ရှမ်းအမည်ရွှေပုတီးခေါ်ခမ်းပတ်ညောင် ပင်အို

0

SANY2644

(Pu That Savung) ကျတော်သည် ခမ်းပတ်ညောင်ပင်ကြီး ( Khampat Bungpui ) အကြောင်းကို အလယ် တန်းကျောင်းသား ဘဝက တည်းက သိရှိခဲ့ သည်၊ ထို့အပြင် BURMA LUSHAI WELFARE ORGANIZATION ( BLWO ) မူပိုင် ထုတ် ဝေခဲ့ သည့် RAMTHAR သတင်းစာ၏ ရှေ့ မျက်နှာဖုံးထိပ်  ခေါင်းစီးအောက် အလယ်တည့် တည့်တွင် အရိပ် ဆာယာနဲ့ ခက်မ လေး သွယ်အပြင် ၄င်းခက်မလေးသွယ် အသီးသီး တွင်မြစ်ပျံများ စွေချ ထားသည့် အဆိုပါ ညောင်ပင်ဘလောက် ရုပ်ကို ကျ တော် တက္ကသိုလ် ကျောင်း သားဘ၀ တုန်းက တွေ့ ရှိခဲ့ပါသည်။

ခမ်းပတ်ညောင်ပင်ကြီးအကြောင်းကို  Pu B. Lalthangliana က သူ၏ MIZO CHANCHIN ( A Short Account & Easy Reference of Mizo History-p 7-12) တွင် အကျယ်တဝင့်ရေးသားထားပါသည်၊ သတိပြု ရမည်မှာ သူ၏ ကျမ်းကိုးစာရင်း ပါပုဂ္ဂိုလ်များသည် သမိုင်းသုတေသီများမဟုတ်သည့်အပြင် သူ့အရည်အချင်း မှီခဲ့သူများ မဟုတ် ပေ။ ထို့အပြင် Pu B. Lalthangliana သည် ၄င်း၏ မဟာဝိဇ္ဖာဘွဲ့အတွက် History of Mizos in Burma စာတမ်း ပြုစုခဲ့ရာမှာ ယခု တင်ပြသည့် အတိုင်း မှတ်တမ်း တင်ထားခဲ့သည်။

ဓမ္မဆရာ ဦးဒင်းကူးငါ ( နောင်သိက္ခာတော်ရ)၏ မှတ်တမ်းမှာ ၁၉၃၆-ခုနှစ်တွင် ၄င်းညောင်ပင်ကြီးကို ကိုယ် တိုင်တွေ့မြင်ခဲ့ကြောင်း၊ ပင်စည်လုံးပတ် ၁၂- လံ ပတ်လည် ရှိပြီး ခက်မနှစ်ဖြာသည် တောင်ဖက်နှင့် အရှေ့ ဖက်သို့ ထိုးထွက်လျက် မြစ်ပျံများပါစွေချ ထားကြောင်းဖော်ပြထားသည်၊ Pu B. Lalthang liana က ၄င်းညောင်ပင်သည် လူရှေ အမျိုးသားများက စိုက်ခဲ့ ကြခြင်းဖြစ်ပြီး ညောင်ပင်၏ အကိုင်းအခက်များသည် မြေပြင် ထိအောင် ညွတ်ကျလာ ချိန်တွင် လူရှေအမျိုးသားများ အဆိုပါ အရပ်ဒေသသို့ ပြန် လည် အခြေချ နေထိုင်မည်ဟု အဓိဌာန်ပြုသစ္စာ ဆိုခဲ့ကြ ကြောင်း ရေးသားထားပါသည်၊ တိုင်း ရင်းသား ပုံပြင်များရေးသားပြုစု သူ ဆရာကြီးလူထုဦးလှကလည်း “ ရှေး လူရှေ လူမျိုး သက်ကြီးဝါကြီးပုဂ္ဂိုလ်များသည် ခမ်းပတ်ရွာရှိ အဆောက် အအုံကြီး တခု၏ အလယ်ဗဟို တွင် ညောင်ပင်တပင် ကို စိုက်ခဲ့ကြသည်၊ အဆိုပါ ညောင်ကိုင်းများမြေပြင် ထိသောအခါ အရပ်တကာ ပြောင်းရွေ့ နေထိုင်ကြသော လူရှေ လူမျိုးများ ခမ်းပတ်ဒေသ သို့ ပြန်ရောက် ကြစေ သတည်းဟု အဓိဌာန်ပြုပြီး စိုက်ခဲ့ကြခြင်းဖြစ်သည်” ဟူ၍ ရေးသား ထားသည်၊

Pu B. Lalthangliana က “ ကဘော်ချိုင့်ဝှမ်းဒေသ ပိုင်ဆိုင်လိုမှုဖြင့် မြန်မာမင်းများ နှင့် မဏိ ပူရ ( ကသည်း ) စော်ဘွားများ မကြာခဏ စစ်တိုက်လေ့ရှိကြရာ ကုန်းဘောင်ခေတ် မြန်မာ ဘုရင်များ က မဏိပူရ ရန်မှ ကာကွယ်ရန် ရာထူးရာခံရှိပုဂ္ဂိုလ်များစေလွှတ်လေ့ရှိကြသည် ” ဟုရေးသားခဲ့သည်၊ ယင်းအဆိုနှင့် ပတ်သက်၍ တင်ပြလိုသည်မှာ နာမည်ကျော်စာရေး ဆရာမ ဒဂုန်ခင်ခင်လေး၏ စာဆိုတော် ဝတ္တုတွင် ရတနာပုံ မန္တလေး နန်းတွင်း ရေး နောက်ခံအရ ကုန်းဘောင် မင်းဆက်နှောင်းပိုင်းကာလများတွင်မင်းကြီး ( ၈ ) ပါး ရှိခဲ့သည်။ ၄င်းတို့မှာ

၁၊ ကင်းဝန်မင်းကြီး ဦးကောင်း

၂၊ ခမ်းပတ်မင်းကြီးဦးရွှေမောင်*

၃၊ တိုင်တားမင်းကြီး

၎၊ပုခန်းမင်းကြီး

၅၊ ယောမင်းကြီး ဦးဖိုးလှိုင်

၆၊ ရေနံချောင်းမင်းကြီး

၇၊ ရွှေပြည်မင်းကြီး

၈၊ လောင်းရှည်မင်းကြီး တို့ဖြစ်ကြသည်၊

ထို့အပြင် မြန်မာ့စွယ်စုံကျမ်းအတွဲ ၂၊ စာမျက်နှာ ၃၂၆-၃၂၈ တွင် ခမ်းပတ်မင်းကြီးသည် သီပေါမင်း လက်ထက် တွင် သတိုးမင်းကြီး မဟာမင်းခေါင်ဥဇနာဘွဲ့ဖြင့် အပါးတ်ာမြဲမင်း မှုထမ်းယင်း ဒိုင်းဝန်ရာထူးကိုပါချီးမြှင့်ခြင်း ခံခဲ့ရ သည်၊ ပထမ အင်္ဂလိပ်-မြန်မာစစ်တွင် လည်း မဟာဗန္ဒုလနှင့် တွဲပြီး ဗိုလ်မှူး ရာထူးဖြင့်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

ယခင် ရှမ်းစော်ဘွားများ ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းလာပြီး စောညီခမ်းက ခမ်းပတ်မြို့ ကို လည်းကောင်း၊ စောခမ်းထီက တင်သာမြို့ကိုလည်းကောင်း၊ စောမိုင်းခမ်းက ကလေးမြို့ကို လည်းကောင်း မြို့ပြတည်ထောင် အုပ် ချုပ်ခဲ့ကြကြောင်း နွယ်ပတ်ရာဇဝင် အရ သိရှိရသည်ဟု Pu Zaruma က ၄င်း၏ Thurobu  စာမျက်နှာ ၁၈ – တွင်ဖော် ပြ ထားသည်။ ခမ်းပတ်ဟူသော ဝေါဟာရမှာ ချင်း ဘာသာစကားမဟုတ်ပဲ ရှမ်းဘာသာ ရွှေပု တီး ဟူ၍ ဖြစ်သည်။ မိမိအနေဖြင့်မူ ရှမ်းစော်ဘွားစောညီခမ်း တည်ထောင်သောမြို့ဖြစ်သောကြောင့် ခမ်းပတ်ဟု အမည် တွင် လေမည်လား ဟု စောကြောမိသည်၊

လူထုဦးလှက “ ညောင်ပင်သည် တနှစ်ထက်တနှစ်ကြီးလာပြီး ၁၉၁၄ ခုနှစ်တွင် ဧရာမညောင်ပင်ကြီးဖြစ် လာ သည်၊ အကိုင်းအခက် အလက်အရွက်မှာ လုံးဝန်းပြီး အကိုင်း များလည်း ညွတ်ကျလာသည်။ မြေကြီးနှင့် ကား မထိ သေးပေ၊ ထိုအချိန်မှစ၍ လူရှေအမျိုး သားများလည်း ခမ်း ပတ်ဒေသ တဝိုက်သို့ တစတစပြန်လည် ပြောင်းရွှေ့ လာကြ သည်၊ ညောင်ပင်ကြီး ၏ အကိုင်းများသည် ပို၍ပို၍ ညွတ်ကျလာပြီး နောက်ဆုံး တွင် မြေကြီးနှင့်ထိတော့သည်၊ လူရှေအမျိုးသားများလည်း ခမ်းပတ်အရပ်သို့ပို၍ ပို၍ပြောင်းရွှေ့လာကြသည်” ၊ “ ၁၉၅၂ခုနှစ်တွင် ထိုအထင်ကရ ညောင်ပင်ကြီးမှာ မိုးကြိုးပစ်၍ သေသွားသည်၊ ညောင်ပင်ကြီးသည် ရှေးလူကြီးများ အဓိဌာန်အတိုင်း တာဝန်ကျေ သွားခဲ့ပြီ၊ လူရှေ အမျိုးသားများလည်း ယခုအခါ ခမ်းပတ်ရွာ တဝိုက်သို့ ပြန် လည် ရောက်ရှိလာကြပြီး ရွာများတည် ကာနေထိုင်ကြပြီ၊ ညောင်ပင်ကြီး၏ တာဝန်ပြီး ဆုံးပြီ ဟု ဆိုကြသည်” ဟူ၍ရေးသားခဲ့သည်၊ ဆရာကြီး လူထုဦးလှသည် မြန်မာနိုင်ငံ တိုင်းရင်း ပုံပြင်များကိုလိုက်လံစု ဆောင်းရေးသားပြုစု သူဖြစ်သည့်အားလျော်စွာ လူရှေ သမိုင်း ပုံပြင်စာ အုပ် ကလေးကိုရေးသား ထုတ်ဝေခဲ့ သူဖြစ်သည်။

ခမ်းပတ်ညောင်ပင်ကြီးအား မည်သည့် ခုနှစ်၊ သက္ကရာဇ်တွင် မည်သူက စိုက်ခဲ့ကြောင်း တပ်အပ်သေချာစွာမ ပြောနိုင်ချေ၊ တကျောင်း တဂါထာ၊ တရွာတပုဒ်ဆန်း ဆိုသည့်အလား ခမ်းပတ်ညောင်ပင် အကြောင်းမှတ်တမ်း ပြုသူများ ၏ တင်ပြပုံချင်းလည်းမတူညီကြပေ၊ Pu Lal Mawia က Pu Haa က စိုက်ခဲ့သည်၊ Pu C. Rosiama က Pu Puha က စိုက်ခဲ့ သည်၊ PuHranglien Songate  က Pu Luopui က စိုက်ခဲ့သည် ဟူ၍ တကွဲတပြား စီရေးသားခဲ့ကြသည်၊ မည် သို့ဆိုစေ ခမ်းပတ်ညောင်ပင်ကြီးသည် ချင်းလူမျိုးများ အုပ်စုကွဲ ခါနီး အမှတ်တရ စိုက်ခဲ့ကြသည့် အထိမ်းအမှတ်တစ် ခုဖြစ်မည်ဟု ယူဆပါက မှားအံ့ မထင်ပါ၊

ဤခမ်းပတ်ညောင်ပင်ကြီးနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများရှိနေသည်၊

၁၊ ညောင်ပင်ကြီးသည်နှစ်ပေါင်း မည်မျှ ရှင်သန်ခဲ့မည်နည်း၊

၂၊ ရှမ်းများ ကဘော်အရပ်သို့ ရောက်မလာမီစိုက်နှင့်ခဲ့ပြီလား၊ သို့မဟုတ် ရှမ်းစော်ဘွား စောညီခမ်း ခမ်းပတ်မြို့ ကိုတည်ထောင်ပြီးမှ စိုက်ခဲ့လေမည်လား၊

၃၊ ခမ်းပတ်ဟူသောစကားလုံးသည် ရှမ်းစကားဖြစ်နေခြင်း ဖော်ထုတ်ရန်လိုမလို၊ စသဖြင့် – စသဖြင့် —

မေးခွန်းနံပါတ် (၁) အတွက် ရုက္ခဗေဒပညာရှင်များ အဆိုအရ ညောင်ပင်တစ်ပင် သည် နှစ်ပေါင်း ၈ဝဝ-၁၅ဝဝ ကြာရှင်သန်နိုင်သည်၊ Pu Thangkhangin ၏ Eimi Tenna Mun Masa ဆောင်းပါးအရ ကဘော်ချိုင့်ဝှမ်းသို့ ချင်းလူ မျိုးတို့ ခရစ်သက္ကရာဇ် ၈ဝ-ခန့် တွင် ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရသည်၊ စောဒကတက်ဘွယ် အချက်မှာ ၄င်း အေဒီ ၈ဝ-မှာ သုည တစ်လုံးမှား ကျန်ရစ်ခဲ့လေသလား။ ၄င်း အေဒီ ၈ဝ-သည် ပကတိပင်လား၊ ခွဲခြားတတ်ရန် လိုပါသည်၊ မိမိအနေဖြင့်မူ အေဒီ ၈ဝ အား ၈ဝဝ-ဟုပြင် ဆင်လျှင် မှန်ကန်လိမ့်မည်ထင်ပါသည်၊ အကြောင်းမှာ ဆောင်း ပါးတစ်ခုလုံး အားခြုံငုံ ဆန်းစစ်လိုက်လျှင် ပုဂံခေတ်မြန်မာမင်း များအကြောင်း၊ မိုးကောင်း ရှမ်းဘုရင်နှင့် မဏိပူရ က သည်းမင်းများအကြောင်းတို့ ပါရှိနေသောကြောင့်ပင်၊ ( ဆောင်းပါးပါ သက္ကရာဇ်ကို သာ ညွှန်းလိုသည် )

မေးခွန်း (၂) အတွက် နန်ချောင်( ရှမ်း ) နိုင်ငံပြိုကွဲသည့် ( အေဒီ ၁၃-ရာစု ) နောက်ပိုင်း ရှမ်းစဝ်ဖ ( မြန်မာအ သံထွက် စော်ဘွား ) တစ်ချို့သည် ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာ ရာ မိုးကောင်း၊ မိုးညှင်း၊ ဝန်းသို၊ ခမ်းပတ်၊ ခမ္မတီး၊ သောင် သွတ်၊ ကလေး၊ တင်သာ စသည်တို့တွင် အသီးသီးမြို့ပြ တည်ထောင်အုပ်ချုပ်ခဲ့ သည်ဟုဆို သည်၊ ယင်းကာလတွင် ချင်း အများအပြားသည် ကဘော်ဒေသကို စွန့်ခွါနှင့်ပြီးဖြစ်၍ အဘယ်ကြောင့်ခမ်းပတ် ဟူသော အမည်ကိုသုံးလေမည် နည်း၊ စဉ်းစားရအလွန်ခက်ခဲသည်။

မေးခွန်း (၃) အတွက် ခမ်းပတ်ဟူသော စကားလုံး အနက် နှင့်ပတ်သက်၍ ချင်းလူ မျိုးများ က အမြတ်တနိုး တန်ဖိုးထား သည့်ညောင်ပင်အား အဘယ်ကြောင့်ရှမ်း အမည်ပေးထား ပါသနည်း၊ ရွှေပုတီး ( သို့မဟုတ် ) စောညီခမ်းနှင့်ပတ် သက် ၍ ၄င်း အမည်ဖြစ်ပေါ်လာပုံ ကို စူးစမ်းလေ့လာချင်စရာဖြစ်နေသည်။

ရှေးကစိုက်ခဲ့သည့်ညောင်ပင်ကြီးကား မရှိတော့ပြီ၊ ယခုတဖန်ပြန်လည်ပေါက်လာ သည့်ညောင်ပင်မှာ လူစိုက် သည့် ညောင်ပင်ဖြစ် ဟန်မတူပေ၊ တစ်ချို့လူများက ၄င်းသေ ခဲ့ပြီးသော ညောင်ပင်ကြီး၏ အတက်ပေါက်သော် လည်း ကောင်း၊ မြစ်ပျံပေါက်သော် လည်းကောင်း ဖြစ်မည်ဟု ယူဆကြသည်။

(ခမ်းပတ်ညောင်ပင်သည် လက်ရှိ စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီးတွင် တည်ရှိသည်၊)

Share.

About Author

Comments are closed.