CNF ၏ ချင်းပြည်နယ်ပြင်ပ လှုပ်ရှားမှု ချင်းရေးရာ ၀န်ကြီးက သမ္မတရုံးသို့ တင်ပြ

0

Naypitaw

သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် CNF က ချင်းပြည်နယ်ပြင်ပတွင် ဒေသအာဏာပိုင်များ ခွင့်ပြု ချက်မရှိပဲ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ၄င်းတို့အနေဖြင့် ဆက်ဆံရေး ရုံးဖွင့်လှစ်ထားသည့် ချင်းပြည်နယ်အတွင်း ၌သာ လှုပ်ရှားမှု ပြုလုပ်သင့်ကြောင်း စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ပူး နိုထန်ကပ်က နိုင်ငံတော် သမ္မတရုံး သို့ တင်ပြကန့်ကွက်ခဲ့သည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး၏ အဓိပတိကောင်စီဝင် ပူး လာလ်ရမ်းလော်မာသည် CNF တာဝန်ပေးအပ်ချက်အရ စစ်ကိုင်းတိုင်း ကလေး – ကဘော်ဒေသရှိ ချင်းအများသားများနှင့် တွေ့ဆုံပွဲပြုလုပ်နိုင်ရေးအတွက် လူထုတွေ့ဆုံဆွေးနွေးပွဲဖြစ် မြောက် ရေး ကော်မီတီဖွဲ့စည်းရန် ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က ဒေသခံ ချင်းဘာသာရေးအသင်းတော်လူကြီးများ၊ ချင်းမျိုးနွယ်စုံမှ ကိုယ်စားလှယ်အသီးသီးနှင့် တွေ့ဆုံခဲ့သည်ကို အကြောင်းပြပြီး ယခုကဲ့သို့ တင်ပြကန့် ကွက်ခဲ့ခြင်းဖြစ်သည်။

 

” ၂၀၁၂ ခုနှစ် ဇန္န၀ါရီ (၆) ရက်နေ့က CNF နဲ့ ချင်းပြည်နယ်အစိုးရအကြား ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက် ( ၅) အရ အစိုးရနှင့် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာမှာ ချင်းပြည်သူတွေ သဘောထားကို အခြေခံပြီး ဆွေးနွေးခြင်းများပြုလုပ်နိုင်ဖို့  CNF နဲ့ CNA အား ပြည်တွင်းပြည်ပရှိ ချင်းပြည်သူတွေနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေး နွေးခြင်းကို ပြုလုပ်ခွင့်ပြုဖို့ သဘောတူထားတဲ့အပေါ် ရပ်တည်ပြီးလုပ်တာပါ” ဟု ပူး လာလ်းရမ်းလော်မာက ပြောသည်။

 

ပူး လာလ်းရမ်းလော်မာသည် အဆိုပါတွေ့ဆုံမှုကို မြို့မိမြို့ဖများ စီစဉ်ပေးမှုဖြင့် ကလေးမြို့ (C) ရပ်ကွက်၊ တာဟန်း MYA Chapel တွင်ပြုလုပ်ခဲ့ပြီး ဒေသအာဏာပိုင် SP မှ တာဝန်ရှိများ ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များလည်း ပါဝင်တက် ရောက်ကြောင်း လူထုတွေ့ဆုံဆွေး နွေးမှုဖြစ်မြောက်ရေးကော်မီတီကိုလည်း ဖွဲ့စည်းခဲ့ကြောင်း  သိရသည်။

 

ဆက်လက်ပြီး ” ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကျတော် သက်ဆိုင်ရာ စရဖ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ အက်စ်ဘီ ကို ချင်းပြည်နယ် နယ်စပ်မြို့ ရိဒ်ခေါ်ဒါရ် အ၀င်ကတည်းက သတင်းပို့ထားတယ်၊ ကလေးမြို့အ၀င် ( ၉ ) မိုင်စခန်းမှာလည်း သူတို့ ကိုယ်တိုင် လာရောက်ကြို ဆို တယ်၊ ယခု ပူးနိုထန်ကပ်လုပ်ရပ်က CNF  နဲ့ အစိုးရ အကြားငြိမ်းချမ်းရေး ဖော်ဆောင် မှုကို နားမလည် တာပဲဖြစ်ပါလိမ့် မယ်၊ ဆက်ပြောချင်တာက ကျတော့် လုပ်ငန်းအပေါ် ကူညီစောင့်ရှောက်ပေးတဲ့ သက်ဆိုင်ရာ အားလုံးအပေါ် အထူး ကျေးဇူး တင်တယ် ” ဟု ဆက်လက်ပြောဆိုသည်။

 

ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရအကြား ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက် (၆) တွင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ထာဝရ တည်တံ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် CNF အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်ရန် သဘော တူသည်ဟု ပါရှိသည်။

 

ချင်းအမျိုးသားတပ်ဦးသည် လာမည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်ပြင် ဆင်မှုအနေဖြင့် ယခုနှစ် ဧပြီလ ၂၂ ရက်နေ့က စပြီး ချင်းပြည်နယ် (၉)မြို့နယ် နှင့် စစ်ကိုင်းတိုင်း ကလေး – ကဘော် ဒေသ၊ မန္တလေး၊ ရန်ကုန်ရှိ ချင်း လူမျိုးများအကြား တွေ့ဆုံပွဲဖြစ်မြောက်ရေးကော်မီတီဖွဲ့စည်းခြင်း၊ လူထုတွေ့ ဆုံပွဲပြု လုပ်ခြင်းများ ကို အကောင်အထည် ဖော်လျက်ရှိသည်။

Share.

About Author

Comments are closed.