ချင်းတိုင်းရင်းသားများနှင့် ချင်းအမျိုးသားနေ့ သမိုင်းအကျဉ်း

0

ဒေါက်တာတင်မောင်ထွေး (သမိုင်း သုသေသီ) –

ပြည်ထောင်စုနွယ်ဘွားချင်းတိုင်းရင်းသားတို့သည် အခြားသော ညီနောင်တိုင်းရင်းသားများကဲ့သို့ ယင်းတို့၏ နောက်ခံ သမိုင်းကြောင်း၊ လူနေမှုဘ၀ပုံစံ၊ ယုံကြည် ကိုးကွယ်မှု၊ ရိုးရာပွဲတော်များ၊ လူမှု ဓလေ့ထုံးစံများနှင့် စာပေအနုသုခုမများ တို့ ရှိသည်။

ချင်းတိုင်းရင်းသားများ ပေါ်ပေါက်လာပုံနှင့် ပါတ်သက်၍ ပညာရှင်များကြားတွင် ကွဲလွဲမှုများရှိသည်။ ပညာရှင် အချို့က ချင်းတိုင်းရင်းသားတို့သည် မွန်ဂိုလီယန်းအနွယ် တိဗက် – ဗမာအုပ်စုဝင်” သက်” လူမျိုးစုမှ လည်းကောင်း၊ အရှေ့တီဗက် – ဗမာ အုပ်စုမှ လည်းကောင်း၊ အနောက် တိဗက် – မြန်မာ အုပ်စုမှ လည်းကောင်း ဆင်းသက် လာသည်ဟူသော မတူညီတဲ့ ယူဆချက်များလည်းရှိသည်။ ထို့အပြင် ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများ၏ မူရင်းမျိုးနွယ်စုဖြစ်သော ချီအငယ့် Chiang မျိုးနွယ်စုမှ ဆင်းသက်လာ သည်ဟူသော ယူဆ ချက်လည်း ရှိသေးသည်။ အချို့သော ချင်းသမိုင်းသုသေသီတို့ကမူ ချင်းလူမျိုးတို့သည် တရုတ်ပြည် ခူလ် ( Khul) ( ဂူ) မှ စတင်ပေါက်ဖွားလာသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုဖြစ်စေ ချင်းတောင်တွင် နေထိုင်ကြသော ချင်းလူမျိုးတို့သည် မိမိတို့ အစုကို အမည်အမျိုးမျိုးနှင့် ခေါ်ကြပြီး သီးခြားမျိုးနွယ်များဟု ယုံကြည်ကြသည်။ သို့သော် အားလုံးသည် တခု တည်းသော မျိုးနွယ်စုမှ ဆင်းသက်လာကြသည်။ တနည်းအားဖြင့် ချင်းတိုင်းရင်းသားတို့သည် တောင်ပေါ်နေ လူမျိုးနွယ် များဖြစ်ကြပြီး တိဗက် – ဗမာ ပင်မ ဘာသာစကားကြီး၏ ဒေသန္တရ ဘာသာစကားကွဲမျိုးစုံကို ပြောကြပြီး မိမိတို့၏ အမည် ကို အမျိုးမျိုး မှည့်ခေါ်ကြသူများဖြစ်သည်။ ယင်းတို့၏ ဖွဲ့စည်းအုပ်ချုပ်မှုဖွဲ့စည်းပုံ၊ တောင်ယာစပါးစိုက်ပျိုးနည်း၊ ဓလေ့ထုံးစံများ၊ အမူအ ရာ အသွင်အပြင်များ၊ ယုံကြည်ကိုးကွယ်မှု နှင့် စွဲလန်းမှုအားလုံး၏ တူညီမှုတို့က တမျိုး နွယ်တည်းဖြစ် သည်ဟု သာဓက ပြလျက် ရှိနေသည်။

 

ကျွန်ုပ်တို့ မြန်မာနိုင်ငံသမိုင်းစဉ်တွင် ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှု အစဉ်အလာကောင်းတို့ပေါ်ထွန်းစေခဲ့သည့် ပုဂံခေတ် ( ခရစ်နှစ် ၉ ရာစုမှ ၁၃ ရာစုထိ) မြန်မာနိုင်ငံကို ထိုခေတ်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က စည်းလုံးညီညွတ် စွာဖြင့် တည်ထောင်ခဲ့ကြသည်။ ယင်းတိုင်းရင်းသားများထဲတွင် ချင်းတိုင်းရင်းသားများလည်း ပါဝင်ခဲ့သည်၊ မဟာရာဇ၀င် တော်ကြီး (ပ) တွင် အနော်ရထာမင်း ဟအနိရုဒ္ဒ ( ခရစ်နှစ် ၁၀၄၄ – ၁၀၇၇) လက်ထက်နိုင်ငံ အကျယ်အ၀န်း ကိုဖော်ပြရာ တွင်— အနောက်သို့လားသော် ပဍိက္ကရားလ- မည် ကုလားပြည်လျှင် အခြားတည့် ဟု ပါရှိသည်။ ထို့အပြင် သြီတြိဘုဝ နာဒိတျာပ၀ရ ပဏ္ဍိတဓမ္မရာဇာနရတိဘွဲ့ခံ ဒုတိယစည်သူမင်း ( ခရစ်နှစ် ၁၁၆၅ – ၁၂၁၁) လက်ထက်သက္ကရာဇ် ၅၅၈ ( ခရစ်နှစ် ၁၁၉၆) ခုနှစ် ထိုးဓမ္မရာဇိက ကျောက်စာတွင် အရိမဒ္ဒနပူရ ( ပုဂံ) ပြည်၏ နယ်နမိတ်အပိုင်းအခြားတွင် — အ နောက်ကား မစ္ဆကရီ (မစ္ဆဂီရိ) ပတိက္ကာ ( ပဋိက္ကရား)  ဟု ရေးထိုးထားသည်။ ( ဓမ္မရာဇိက ကျောက်စာ မျက်နှာ ဖက် ကြောင်းရေ ၆- ၁၀) ပဋိက္ကရားပြည်သည် စစ်တကောင်းမြို့၏ မြောက်ဖက်၊ မဏိပူရ ကသည်းပြည်၏ အနောက် တောင်ဖက်၊ ယခုခေတ် ကိုမီလာ ( Comilla) မြို့၏ အရှေ့ဖက်တွင် ရှေးအခါက ထွန်းကတိပ်ပရားထ ( Tipperah) ဒေသ ပင်ဖြစ်သည်။ ( Than Tun, Dr, RO B Vol.X, P.116) ထို့အပြင် မစ္စဂီရိ ( မစ္ဆ= ငါး၊ ဂီရိ = တောင်) သည် ယခု သရက်ခရိုင်၏ ၀န်းကျင်ဒေသဖြစ်သော ဧရာဝတီမြစ်အနောက်ဖက်ရှိ တောင်စဉ်တောင်တန်းဒေသဖြစ်ပြီး ထိုအချိန်က သက်လူမျိုးများနေထိုင်ရာ ဒေသဖြစ်နိုင်သည်။ တနည်းအားဖြင့် ဆိုသော် ချင်းတောင်တန်းဒေသသည် ပုဂံခေတ်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်နိမိတ်အစိတ်အပိုင်းတစ်ရပ်အဖြစ်တည်ရှိနေသည်။ ပုဂံခေတ်၊ အင်းဝခေတ် ( ခရစ် နှစ် ၁၃ ရာစုမှ ၁၅ ရာစုထိ)၊ ကုန်းဘောင်ခေတ်( ခရစ်နှစ် ၁၈ ရာစုမှ ၁၉ ရာစုထိ) ကျောက်စာ အထောက်အထားများအရ ချင်းဟူသောဝေါဟာရအမည်သည် ဗမာတိုင်းရင်းသားများက ခေါ်ဝေါ်သော အမည်နာမပင်ဖြစ်သည်။ချင်းလူမျိုးများသည် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသများ၌ ရှေးပဝေသဏီကပင်နေထိုင်ခဲ့ကြပြီး ယင်းတို့ နေထိုင်ရာ ဒေသသည် တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဘာသာစကားနှင့် ဓလေ့ထုံးတမ်းစဉ် လာများအနည်းငယ်ကွဲပြားလာကာ ဒေသအလိုက် မိမိတို့ ကိုယ် မိမိတို့ အခေါ်အဝေါ်များ ကွဲပြားလာခဲ့သည်။

 

တောင်ပေါ် ဒေသ နေချင်းတို့အနက် တီးတိန်နှင့် တွန်းဇံနယ်တွင် နေထိုင်ကြသူများက မိမိတို့ကိုယ်ကို ဇို (Zo)၊ ယို ( Yao) ဟု ခေါ်ဆိုရာမှ ဇိုမီး (Zomi) ဟု အချင်းချင်းခေါ်ဆိုကြသည်။ ဖလမ်း၊ ဟားခါး၊ ထန်တလန်နယ်တွင် နေုထိုင်ကြ သူများက လိုင် ( Lai) ၊လိုင်ဇို ( Laizo) ဟု ခေါ်ဆိုရာမှ လိုင်မီး ( Laimi)ဟု ခေါ်တွင်ကြသည်။ မင်းတပ်၊ ကန်ပ လက်နယ်များတွင်မူ ချို (Cho, Chou)၊ ချော ( Chhaw) ဟု ခေါ်ဆိုကြသည်။ ပလက်ဝနယ်တွင် ခူ ( Khu), ခူမီ( khumi), ခမီ(Khami) ဟူ၍ ဆင်တူယိုးမှား အမည်များသုံးစွဲခေါ်ဝေါ်ကြ၏၊ မြေပြန့်ဒေသသရက်၊ သံတွဲ၊ မြေထဲ( အောင်လံ)၊ မင်းဘူး၊ တောင်တွင်းကြီး၊ နတ်မောက်၊ ပျဉ်းမနားမြို့စသော မြို့နယ်များတွင် နေထိုင်သော ချင်းလူမျိုးများသည် မိမိတို့ကိုယ်ကို အရှို ( Asho) ဟု ခေါ်ဆိုကြသည်။ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ငဖဲနယ်များတွင် ယော( Yaw), ချော( Chhaw), ကျော ( Kyaw), စော ( Saw) စသည်ဖြင့် အမျိုးမျိုးမှည့်ခေါ်ကြသည်။ ထို့အပြင် အခြားသော တိုင်းရင်းသား များကလည်း ချင်းလူမျိုးတို့အား အမည်အမျိုးမျိုးခေါ်ဆိုကြပြန်သည်။ ရှမ်းနှင့် ကချင်တိုင်းရင်းသားများကမူ ချင်းတို့ကို ချန်း ( Chang), ခန်း ( Khang) ဟု ခေါ်ဆိုကြသည်။ ကရင် နှင့် ရခိုင်တိုင်းရင်းသးတို့က ချော( Chhaw) ဟု ခေါ်စမှတ် ပြုကြသည်။ မွန်တိုင်းရင်းသားများကမူ ချီယဲန်း ( Chiang), ခယဲန်း ( Khyeng) ဟု ခေါ်ဆိုကြသည်။

 

ချင်းလူမျိုးတို့သည် ဘီစီ ၆၀၀ ခန့်လောက်တွင် တိဗက်မှ ဟိုမြစ်ကြောင်း အတိုင်းဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်၍ ချင်းတွင်း မြစ်ကြောင်း တလျှောက်၊ ထိုမှ တဆင့် အရှေ့ဖက်လှည့်၍ တကောင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အခြားတဖွဲ့မှာ ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်ဆုံမှ ချိုင့်ဝှမ်းအောက်ပိုင်းသို့ ဆက်လက်ဆင်းသက်လာကြပြီး လူဦးရေများပြားလာသည်။ ချင်းတွင်းဆိုသည်မှာ ချင်းအမျိုးသားများ၏ ဌာနေ ( The Home of the Chin) ဟု အဓိပါယ်ရ၏၊ ယင်းဒေသရှိ ချင်းလူမျိုး များအား အစွဲပြု၍ ယခင်သလ္လာဝတီမြစ်ကို နောက်ပိုင်းတွင် ချင်းတွင်းမြစ်ဟု အစားတွင်လာသည်။ သမိုင်းမှတ် တမ်းအချို့ အရ ဆိုသော် ချင်းမျိုးနွယ်တို့သည် ဘီစီ ၁၀၀ ခန့်ကာလမှစ၍ ပုဂံဒေသ၊ မင်းတိုင်ပင်၊ မုံရွာ၊ ဒီပဲရင်း၊ ပုလဲ၊ သရက်၊ အောင်လံ၊ မင်းဘူး၊ မင်းတုန်း၊ တောင်တွင်းကြီး၊ပုပါး စသော ဒေသ အနှံ့အပြားတွင် နေထိုင်ခဲ့ကြကြောင်း တွေ့ရသည်။ အေဒီ ၈ ရာစုခန့်တွင် သလ္လာဝတီမြစ်နှင့် ဧရာဝတီမြစ်ဆုံအရပ်တွင် အလုံးအရင်းနှင့် နေထိုင်ခဲ့ပြီး ချင်းတွင်း ဟူသော အမည်တွင်ခဲ့သည်။ အေဒီ ၈၃၅ တွင် ချင်းတွင်းဒေသရှိ ရှို မြို့တော်ကို တရုတ်ပြည်၊ ယူနန်နယ်မှ နန်ချို ဘုရင့် တပ်များက ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ခရစ်နှစ် ၁၄၄၉ ခုနှစ်တွင် တရုတ်စစ်သူကြီး ၀မ်ချိ ( Wang- Chi) သည် ရှမ်းတို့အား တိုက်ခိုက်အောင်မြင်ကာ မိုးညှင်းမြို့တော်ကို သိမ်းပိုက်လိုက်၏၊ တရုတ်ရန်ကြောင့် ဧရာဝတီအနောက်ဖက် ကမ်းသို့ထွက် ပြေးလာသော ရှမ်းတို့သည် အခြေစိုက်နေထိုင်ရန်နေရာမရှိသောကြောင့် ပတ်ကွိုင်တောင်တန်း တစ် လျှောက် တက်သွား ရာမှ အသံပြည်ကို သိမ်းပိုက်ကာ အဟုမ်မင်းဆက်တည်ထောင်နိုင်ခဲ့သည်။ ခရစ်နှစ် ၁၅၂၇ ခုနှစ်တွင် အင်အားကြီးမား လာပြီးဖြစ်သော ရှမ်းများက အင်းဝမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်လေတော့သည်။

 

ယင်းကဲ့သို့သော မောရှမ်းတို့၏ စစ်ရေးစစ်ရာ လှုပ်ရှားမှုများသည် ချင်းတွင်းချိုင့်ဝှမ်းဒေသရှိ ချင်းများ၏ ငြိမ်ဝပ်ပိပြား ရေးကို မငြိမ်မသက်ဖြစ်စေသည်။ ထို့ကြောင့် ခရစ်နှစ် ၁၄ ရာစုနှင့် ၁၅ ရာစုနှစ်များတွင် ချင်းလူမျိုးများသည် ချင်းတွင်း ဒေသမှ စွန့်ခွါလျက် ချင်းတွင်းမြစ်ဖျားဒေသမှ အောက်ဖက် ဘင်္ဂလားပင်လယ်အော်ကမ်းခြေအထိ ရောက်သော အနောက် ရိုးမ တောင်တန်းဒေသများသို့ ရွှေ့ပြောင်းသွားကြဟု ယူဆကြသည်။ ထို့ကြောင့် ချင်းတိုင်းရင်းသားတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အစပြု၍ ဤပြည်ထောင်စုမြေပေါ်၌ အတူတကွ နေထိုင်လာခဲ့ကြသော သွေးရင်းညီရင်းအ ကိုများပင် ဖြစ်ကြပေသည်။

 

သွေးရင်းညီအကိုများဖြစ်ကြသော ချင်းတိုင်းရင်းသား တို့တွင် အထွဋ်အမြတ် အလေးအနက် ထားသော ချင်းအမျိုးသား နေ့ရှိသည်။ ချင်းအမျိုးသားနေ့သည် ကျဉ်းမြောင်းသော အမျိုးသားရေးစိတ်ဓါတ်၏ မတော်တဆ ဖြစ်ပေါ်မှုမဟုတ်ပါ။ လွတ်လပ်ရေး၊ စည်းလုံးညီညွတ်ရေး၊ အမျိုးသားရေးတန်းတူ ညီမျှရေးနှင့် ဒီမိုကရေစီရေး စသည့် နက်နဲကျယ်ဝန်းသော သမိုင်းကြောင်းအရ ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ ထို့အပြင် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှုများနှင့် လည်း ဆက်နွယ်နေသည်။ ခရစ်နှစ် ၁၈၂၆ ပထမအင်္ဂလိပ်- မြန်မာ စစ်ပွဲ အပြီးတွင် ရခိုင်ဒေသကို အင်္ဂလိပ်တပ်များ သိမ်းပိုက် ထားရာ နယ်ချဲ့အင်္ဂလိပ်တို့အား ပလက်ဝနယ်မှ ခမီးချင်းများ ခုခံတော်လှန်ကြသည်။ လက်နက်အင်အား လူအင်အား မမျှသဖြင့် ပလက်ဝနယ်မြေတခုလုံးနယ်ချဲ့အင်္ဂလိပ်သြဇာခံဖြစ်ခဲ့သည်။ ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် မြန်မာတ နိုင်ငံလုံးကို အင်္ဂလိပ်တို့သိမ်းပိုက်စဉ်က မြန်မာပြည်အနှံ့အပြား ညီနောင် တိုင်းရင်းသားများအားလုံး နယ်ချဲ့အင်္ဂလိပ်တို့ အား ခုခံတော်လှန်ခဲ့ကြသည်။ ယင်းသို့ ခုခံတော်လှန်ခဲ့ကြသော ညီနောင် တိုင်းရင်းသားများထဲတွင် ချင်းတိုင်းရင်းသား များလည်း ပါဝင်ခဲ့ကြသည်။ ထင်ရှားသော ချင်းတော်လှန်ရေးခေါင်း ဆောင်များမှာ တောင်ပိုင်း ချင်းတောင်ဒေသတွင် မင်းတပ်ချိုးချင်း အမျိုးသားခေါင်းဆောင် ဦး ကီးရောက်နိန်း မြောက်ပိုင်း ချင်းတောင်ဒေသတွင် တာ့ရွှန်းအမျိုးသား ခေါင်းဆောင် ဦးစွန်ဘိက်၊ ထုတ်လှိုင်မှ ခေါင်းဆောင်ကြီး ဦးခိုင်ကမ်း၊ စစ်သည်စာဆို ဦးခုပ်လျံ၊ မွန်မံရွာသား ဦးကမ်စွက် နှင့် တီးတိန်မြို့နယ်ကပ်တဲလ်ရွာသား ဗိုလ် ကိုင်တွတို့ဖြစ်သည်။

 

အင်္ဂလိပ်တို့သည် ချင်းပြည်နယ်ကို ၁၈၉၂ ခုနှစ်တွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း ၁၈၉၆ ခုနှစ်တွင်သာ ချင်းတောင်များ စည်းမျဉ်းဥပဒေပြဌာန်း၍ အုပ်ချုပ်ခဲ့သည်။  ဗြိတိသျှနယ်ချဲ့သမားများသည် ချင်းလူမျိုးတို့အား တပေါင်းတစည်းတည်း မထားရှိပဲ သွေးခွဲ အုပ်ချုပ်ရေးစနစ်အရ –

(၁) ချင်းတောင်များဒေသ( ဖလမ်းနယ်၊ တီးတိန်နယ်၊ ဟားခါးနယ်)၊

(၂) ပခုက္ကူတောင်တန်း ဒေသ

(၃) ရခိုင်မြောက်ပိုင်းဒေသဟူ၍ တသီးတခြားစီ ခွဲခြားအုပ်ချုပ်ခဲ့သည်။

ချင်းတောင်များ ဒေသကို ဖလမ်းမြို့၌ ရုံးစိုက်သော  ခရိုင်ဝန် တယောက်က အုပ်ချုပ်ခဲ့သည်။ ပခုက္ကူတောင်တန်းဒေသကို မကွေးတိုင်းမင်းကြီးက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ရခိုင်မြောက်ပိုင်းဒသ၏ အုပ်ချုပ်ရေးအရပ်ရပ်ကို စစ်တွေမြို့ရှိ တိုင်းမင်းကြီးက အုပ်ချုပ်ခဲ့သည်။

 

ချင်းတိုင်းရင်းသားတို့နိုင်ငံရေးနိုးကြားမှုသည် ၁၉၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် မေမြို့(ပြင်ဦးလွင်)၌ ဖွဲ့စည်းသည့် ချင်းအမျိုးသားများ ပညာမြှင့်တင်ရေးအဖွဲ့ဖွဲ့စည်းရာမှ စတင်ခဲ့သည်။ ( နှစ် ၅၀ ချင်းအမျိုးသားနေ့ ရွှေရတု သဘင်လက်ကမ်းစာစောင်) ထို့ကြောင့် ၁၉၁၈ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့သည် ချင်းအမျိုးသားတို့အတွက် အရေးပါ သော နေ့တနေ့ဖြစ်သည်။ ၁၉၂၅ ခုနှစ် ဇွန် (၁) ရက်နေ့တွင် ဦးဝမ္မသူးမောင်းသည် ၀မ္မသူးရွာတွင် နေရှင်နယ် ( အမျိုးသား) ကျောင်းတည်ထောင်ကာ ကျောင်းဆရာဘ၀ဖြင့် နီးစပ်ရာ ချင်းအမျိုးသားများအား နိုင်ငံရေးလှို့ဝှက်စည်းရုံးမှု ကို စတင်ခဲ့သည်။  ၁၉၃၃ ခုနှစ် မတ်လ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ချင်းမျိုးချစ်များဦးဆောင်သော ချင်းအမျိုး သားထု အစည်းအဝေး တရပ်ကို မင်းတပ်နယ်( ထိုစဉ် ကန်ပက်လက်နယ်) ၊ နှော်ချောင်းတိုက်၊ မုံးနူးရွာတွင် ကျင်းပကာ ချင်းအမျိုးသားများ ညီညွတ်ရေးအဖွဲ့( ခ မ ည ဖ) အမည်ဖြင့် ချင်းနိုင်ငံရေးအဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းခဲ့ကြသည်။ အဖွဲ့ ၏ အဓိက ရည်ရွယ် ချက်မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုလိုနီနယ်ချဲ့လက်အောက်ရှိ လူမျိုးအားလုံးလက်တွဲ၍ နယ်ချဲ့အရင်းရှင်စနစ်ကို တိုက်ဖျက်ရေးတို့ဖြစ်သည်။ ခမညဖသည် ၁၉၃၄ ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ယောချောင်းတိုက်၊ ၀ရဲရွာ၌ ပထမဦးဆုံးအကြိမ်နယ်လုံးကျွတ်ညီလာခံခေါ်ယူကာ အဖွဲ့၏ လုပ်ငန်းစဉ်များနှင့် နယ်ချဲ့ အစိုးရထံ တင်ပြတောင်းခံမည့် အချက်အလက်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။ နယ်ချဲ့အစိုးရထံတောင်းဆိုမည့် အ ချက် (၉)ချက်မှာ –

(၁) တိုက်သူကြီး၊ ရွာသူကြီးများအား အာဏာရှင်ဆန်သော သြဇာအာဏာများ ပေးထားခြင်းကို အမြန်ဆုံးရုတ် သိမ်းပေး ရန်၊

(၂) ချင်းတောင်တွင် မြန်မာစာသင်ကြားခြင်းကို ပိတ်ပင်တားမြစ်သည့် အမိန့်ကို ချက်ချင်းရုတ်သိမ်း၍ အမြန်ဆုံးပြန် လည်သင်ကြားခွင့်ပြုရန်၊

(၃) ချင်းတောင်နယ်အတွင်း ကိုလိုနီအုပ်ချုပ်ရေးဥပဒေများ ကျင့်သုံးခြင်းကို ရပ်စဲ၍ ချင်းအမျိုးသားများပါဝင်ရေးဆွဲသည့် တရားဥပဒေသစ်တရပ်ကို ပြဌာန်းပေးရန်၊

(၄) တောင်တန်းဒေသများအား ခြွင်းချန်ထားသော နယ် အဖြစ် သတ်မှတ်ထားခြင်းကို အမြန်ဆုံးရုတ်သိမ်းရန်၊

(၅) မြန်မာပြည်မအား ၉၁ ဌာန အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လျှင် ချင်းတောင်လည်း ၄င်းအတိုင်းအုပ်ချုပ်ရန်၊

(၆) မြန်မာပြည်မအား လွတ်လပ်ရေးးပေးသည်နှင့် တပြိုင်နက် ချင်းတောင်ကိုလည်း တပါတည်းလွတ်လပ်စေရန်၊

(၇) လောလောဆယ်ဘာသာရေးချုပ်ချယ်မှုများကိုရုတ်သိမ်းပေးရန်၊

(၈) ချင်းတောင်၏ လူမှုရေး၊ စီးပွားရေးတိုးတက်မှုများကို အမြန်ဆုံးဆောင်ရွက်ပေးရန် နှင့်

(၉) မြန်မာပြည်တိုင်းရင်းသားများအချင်းချင်းလွတ်လပ်စွာ သွားလာဆက်ဆံခွင့်ပေးရန်တို့ဖြစ်သည်။

 

ခမညဖကို ၁၉၃၉ ခုနှစ်တွင် ချင်းတောင်ညီညွတ်ရေးအဖွဲ့ဟု ပြောင်းလဲခေါ်ဆိုသည်။ ၄င်းအဖွဲ့သည် ဒို့ဗမာအစည်းအရုံး နှင့် ဖဆပလ အဖွဲ့ချုပ်တို့နှင့် ဆက်သွယ်ကာ ဗြိတိသျှဘုရင်ခံထံ ချင်းအမျိုးသားတို့၏ အခွင့်အရေးနှင့် နစ်နာချက်များကို တောင်းဆိုခဲ့ကြသည်။ မြန်မာပြည်ဘုရင်ခံက မကွေးတိုင်း ၀န်ရှင်တော်မင်းကြီး၊ မစ္စတာ မက္ကရီကင်အား ချင်းအမျိုးသား များ၏ တောင်းဆိုချက်များကို ဖြေကြားရန် ရေးသားပေးပို့ခဲ့သည်။ မစ္စတာ မက္ကရီကင်က ဖလမ်းအရေးပိုင် မစ္စတာ နီလာ၊ ကန်ပက်လက်နယ်ခြားဝန်ထောက်ဂျေဖူးညိုတို့နှင့် ချိန်းဆို၍ ကန်ပက်လက်မြို့သို့သွားခဲ့ကြသည်။ ၁၉၃၈ ခုနှစ်ဖေဖေါ် ၀ါရီလ ၂၀ ရက်နေ့တွင် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော ချင်းတောင်ညီညွတ်ရေးအဖွဲ့နှင့် လူထု ၃၀၀၀ ခန့်တက် ရောက်ခဲ့သည်။ မစ္စတာ မက္ကရီကင်က ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ အရေးကြီးသော တောင်းဆိုချက်အချို့ကို မလိုက် လျောနိုင်ကြောင်း ဖတ်ကြားဖြေကြားရာ လူထုကြီးမှ လက်သီးလက်မောင်းတန်း၍ အော်ဟစ်ဆန္ဒပြကြသည်။ ဤသို့ မမျှော်လင့်ပဲ ချင်းအမျိုးသားတို့၏ ဆန္ဒပြ ကန့်ကွက်မှုကို ထိတ်လန့်တုန်လှုပ်ကာ ဆောမြို့သို့ ထွက်ပြေးကြသည်။ မကြာမီ ဗြိတိသျှတို့သည် ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို မတရားအသင်း ကြေညာကာ ချင်းတောင်စည်းမျဉ်းဥပဒေပုဒ်မ – ၁၄ (၁)( ဃ) အရ ဦးဝမ္မသူးမောင်းနှင့် ချင်းခေါင်းဆောင် (၉)ဦးကို ၁၉၃၉ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) တွင်ဖမ်းဆီးသည်။ ထို့အပြင် သတ္တမ သုတ်အထိ မျိုးချစ်ချင်း (၁၃၀) ကျော်ကို ဖမ်းဆီး၍ ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မြင်းခြံ၊ ကသာနှင့် မန္တလေးထောင်များတွင် အကျဉ်းချခဲ့သည်။

 

၁၉၄၆ ခုနှစ် မတ်လတွင် ပထမပင်လုံညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ချင်း၊ ကချင်၊ ရှမ်းခေါင်းဆောင်တို့ စည်းဝေးကြပြီး တိုင်းရင်းသားများအားလုံးညီညွတ်စွာ ပူးပေါင်း၍ လွတ်လပ်ရေး အရယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ချင်း – ဗမာ ချစ်ကြည်ရေးညီလာခံကို ပခုက္ကူခရိုင် ထီးလင်းမြို့၌ ၁၉၄၇ ခုနှစ် မတ်လ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့လေသည်။ ထိုညီလာခံသို့ ဗိုလ်ချုပ်အောင် ဆန်းကိုယ်တိုင်တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း တာဝန်ဝတ္တရားများပြားလှသောကြောင့် ဗိုလ်ချုပ်ကိုယ်စား ဒီးဒုတ်ဦး ဘချိုတက်ရောက်ခဲ့သည်။ ချင်း- ဗမာ တိုင်းရင်းသားလူထု ၂၀၀၀၀ ကျော်နှင့် ချင်းပြည်သူ့ရဲဘော်ရဲမေများ ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင် စိုက်ထူခဲ့ရာ ဦး ၀မ္မသူးမောင်း နှင့် ဦးဘချိုတို့ပူးတွဲ၍ အုတ်မြစ်ချခဲ့ကြသည်။ ချင်းနှင့် ဗမာသည် ညီအကိုများသာဖြစ်၍ မည်သည့် အခါမျှ ချစ်ကြည်ရေး မပျက်ပြားနိုင်ကြောင်း သက်သေတည်သော အထိမ်း အမှတ် တရပ်ပင်ဖြစ်ပေတော့သည်။

 

၁၉၄၈ ခုနှစ် ဇန္န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့ အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းပြည်သူများအတွင်း နယ်ချဲ့ စနစ်ဟောင်း မလိုလားမှုများ ပိုမိုပြင်းထန်လာရာ ချင်းရေးရာဌာနက ၂၂၊ ၁၊ ၁၉၄၈ ခုနှစ်တွင် ၀န်ကြီးအဖွဲ့သို့ ချင်း တောင်စုံစမ်းရေးကော်မရှင်ဖွဲ့ပေးရန် တင်ပြခဲ့သဖြင့် ၅၊ ၂၊ ၁၉၄၈ တွင် ဖွဲ့စည်းခဲ့ပါသည်။ ၄င်းအဖွဲ့တွင် ဦး ၀မ္မသူးမောင်း၊ စည်သူ ဦးသိမ်းမောင် ( အေ – တီ – အမ်) နှင့် ဦး စိုးဝင်း ( အမျိုးသား ပညာဝန်ဟောင်း) တို့ ပါဝင်ကြသည်။

ကော်မရှင်သည် ၁၂၊ ၂၊ ၁၉၄၈ မှ ၂၃၊ ၂၊ ၁၉၄၈ အထိ စုံစမ်းပြီး ၂၂၊ ၉၊ ၁၉၄၈ ခုနှစ်တွင် ဗြူရိုကရေစီအုပ်ချုပ်ရေးကို ဖျက်သိမ်း၍ ခေတ်မီ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် နှင့် တိုက်သူကြီးများဖြင့် အုပ်ချုပ်သည့် စနစ်ကို မကျင့်သုံးရန်နှင့် မနစ်နာစေရန်ပင်စင်ထောက်ပံ့ကြေးအချို့ကို ဝေပုံကျ ပေးသင့်ကြောင်း ထောက်ခံတင်ပြခဲ့ကြသည်။

 

ယင်းအတောအတွင်း ၂၀ ၊ ၂၊ ၁၉၄၈ ခုနှစ်တွင် ဖလမ်းမြို့၌ ကျင်းပသော လူထု ၅၀၀၀ ကျော်တက်ရောက်သည့် အစည်း အဝေးတွင် ချင်းဝိသေသတိုင်းတွင် ဒီမိုကရေစီစနစ်နှင့်  အုပ်ချုပ်သည့် စနစ်ကို ကျင့်သုံးပြီး နယ်ချဲ့ အမွေစနစ်ဟောင်းကို ဖျက်သိမ်းရန် အဆိုကို အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးအတွက် ချင်းရေးရာကောင်စီက ၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်း ( ဥပဒေများ သက်ဆိုင်ခြင်း) အက်ဥပဒေကို ၁၂၊ ၁၀၊ ၁၉၄၈ ခုနှစ်တွင် ကျင်းပသည့် တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) ညီလာခံက အက်ဥပဒေအဖြစ် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ ဤ အက်ဥပဒေအရ ၁၈၉၆ ခုနှစ် ချင်းတောင်များ အက်ဥပဒေကို ဖျက်သိမ်းလိုက်သည်။ သို့ဖြစ်၍ ဦး ၀မ္မသူးမောင်း ခေါင်းဆောင်သော ချင်းအမျိုးသားများသည် နယ်ချဲ့တော်လှန်ရေး အဆက်ဆက်ကို ကိုယ်တိုင်ကိုယ်ကျ အနစ်နာခံခဲ့ရသည့် အတွက် ချင်းအမျိုးသားနေ့ သတ်မှတ် သင့်ကြောင်း အလေးအနက် ဆွေးနွေးခဲ့ကြသည်။

 

ချင်းအမျိုးသားနေ့အတွက် (၁) ၂၀၊ ၂၊ ၁၉၁၈ ခုနှစ် ချင်းအမျိုးသားပညာမြှင့်တင်ရေးအဖွဲ့ဖွဲ့စည်းခြင်း၊

(၂) ၂၀၊ ၂၊ ၁၉၃၈ ခုနှစ် ကန်ပက်လက်ဒါဘာပွဲကျင်းပခြင်း၊

(၃) ၂၀၊ ၂၊ ၁၉၄၈ ဖလမ်းမြို့လူထုအစည်းအဝေးကြီး၊

စသည့် သမိုင်းအစဉ်အလာအဆက်ဆက်တို့ကြောင့် ၁၉၅၀ ခုနှစ် အောက်တိုဘာ (၉) ရက်နေ့တွင် ချင်းရေးရာ ကောင်စီက ချင်းအမျိုးသားနေ့ကို နှစ်စဉ်ဖေဖေါ်ဝါရီ ရက်နေ့၌ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ၂၀၊ ၂၊ ၁၉၅၁ ခုနှစ်တွင် မင်းတပ်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ပြည်နယ်ဝန်ကြီး အချို့ နှင့်ကိုယ်စားလှယ်များမှ တဆင့် ပြည်နယ်ဝန်ကြီးများ၏ သ၀ဏ်လွှာများ ကို သီးသန့်ပေးပို့ခဲ့ကြသည်။ ထို့နောက် နှစ်စဉ်နှစ်တိုင်း ချင်းအမျိုးသားနေ့ကို တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ကလေး၊ ပခုက္ကူ၊ ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့များတွင် တချိန်တည်းကျင်းပလာခဲ့ကြရာ ယနေ့ထိတိုင်ပင်ဖြစ် ပါသည်။

 

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၃၊ ၁၊ ၁၉၇၄ ခုနှစ်တွင် အတည်ပြုခဲ့ရာ ယင်းဥပဒေပုဒ်မ – ၃၀၊ ပုဒ်ခွဲ(ခ)၊ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထို့ကြောင့် ချင်းပြည်နယ်နေ့သည် ဇန္န၀ါရီလ (၃) ရက်နေ့ဖြစ်ပြီး ချင်းအမျိုးသားများကို ကိုယ်စားပြုသော ချင်းအမျိုးသားနေ့သည်ကား ဖေဖေါ်ဝါရီ (၂၀)ရက်နေ့ပင်ဖြစ်ပေ သည်။

(ဤဆောင်းပါးရေးသားပြုစုနိုင်ရန် လိုအပ်သော စာအုပ်စာတမ်းအကူအညီပေးသော ဒေါက်တာ ဆလိုင်း ရီယန်းဗဲလ် ( ပါမောက္ခ၊ သင်္ချာဌာန၊ ကလေးတက္ကသိုလ်)၊ ဦးခန့်လင်း ( ကထိက၊ သမိုင်းဌာန၊ ကလေးတက္ကသိုလ်ဝ၊ ဒေါ်စိုးစိုးအေး( ကထိက၊ သမိုင်းဌာန၊ ကလေးတက္ကသိုလ်) နှင့် ဦး ငူးလ်ဆွင့်လျန်( နည်းပြ၊ သင်္ချာဌာန၊ ကလေးတက္ကသိုလ်) တို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

Share.

About Author

Comments are closed.