ခူမီးမျိုးနွယ်စုလုံးဆိုင်ရာ ဖိုရမ်တခု ပလက်ဝ တွင် ကျင်းပမည်

0

Paletwa Town Photo:- Narinjara News

ခူမီးချင်းမျိုးနွယ်စုများ၏  အနာဂါတ်ခြေလှမ်းများ အတွက် ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှု များပြုလုပ်နိုင်ရန် ခူမီးမျိုး နွယ်စု လုံးဆိုင်ရာ ဖိုရမ်တခုကို ချင်းပြည်နယ် တောင် ပိုင်း ပလက်ဝမြို့တွင် လာမည့် မတ်လ အတွင်း ကျင်းပ သွားမည် ဟုသိရသည်။

ခူမီးဖိုရမ်ကျင်းပရေးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဂျီတီအိုင် ရုံးတွင် ယခုလ ၁၆ ရက်နေ့ က ခူမီး ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ (ရန်ကုန်) က အစည်းအဝေးတခုကျင်းပခဲ့ပြီး ယခုလို ခူမီးဖိုရမ်ကျင်းပ ရန် ဖြစ်ကြာင်း ဖြစ်မြောက်ရေးကော်မတီ မှ ဆလိုင်းအိုင်ဇက်ခင်က ယခုလိုပြော ဆိုသည်။

“ ခူမီးဖိုရမ် ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ခူမီးချင်း လူမျိုးစုရဲ့အနာဂတ်ခြေလှမ်း (Khumi’s Future) အတွက် ဆွေးနွေးတိုင်ပင်ပြီး ချင်းအမျိုးသားညီလာခံ (၂၀၁၃)က ချမှတ်ခဲ့တဲ့ ဘုံသဘော တူညီချက်တွေထဲက ခူမီး မျိုးနွယ်စု ၀င်တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဘယ်လို အကောင် အထည် ဖေါ်ကြမယ် ဆိုတာကိုလည်း ထည့်သွင်း ဆွေးနွေးကြပါမယ်” ဟု သူ၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ခူမီး ဖိုရမ် ဖြစ်မြောက်ရေးကော်မတီများကို ပလက်ဝ၊ ဆမီး၊ ရန်ကုန်၊ မြစ်ကြီးနား နှင့် နိုင်ငံရပ်ခြား နယူးဒေလီ နှင့် ကွာလာလမ်ပူတို့ တွင် ဖွဲ့စည်းပြီး ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက် (ချင်းအမျိုး သားနေ့) မတိုင်မီ ကိုယ့်နေရာ၊ ဒေသအသီးသီးတွင်  တစ်ပြိုင်နက်တည်း ဖိုရမ်ကိုကျင်းပသွားမည် ဟုသိရသည်။

ယင်းကဲ့သို့ နယ်မြေအသီးသီးတွင် ခူမီး ဖိုရမ်ကို ကျင်းပပြီးသည့်နောက်တွင် မျိုးနွယ်စုလုံးဆိုင်ရာ ခူမီးဖိုရမ်ကြီး ကို ပလက်ဝမြို့၊ ကီမိုခန်းမတွင် ၂၀၁၄ ခုနှစ် မတ်လဆန်း၌ ကျင်းပသွားမည်ဟုသိရ သည်။

ခူမီး ဖိုရမ်ကြီးကို သက်ဆိုင်ရာ နယ်မြေ (၆) ခုမှစေလွှတ်သော ကိုယ်စားလှယ်စုစုပေါင်း ၁၀၀ ဦးနှင့် ကျင်းပ မည်ဖြစ်ပြီး ကိုယ်စားလှယ်များကိုမူ အချိုးကျစနစ်ဖြင့် သက်ဆိုင်ရာနယ်မြေများ မှ ရွေးချယ် စေလွှတ်ပေးရ မည်ဖြစ်သည်။

“ ခူမီးချင်းမျိုးနွယ်စုဝင်များရဲ့ အနာဂတ်ခရီး (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး ကိစ္စ အ၀၀) တွေကို ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း၊ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတိုင်ပင် ကြမှာဖြစ်တယ်’’ ဟု Gender and development initiative Myanmar အဖွဲ့မှ ဒါရိုက်တာ ဆလိုင်း အိုင်ဇက်ခင်ကပြောသည်။

ခူမီး ဖိုရမ်ကြီးတွင် ချင်းပြည်နယ်အစိုးရကိုလည်း ဖိတ်ကြားသွားမည့်အပြင် ခူမီးချင်းလူမျိုးစုဝင် များဖြစ်ကြသော အင်္ဂလီကန် အသင်းတော် သာသနာပိုင်ဆရာတော် ဒေါက်တာဂျိမ်းစ်မင်းဒိန်၊ Lutheran  အသင်းတော် သာသနာ ပိုင်ဆရာတော် ဒေါက်တာ အင်ဒရုးမန်းလုံ၊ ချင်းပြည်နယ် သစ်တော/သတ္တုဝန်ကြီး ဦးကျော်ငြိမ်း၊ အမျိုးသား လွှတ်တော် ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးစိုးထက် (ဒု.ဗိုလ်မှူးကြီး မဲလူး-ငြိမ်း)တို့အပါအ၀င် ပြည်ထောင်စုနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးဟွေ့ယိန်း၊ ဦးပိုက်လင်း၊ ဦးခွဲယန်နှင့် ဦးနန်းဆိုက်အစရှိသော လူကြီးများကိုလည်း ဖိတ်ကြားသွားမည်ဟုသိရသည်။

Share.

About Author

Leave A Reply