ့သည့်နေရာများတွင် ပြည်တွင်း ပြည်ပ ဈေးကွက်ဝင် စားသုံးသီးနှံပင်များ၊ စိုက်ပျိုးနိုင်ရန် မြေသားပြုပြင်ပေးခြင်း၊ နည်းပညာဖြည့်ဆည်းပေးခြင်း၊ စိုက်ပျိုးသူများ အား စိုက်ပျိုးနေစဉ်လစာပေးခြင်း၊ ဖြစ်ထွန်းလာသော စားသုံးသီးနှံပင်များရောင်းချနိုင်ရန် ဈေးကွက်ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် နဂိုမူလမြေလွတ်မြေရိုင်းများတွင် လှပသာယာသော စိုက်ပျိုးခင်း များဖြစ်ပေါ်လာ ပြီးဒေသခံ၊ တောင်ယာလုပ်ငန်းဆောရွက်သူများ၏ ၀င်ငွေတိုးတက်ရရှိလာမည်။

(၄) စီမံကိန်းနှင့်ဆက်နွယ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းများ၊ စားသောက်ဆိုင် လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းရောင်းချရေးလုပ်ငန်းများ၊ ထုံးကျောက်၊ ကျောက်မီးသွေး တူးဖော်ရောင်းချရေးလုပ်ငန်း များ တိုးတက်ဖွံ့ဖြိုးလာမည်။

(၅) စီမံကိန်းအတွက် လိုအပ်သော လျှပ်စစ်ဓါတ်အား ပမာဏထက်ပိုမို လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တည် ဆောက်ထားပါသည်။ ပိုလျှံသော လျှပ်စစ်ဓါတ်အားကို စီမံကိန်း ဧရိယာမှ (၅) ကီလိုမီတာအတွင်းရှိ ကျေးရွာများ သို့ (၁) နှစ်အခမဲ့ဖြန့်ဖြူးပေးမည်ဖြစ်ပြီး၊ နောင်နှစ်များတွင် ပြည်နယ် နှင့် တိုင်းအစိုးရများ၏ သတ်မှတ်နှုန်းထားဖြင့် ဖြန့် ဖြူးပေး မည်။

(၆) စီမံကိန်းပြီးဆုံးသွားပါက လျှပ်စစ်ဓါတ်အားပေး စက်ရုံအပါအ၀င် တည်ရှိပြီး အခြေခံအဆောက်အဦးများကို အခြား သော စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ပြောင်းလဲသုံးစွဲသွားနိုင်မည်။

(၇) နိုင်ငံတော်မှ နီကယ်သတ္တုထုတ်လုပ်မှုအပေါ်အချိုးကျအကျိုးအမြတ်ရရှိမည်ဖြစ်သည်လို့ ဖော်ပြထားပါတယ်။

ဒိမ်ဇန်ကျေးရွာဟာ မြွေတောင်၊ ဖားတောင် ခြေရင်းတည့်တည့်မှာ တည်ရှိခဲ့ပါတယ်။ ဒီကျေးရွာကို ၁၉၆၀ ခုနှစ်က စတင် တည်ထားကြတာဖြစ်ပြီး ခုလက်ရှိမှာ အိမ်ခြေ ၁၇၀၊ လူဦးရေ ၈၀၀ ၀န်းကျင်လောက်ရှိပါတယ်။ ဒေသခံရွာသားတွေ ပိုင်ဆိုင် ထားတဲ့ လယ်ယာမြေဧက ၁၀၀ ကျော်ဟာ မြွေတောင်၊ ဖားတောင် ခြေရင်းမှာတည်ရှိပါတယ်။

ဒိမ်ဇန်ကျေးရွာ စတင်တည်ထောင်ချိန်မှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဦး ဒေါင်လျန်ကပ်ကတော့ တရုတ်တွေ တူးဖော်မယ်ဆိုတဲ့ ဒီမြွေတောင်၊ ဖားတောင် နီကယ် သတ္တု တူးဖော်ရေး စီမံကိန်းအပေါ်  အခုလိုမြင်ပါတယ်။

“ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ နဲ့ ချင်းပြည်နယ်အစိုးရဘက်က ၀န်ကြီးတွေ ကျနော်တို့ရွာကိုလာတုန်း ပြော သွားကြတာကတော့ ခေတ်မှီ နည်းပညာတွေသုံးပြီး တူးဖော်မယ်ပေါ့လေ၊ ဘာမှလည်း မပျက်စီး စေရဘူး၊ မထိခိုက် စေရဘူးတဲ့၊ ကျနော်ကတော့  နည်းနည်းမှအယုံအကြည်မရှိဘူး၊ ဒီတောင်ကြီးကို တကယ်ဖြိုလာပြီဟေ့ ဆိုရင် ရာသီဥတု ကတော့ပြောင်းမှာဘဲ ၊ မိုးရေချိန်လျော့လာမယ်၊ အဲဒီခါကျ ကျနော် တို့ စားဝတ်နေရေး အခက်အခဲရှိလာမယ်၊ အဲဒီချိန် ကျရင် တရားခံ ဘယ်သူလဲဆိုတာဖော်ပေးနိုင်မလားဆိုပြီး ၀န်ကြီး တွေကို ကျနော်မေးပါတယ်၊ ကုမ္ပဏီဘက် ကတော့ နည်းနည်းမှ မိုးရေချိန်မလျော့နိုင်ဘူးတဲ့၊ ဒီတောင်က ဟိုး အင်္ဂလိပ်ခေတ်တုန်းက မိုးကြိုးဝိုင်းလို့ သတ်မှတ်ထား တာ၊ ဒီတောင်ကို အကုန်လုံးတူးဖော်ပြီးမှ မိုးရေချိန်မလျော့ဘူး ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ကုမ္ပဏီကို နည်းနည်းမှ အယုံကြည်မရှိဘူး’’ လို့ ပြောပြပါတယ်။

ဒိမ်ဇန်ကျေးရွာအပြင် မြွေတောင်၊ ဖားတောင် ခြေရင်းမှာ  ကျောက်ချက်၊ စံတိုက်၊ သတ်လမ်၊ မြစိမ်း၊ မြလင်း၊ ရှူခင်းသာ၊ အောင်ရွာ၊ မင်းလှ၊ ပျဉ်းတောဦး၊ လက်ပံချောင်း စတဲ့ကျေးရွာတွေရှိပါတယ်။ အဲဒီကျေးရွာက ဒေသခံတွေဟာ လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြရတာဖြစ်ပြီး သူတို့ရဲ့ လယ်ယာမြေအများစုဟာ မြွေတောင်၊ ဖားတောင် ခြေရင်း တ၀ိုက် မှာ တည်ရှိကြတာပါ။

ရွာသားတွေဟာ လယ်ယာလုပ်ငန်းတွေနဲ့ သူတို့ရဲ့နေ့စဉ်စားဝတ်နေရေးကို ရှေးနှစ်ပေါင်းများစွာကတည်းက ဖြေရှင်း လာခဲ့ကြတာဖြစ်ပြီး၊ ဒီမြွေတောင်၊ ဖားတောင်ကို တူးဖော်မှ ထမင်းစားရမှာမဟုတ်ဘူးလို့ ဦး ဒေါင်လျန်ကပ်က ဆက်ပြောပါ တယ်။

“ ဒီမြွေတောင်ကြီး တူးမှ မထင်းစားရမယ်မဟုတ်ပါဘူး၊ ရှေးတုန်းကတည်းက ကျနော်တို့ လယ်ယာလုပ်ငန်းတွေနဲ့ ထမင်း စားနေကြတာဘဲ၊ ဒီတောင်ကို တူးလိုက်တာနဲ့ တပြိုင်နက် ကျနော်တို့ ရွာရွှေ့ရမယ်၊ ဒုက္ခမျိုးစုံခံရမယ်ဆိုတာ ကျနော်တို့ ကြိုသိနေတယ်၊ ဘာပဲဖြစ်ဖြစ် ဒီစီမံကိန်းမလုပ်တာ အကောင်းဆုံးဖြစ်မယ်’’ လို့ပြောပါတယ်။

ကုမ္ပဏီဘက်ကနေ စီမံကိန်းစတင်လာပြီဆိုရင် မြွေတောင်၊ ဖားတောင်ခြေရင်းမှာရှိတဲ့ လယ်ယာတွေဟာ အချိန်မှီ ပျိုးကျဲ လို့ရမှာမဟုတ်တော့ဘဲ ရွာသားတွေ အဓိက အားထားနေရတဲ့ လယ်ယာလုပ်ငန်းတွေ ပျက်စီးသွားပြီဆိုရင် ဒေသခံ များ ငတ်ကုန်ကြမယ်လို့ သူကဆက်ပြောပါတယ်။

“ ဒီ စီမံကိန်းဟာ ဒေသဖွံ့ဖြိုးရေးမဟုတ်ဘူး၊ ဒီတောင်ကို တူးလိုက်တာနဲ့ ဒေသခံတွေ ချက်ချင်း ဒုက္ခရောက် ကုန်ကြ မယ်ဆိုတာ ကျနော်တို့ ကြိုမြင်ထားပါတယ်၊ ဘာလို့ဆိုတော့ အချိန်မှီပျိုးမကျဲနိုင်တော့ဘူး၊ လယ်မထွန် နိုင်တော့ဘူး၊ ဒီတော့ ကျနော်တို့ ဒုက္ခအကြီးအကျယ်ရောက်မယ်ဆိုတာ သေချာတယ်” လို့ ဦးဒေါင်လျန်ကပ်ကပြောပါတယ်။

NMIC ကုမ္ပဏီရဲ့ စာတမ်းမှာ ဆက်လက်ဖော်ပြထားချက်အရ မြွေတောင်၊ ဖားတောင်တွင် စီးပွားဖြစ်ထုတ်ယူနိုင်သော နီကယ် နှင့် သံရောရာသတ္တုရိုင်းသိုက် (၃) ခုရှိကြောင်း အဲဒီ သတ္တုရိုင်းသိုက် ၃ ခုမှာ ပျမ်းမျှနီကယ်ပါဝင်မှု ၁.၄ ရာခိုင်နှုန်းရှိသော သတ္တုရိုင်းစုစုပေါင်း မက်ထရစ် တန်ချိန် ၄၂၂၁၀၀၀၀ ခန့်ရှိနိုင်ပြီး သန့်စင်ပြီး နီကယ်မက်ထရစ် တန်ချိန် (၅၉၅၀၀၀) ခန့်ထုတ်ယူနိုင်ကြောင်းသိရပါတယ်

စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး NMIC ကုမ္ပဏီက အခုလို ဆိုထားပါတယ်။

(၁) သတ္တုရိုင်းတူးဖော်သယ်ယူခြင်း၊ သတ္တုသန့်စင်စက်ရုံများတွင် သတ္တုရိုင်းများကြိတ်ခွဲခြင်းကြောင့် ဆူညံသံများ၊ ဖုံမှုန့်များ၊ ဒီဇယ်မီးခိုးများ ဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင်လေထုကို ထိခိုက်ညစ်ညမ်းစေမည်ဖြစ်ပါသည်။ ရေဖျန်းပြီး သတ္တုရိုင်း တူးဖော်ခြင်း၊ ကြိတ်ခွဲစက်များတွင် ဖုန်စုပ်စက်များတပ်ဆင်ခြင်း၊ အသံထိန်း ကိရိယာများတပ်ဆင်ခြင်း၊ ထရပ်ကားများ တွင် မီးခိုးစစ်ဇကာများ တပ်ဆင်ခြင်းတို့ဖြင့် အထက်ပါထိခိုက်မှုများကို အပြည်ပြည်ဆိုင်ရာ စံညွှန်းများနှင့်အညီဖြစ်သည် အထိ လျှော့ချထိန်းသိမ်းသွားပါမည်

(၂) သတ္တုသန့်စင်စက်ရုံ မီးဖိုများ နှင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံရှိ ဘွိုင်လာများအတွက် အပူပေးရန် ကျောက်မီးသွေး လောင်စာကို အသုံးပြုသဖြင့် လေထုညစ်ညမ်းမှုဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာဖါဒိုင်အောက်ဆိုင်ဒ်အောက် ဆိုဒ်ဓါတ်ငွေ့များနှင့် ဖုန်မှုန့်များထွက်ရှိလာမည်ဖြစ်သည်။ ယင်းဓါတ်ငွေ့များကို ဖုန်နှင့်ဓါတ်ငွေ့စုတ်ကိရိယာများအသုံးပြု ခြင်း၊ အပူပေးထားသော ထုံးကျောက်မှုန့်အတွင်းဖြတ်သန်းစေခြင်း၊ ထုံးကျောက်ရည်ဖြင့် ပက်ဖြန်းခြင်းတို့ဖြင့် အပြည် အပြည်ဆိုင်ရာ စံညွန်းများနှင့်အညီဖြစ်သည်အထိ လျော့ကျအောင်ထိန်းသိမ်းဆောင်ရွက်သွားမည်

(၃) မိုးတွင်းကာလများတွင် သတ္တုတွင်းများမှ ရွှံရေများ တောင်စောင်းတစ်လျောက်စီးဆင်းပြီး၊ အနီးပတ်ဝန်းကျင်ရှိ ချောင်းများအတွင်း စီးဝင်ခြင်းဖြင့် ပတ်ဝန်းကျင်ရေထု ညစ်ညမ်းမှုဖြစ်ပေါ်နိုင်ခြင်းကို သတ္တုတွင်း ဧရိယာပြင်ပတွင် ရွှံ့ အနည်ထိုင်စေသည့် မြောင်းများ၊ ကန်များ တူးဖော်ခြင်းဖြင့် ကာကွယ်ပေးသွားမည်

(၄) စက်ရုံ၊ အလုပ်ရုံတို့မှ စွန့်ပစ်သော ရေဆိုးများ၊ လူနေအဆောက်အဦးများမှ စွန့်ပစ်သောရေဆိုးများကို ပြင်ပသို့ စွန့်ပစ်ခြင်း မပြုပဲဓါတုဇီဝနည်းများဖြင့် သန့်စင်အောင်ပြုပြင် ပြန်လည် အသုံးပြုသွားမည် ဆိုပြီး သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေးမြို့နယ်၊ ချင်းတိုးတက်ရေးပါတီ ဥက္ကဌ၊ ကလေးမြို့ ချင်းလူမှုရေးအဖွဲ့ ဥက္ကဌ ပူးဗန်ကိန်းက တော့ အခုလိုမြင်ပါတယ်။

“ ရည်းစားစာရေးတဲ့အခါမှာ စကားလုံးလှလှတွေတီထွင်ပြီးတော့ရေးကြတာဘဲ၊ အဲဒီအမျိုးသမီးလက်ခံနိုင်ဖို့အကောင်း ဆုံးဖွဲ့နွဲ့ပြီးတော့ ရေးကြတာဘဲလေ၊ အဲလိုဘဲ ကုမ္ပဏီဘက်ကလည်း သူတို့ ဒီမြွေတောင်၊ ဖားတောင် စီမံကိန်းကို တူး ဖော်ခွင့်ရဖို့အတွက် အကောင်း ဆုံးဖြစ်အောင် ပြုစုထားတဲ့ စာတမ်းလို့ပဲ ကျနော်မြင်ပါတယ်’’ လို့ ပြောပါတယ်။

ဒီစီမံကိန်းကြီးဟာ တခြားတိုင်းပြည်တွေ တူးဖော်မယ့်အစား မြန်မာနိုင်ငံသားတွေကိုယ်တိုင် တူးဖော် လာနိုင်မယ့် တနေ့ကျ မှာသာ တူးဖော်ကြရန် နဲ့  ခုလောလောဆယ်မှာ ဆိုင်းငံ့ထားတာဟာ အကောင်းဆုံးဖြစ် တယ်လို့ ဆက်ပြော ပါ တယ်။

“ လတ်တလော ဆိုင်းငံ့ပြီးတော့ ကျနော်တို့ မြန်မာပြည်သားတွေ(သို့မဟုတ်) ချင်းလူမျိုးတွေ ပညာတတ်အများကြီး ရှိနေပါတယ်၊ တခြားနိုင်ငံသားတွေ အားကိုးမနေဘဲနဲ့ ကိုယ့်နိုင်ငံက ကျွမ်းကျင်ပညာ ရှင်တွေနဲ့လုပ်မယ်ဆိုရင် မြန်မာပြည် တပြည်လုံးအတွက် အကျိုးရှိမယ်၊ ချင်းပြည်နယ် အတွက်လည်း အကျိုးရှိမယ်၊ ခုဥစ္စာက တရုတ်နိုင်ငံအတွက် အကျိုးရှိတဲ့ လုပ်ငန်းလို့ဘဲ ကျနော်မြင်တယ်” လို့ ပူးဗန်ကိန်းကပြောပါတယ်။

ဒါ့အပြင် တရုတ်ကုမ္ပဏီရဲ့ လိမ်လည်မှုကို စီမံကိန်းမစခင်မှာတောင် ခံနေရပြီလို့ ပူးဗန်ကိန်းကယခုလိုပြောပါတယ်။

“ အခု နီကယ်တခုတည်းပဲတူးဖော်မယ်လို့ပေါ့၊ တကယ်တော့ ဒီမြွေတောင်မှာ ထွက်တဲ့ဥစ္စာဟာ ဂျာမနီတွေ လာ တိုင်းထွာတုန်းက ဆယ်မျိုးလောက်ထွက်တယ်၊ ရွှေဖြူအထိ ထွက်တယ်၊ ပြီးတော့ နျူးကလီးယားအတွက်  အသုံးဝင်တဲ့ သတ္တုတွေလည်းထွက်တယ်၊ ဆိုတော့ တရုတ်က နီကယ် တခုတည်းမဟုတ်ပဲ  အကုန်လုံးကြုံးသွားရင်ကောဆိုတာက မယုံချင်စရာပါ၊  မလုပ်ခင်ကတည်းက အလိမ်ခံနေရပြီ’’ လို့  ပြောချင်တယ်။

ဂျာမနီနိုင်ငံမှ ပညာရှင်တချို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ခန့်က ဒီမြွေတောင်၊ ဖားတောင်ဒေသကို သွား ရောက် လေ့လာခဲ့ကြပြီးဖြစ်သည်။ အဲဒီအချိန်တွင် ပူးဗန်ကိန်းသည်လည်း ဂျာမန်ပညာရှင်များရဲ့ ကွင်းရှင်းလေ့လာမှု တွေမှာ အတူတကွ ပူးပေါင်းပါဝင်ခဲ့သူဖြစ်ပြီး ဒီမြွေတောင်၊ ဖားတောင် ရဲ့ အခြေအနေကို အတွင်းကျကျသိရှိသူတဦး ဖြစ်ပါတယ်။

ချင်းတောင်ဒေသသဘာဝသယံဇာတတူးဖော်ထုတ်လုပ်မှု နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိနိုင်ရန် နဲ့ သက်ဆိုင်ရာ ဒေသခံပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို စောင့်ရှောက်နိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ချင်းတောင်ဒေသ သဘာဝ သယံ ဇာတ စောင့်ကြည့် ရေးအဖွဲ့ (Chinland Natural Resources Watch Group (CNRWG) ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ တာဝန်သိ ချင်းလူငယ်တစုက ကလေးမြို့မှာ စတင်ဖွဲ့စည်း လိုက်ကြပါတယ်။

CNRWG ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ကို Tuang ကတော့ ဒီစီမံကိန်းဟာ အစကတည်းက ပွင့်လင်းမြင်သာမှုမရှိဘူး လို့ ပြောပါတယ်။

ဒီစီမံကိန်းဟာ အကြမ်းအားဖြင့်ကြည့်မယ်ဆိုရင် Step ၆ ခုလောက်ပြီး ကုမ္ပဏီက Step ၄ ခုလောက် လုပ် ဆောင်ပြီး တဲ့နောက်မှာမှ ဒေသခံတွေအနေနဲ့ ဒီစီမံကိန်းကို သိရှိရတာဖြစ်တယ်လို့ ကို Tuang ကပြောပါတယ်။ ဒါကြောင့် ဒီစီမံကိန်း ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ဒီစီမံကိန်းကို အလျင်စလို ဇွတ်အတင်းတူးဖော်မှုတွေမပြုလုပ်ဘဲ ဒေသခံတွေနဲ့ နားလည်မှုရအောင် အချိန်ယူပြီး လုပ်ဆောင်သင့်တယ်လို့ သူကပြောပါတယ်။

ဒိမ်ဇန်ကျေးရွာက ဦးဒေါင်လျန်ကပ်ကတော့ “ ဒီမြွေတောင်၊ ဖားတောင် ဟာ ချင်းလူမျိုးတွေ ရှေး ဘိုးဘွားဘေဘင် ခေတ် ကတည်းကစ သဘာဝ ပြတိုက်ကြီးဖြစ်နေတယ် ဒီတောင်ကြီး ပြိုလဲတော့မယ့်အရေးဟာ ချင်းတမျိုးသားလုံးအတွက် ၀မ်းနည်းစရာဖြစ်နေတယ်’’ လို့ ပြောပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂကနေ ဌာနေ တိုင်းရင်းသားလူ မျိုးများ အခွင့်အရေး (Declaration on the Rights of Indigenous Peoples)  ဆိုင်ရာကြေညာစာ တမ်းကို ပြဌာန်းခဲ့ပါတယ်။

အဲဒီကြေညာစာတမ်းထဲမှာ ဌာနေတိုင်းရင်းသားလူမျိုးတွေဟာ သူတို့ဒေသမှာရှိတဲ့ ရေ၊ မြေ၊ တောတောင်သဘာဝ နှင့် အဖိုးတန်သဘာဝ သယံဇာတတွေ ထိန်းသိမ်းကာကွယ်ခွင့်ရှိပြီး အဲဒီမြေပေါ်၊ မြေအောက် သယံ ဇာတ တွေကို ဌာနေ တိုင်းရင်းသားလူမျိုးတွေရဲ့ သဘောတူညီချက်၊ ခွင့်ပြုချက်မရရှိဘဲ၊ အစိုးရ (သို့) တိုင်းတပါးနိုင်ငံတွေ ကနေ အတင်း အဓမ္မ တူးဖော်ထုတ်ယူခြင်းမပြုရ လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီကြေညာစာတမ်းကို သဘောတူ လက်မှတ်ရေးထိုးတာပါ။ ဒီတော့ မြန်မာအစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ ဆန္ဒ သဘောထားကို အရင်ရယူပြီး ၄င်းတို့၏ ရပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်၊ အခွင့်အရေးတွေ ကိုပါ လေးစား ကာကွယ်စောင့်ရှောက်ပေး ရမည့်တာဝန်ရှိနေကြောင်းပါ။

Share.

About Author

Comments are closed.