အယ်ဒီတာချုပ်ထံပေးစာ

0

ကျမဟာ နယ်စပ်တီချောင်း ကနေ – ကလေးမြို့အကြားက ခရီးသွားပြည်သူတဦးပါ၊ ကျမနဲ့ အတူ တခြား ခရီး သွားပြည် သူတွေကို အာဏာပိုင်တွေက ခရီးသည် တဦး ကျပ်ငွေ ၁၀၀၀ စီကို ကောက်နေပါတယ်၊ လူခွန်လား၊ ခရီးသွား ခွန်လား၊ ဘီးခွန်လားတော့ မသိပါ၊ အဲဒီလို အာဏာပိုင်တွေလုပ်လာတာတော့ ကြာပါပြီ၊

 

တဖက် မီဇိုရမ်ကနေ အ၀င် တံတားဂိတ်ဝမှာ ဂိတ်ရှိတယ်၊ လ၀က နဲ့ ရဲတပ်ဖွဲ့တွေက ဂိတ်မှာထိုင်တယ်၊ လ၀က မှာ ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲက လ၀က နဲ့ ပြည်နယ် လ၀က ဆိုပြီး နှစ်ဖွဲ့ရှိတယ်၊ ရဲကတော့ ပြည်နယ်ကစေလွှတ်တာပေါ့၊ အဲဒီမှာ ခရီးသည်တဦးကို ပြည်နယ်လ၀က က ကျပ်ငွေ ၁၀၀၀၊ မြို့နယ်ခွဲ လ၀က က ကျပ်ငွေ ၁၀၀၀၊ ရဲတပ်ဖွဲ့က ကျပ်ငွေ ၁၀၀၀ ပေါင်း ကျပ်ငွေ ၃၀၀၀ ကောက်နေတာပါ၊  နိုင်ငံသားမှတ်ပုံတင် ပါရှိသူတွေရော မပါရှိသူတွေရော ကောက်တာဖြစ်တယ်၊

 

နယ်စပ် တီချောင်း – ကလေးမြို့အကြား မော်တော်ယဉ်လိုင်း (၆) ခုဟာ  နေ့စဉ် ပြေးဆွဲနေပါတယ်၊ မော်တော် ယာဉ် တစီးမှာ ခရီးသည် ၁၀ ဦး နှုန်း စီးပါတယ်၊ ဆိုတော့ ခရီးသည် ၆၀ ဦးအတွက် အာဏာပိုင်သုံးဖွဲ့က ကျပ်ငွေ ၁၀၀၀ စီ စုစုပေါင်း ကျပ်ငွေ ၃၀၀၀ စီနဲ့ တွက်ကြည့်ယင် ကျပ်ငွေ ၁၈၀၀၀၀ စီ ၀င်တဲ့သဘောပေါ့၊

 

တီချောင်း – ကလေးမြို့ကြားက ခရီးသည်အားလုံးလိုလိုဟာ မီဇိုရမ်ကို သွားနေသူတွေများပါတယ်၊ တဖက် မီဇိုရမ် ဇိုခေါ် ထာရ် ဖက်က အာဏာပိုင်တွေကတော့ အိန္ဒိယ နိုင်ငံသားရော၊ မြန်မာနိုင်ငံသားရော မခွဲခြားပဲ Permit မရှိသူကိုသာ တဦး ရူပီး ၅၀ ( ကျပ်ငွေ ၇၅၀) စီကောက် တယ်၊ ကိုယ့်မြန်မာပြည်က အာဏာပိုင်တွေနဲ့ အိန္ဒိယ ပြည်က အာဏာပိုင် တွေရဲ့ လုပ်ရပ်တွေက  အင်မတန်မှ ကွာဟနေပါတယ်၊

 

တီအိုဂိတ်ကို နေ့စဉ် မြန်မာစံတော်ချိန် (၆) နာရီမှာ ပိတ်လေ့ရှိပါတယ်၊ အဲဒါကို တာဝန်ကျနေတဲ့ မြန်မာပြည်က လ၀က ၀န်ထမ်းတဦးက ပျော်စေပျက်စေနဲ့ ယခုလိုပြောသေးတယ်ဗျ၊ ” ညနေ သောက် နာရီ ထိုးပြီ”၊

 

တီအိုချောင်းမှာ တာဝန်ကျနေတဲ့ အာဏာပိုင်တွေရဲ့လုပ်ရပ်က သူတို့ဌာန ရဲ့ လုပ်ထုံးလုပ်နည်းလား၊ အဲဒီ ကောက်ခံငွေ တွေက သက်ဆိုင်ရာကို ပြန်သွင်းသလား၊

 

ဖြစ်နိုင်ယင် အယ်ဒီတာချုပ်ကနေတဆင့် သက်ဆိုင်ရာသိအောင် ဖော်ပြပေးစေချင်တယ်၊

 

အမျိုးသမီးတဦး

Share.

About Author

Comments are closed.