မီဇိုရမ်တွင် တရားဝင် အရက်ရောင်းချ ခွင့်ပြုတော့မည်

0

dailyrecord.co.uk

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ပြည်နယ် မီဇိုရမ်တွင် ၁၅ နှစ်ကျော်ကြာ ကျင့်သုံး လာခဲ့သော အရက် တားဆီး ပိတ်ပင်မှု ဥပဒေ (Mizoram Liquor Total Prohibition Act, 1995) ကို အဆုံး သတ်ပြီး အရက်ရောင်းချခွင့်ပြုသည့် ဥပဒေ နှင့် အစားထိုးသွားမည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဝန်ကြီးဌာန ၀န်ကြီး ပူးအာရ်းလာလ်းဇီးလျန်နာက MLTP အက်ဥပဒေကို အစားထိုးမည့် Mizoram Excise Bill, 2014 ကို မတ်လတွင်ပြုလုပ်မည့် ပထမဆုံးအကြိမ် ပြည်နယ်လွှတ်တော်အစည်း အဝေးတွင် တင်သွင်းသွားမည်ဟု သတင်းဌာန များကိုပြောဆိုသွားသည်။

“ အခု ပညာရှင်တွေက အဲဒီဥပဒေကို လေ့လာဆန်းစစ်နေတုန်းပါ၊ ပြင်စရာ ရှိတာတွေကို လည်း ပြင်နေ ကြပါတယ်၊ အဲဒါ ပြီးရင်တော့ တရားရေးဌာနကို ပေးပို့သွားမယ်’’ ဟု ၀န်ကြီး ကပြောသည်။

ဆက်လက်ပြီး ၀န်ကြီးက “ ဥပဒေအသစ်မှာတော့ အရက်ကို တရားဝင်ရောင်းဝယ်ခွင့်ရှိပါမယ်၊ ဒါပေမယ့် တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေတွေတော့ ထားရှိမှာပါ၊ စည်းမျဉ်းဥပဒေ ဖောက်ဖျက် သူတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်၊ ဘယ်ပုံဘယ်နည်းနဲ့ အရေးယူမှုတွေပြုလုပ် ရမယ်ဆိုတာကိုလည်း ဥပေဒထဲမှာ တိတိကျကျ ပြဌာန်းသွားမယ်’’ ဟု ပြော သည်။

ယင်းဥပဒေအသစ်တွင် အရက်ဝိုင်းဖွဲ့သောက်သုံးကြသည့် (Bar) ဘုံဆိုင်များဖွင့်လှစ်ခွင့်မပြုသည့် အပြင် အရက်မူးယစ် ခြင်း ကိုလည်းခွင့်ပြုမည်မဟုတ်ကြောင်း မူးယစ် ၀န်ကြီးကပြောသည်။

အိန္ဒိယနိုင်ငံတွင် ခရစ်ယာန်ပြည်နယ်ဟု သတ်မှတ်ခံထားရသော မီဇိုရမ်ပြည်နယ်တွင် အရက် တားဆီးပိတ်ပင် သည့် MLTP အက်ဥပဒေကို ၁၉၉၅ ခုနှစ်တွင် မီဇိုရမ်အစိုးရက စတင်ပြဌာန်း ပြီးနောက် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် နေ့မှစ၍ ယနေ့ချိန်ထိ ကျင့်သုံးလျက်ရှိသည်။

နှစ်ပေါင်းများစွာ ကျင့်သုံးလာသောအရက်ပိတ်ပင်မှုဥပဒေသည် ထိရောက်မှုမရှိသည့်အပြင် အရက် ကိုလည်းပပျောက် သွားအောင် အမှန်တကယ်လုပ်ဆောင်နိုင်ခြင်းမရှိသည်သာမက မှောင်ခိုဖြင့် ချက်လုပ်ကြသော အရက်များ၊ မကောင်း သည့် အရက်များ သောက် သုံးခြင်းကြောင့် ကောင်း ကျိုးထက် ဆိုးကျိုးပိုများသည်ဟုဆိုကာ ယင်းအက်ဥပဒေကို အစိုး ရ အနေဖြင့် ပြန်လည်သုံးသပ် ရန် လိုအပ်ကြောင်း ဒေသတွင်းအခြေစိုက် အရပ်ဘက်လူ့မှုအဖွဲ့အစည်းများနှင့် ပညာရှင် များက နှစ်ရှည်လများဝေဖန်ပြောဆိုခဲ့ကြသည်။

နောက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချူပ် ပူးလာလ်းထန်ဟောလ်အာ ဦးဆောင်သော ကွန်ဂရက် အစိုးရက MLTP အက် ဥပဒေကို ပြန်လည်သုံးသပ်သည့် အဖွဲ့တစ်ခုဖွဲ့စည်းကာ ယင်းအဖွဲ့က MLTP ဥပဒေ၏ ကောင်းကျိုး နှင့် ဆိုးကျိုးများ ကို အသေးစိတ်လေ့လာခဲ့ကြသည်။

အဆိုပါအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ MLTP ဥပဒေအရ အရက်ပိတ်ပင်တားဆီးမှုသည် လူထု အတွက် ကောင်းကျိုး ထက် ဆိုးကျိုးပိုမိုဖြစ်စေကြောင်း တွေ့ရှိကြပြီးနောက် ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်အတွင်း တရားဝင် အရက်ပြန်လည် ရောင်းဝယ်ခွင့်ပြုရန် အစိုးရက လုပ်ဆောင်နေခြင်း လည်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် ယခုလို တရားဝင်အရက်ရောင်းဝယ်ရေး ပြန်လည်ခွင့်ပြုမည့် အရိပ်အယောင် ထွက်ပေါ်လာသည့် အပေါ် မီဇိုရမ်ပြည်သူလူထုအများစုက ကြိုဆိုထောက်ခံကြသော်လည်း မီဇိုရမ်ပြည်နယ်တွင် အင်အားကြီးမားသော ဘာသာရေးအသင်း အဖွဲ့များကတော့ လိုလားဟန် မရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

Share.

About Author

Leave A Reply