NCA မူကြမ်းအတည်ပြုချက်အပေါ် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ပြန်လည်စီစစ်နေ

0

???????????????????????????????

NCCT နှင့် UPWC အကြား ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ချုပ်ဆိုလက်မှတ်ရေးထိုးသည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များက ပြန်လည်စီစစ် သုံးသပ်နေကြသည်။

 

KNU ခြေကုပ်ယူရာ ကရင်ပြည်နယ် လော်ခီးလာ လေးဝါးစခန်းတွင် ယခုလ ဇွန် ၂ ရက်နေ့မှ စတင် ကျင်းပသည့် အဆိုပါ ထိပ်သီးခေါင်းဆောင်များ တတိယနေ့အစည်းအဝေးတွင် အဆိုပါ အခန်း (၇) ခန်းပါ Nationwide Ceasefire Agreement(NCA) ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် မူကြမ်းရေးဆွဲပြီးစီးကြောင်း အတည်ပြု ချက်ကို မိခင်အဖွဲ့အသီးသီးမှသဘောထားများနှင့် အတူ  ပြန်လည် ဆွေးနွေးနေခြင်းဖြစ်သည်။

 

” ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ NCCT နဲ့ UPWC က တပြည်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် မူကြမ်း ပြုစုပြီးစီးကြောင်း အတည်ပြုထားတာရှိပါတယ်၊ ယနေ့ EAO Summit မှာ ဒီမူကြမ်းအတည်ပြုချက်ကို ဆွေးနွေးတယ်၊ ဒီ အတည်ပြုချက်တွေကို တခုလုံးခြုံကြည့်လိုက်ယင်  EAO တဖွဲ့ခြင်းရဲ့သဘောထားတွေနဲ့ သိပ်ပြီး ကွဲလွဲတာမရှိပါဘူး၊ တော်တော်ကလေး နီးစပ်တယ်လို ဆိုချင်ပါတယ်” ဟု CNF အထွေထွေအတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးက ပြောသည်။

 

အဆိုပါ မူကြမ်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့က NCCT နှင့် UPWC တို့ ပထမဆုံးအကြိမ်းဆွေးနွေးခဲ့ရာမှ အလွတ်သဘော (၂၂) ကြိမ်၊ တရားဝင် (၇)ကြိမ်အထိ တွေ့ဆုံဆွေးနွေးခဲ့ရာမှ နောက်ဆုံး ထွက်ပေါ်လာသည့် မူကြမ်းပြီးစီးကြောင်း အတည်ပြုချက်ဖြစ်သည်။

 

(၇) ကြိမ်မြောက်ဆွေးနွေးပွဲမှ သဘောတူရရှိသည့် စာချုပ်မူကြမ်း NCA ကို နှစ်ဘက် သဘောတူညှိနှိုင်းပြုစု ရေးဆွဲပြီး စီးကြောင်း အတည်ပြုချက်ကို UPWC ဖက်မှ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခက်ထိန်နန် နှင့် NCCT ဖက်မှ နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်မော်၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့မှ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှေ့မှောက်တွင် လက်မှတ်ရေး ထိုးခဲ့ ကြသည်။

 

NCCT နှင့် UPWC အကြား ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က သဘောတူချုပ်ဆိုထားသည့် မူကြမ်းကို အဖွဲ့အသီး သီးမှ ထိပ်သီးခေါင်းဆောင်များက သဘောထားပေးရာတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် စသဖြင့် အချက် ၅၀ ကျော် ပါဝင်ပြီး အခြား အချက် ၂၂ ချက်လည်း ပါဝင်သည်ဟု သိရသည်။

 

ဇွန်လ ၂ ရက်နေ့မှ ၆ ရက်အထိ ကျင်းပမည့် EAOs ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် UN Special Envoy ဗီဂျေးနမ်ဘီးယား က  NCA ဖြစ်စဉ်ကို ယုံကြည်စေချင်ကြောင်း နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းအသုံးချပြီး အခွင့်အခါကို သိတတ်လျက် အခွင့်အရေးကို ရယူတတ်ဖို့ တိုက်တွန်းသွားသလို တရုတ်နိုင်ငံဆိုင်ရာ အာရှ ရေးရာ အထူးကိုယ်စားလှယ်ကလည်း ယနေ့ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်သည် အလားအလာကောင်းမွန်နေသော်လည်း ကောင်းမွန်ပြီဟု မပြောနိုင်သေးကြောင်း ငြိမ်းချမ်းရေးခရီးကို ဆက်လျှောက်ရဦးမည်ဖြစ်ကြောင်း အခွင့်အရေးဆို သည်မှာ နှစ်ခါ ပြန်မလာကြောင်း ပြောဆိုသွားသည်။

 

အစည်းအဝေးတွင် NCA မူကြမ်းအတည်ပြုမှုသဘောထားများအပြင် Arakan Army( ရခိုင်တပ်မတော်),  MNDAA( ကိုးကန့်တပ်ဖွဲ့), PSLF/TNLA( တအင်းန် ပလောင်အဖွဲ့) သုံးဖွဲ့၏ NCCT မှ နှုတ်ထွက်လွှာ တင်သွင်းလာသည့် အပေါ် ဆက်လက်ဆွေးနွေးဖွယ်ရှိသည်ဟု သိရသည်။

 

ဇွန်လ ၂ ရက်နေ့မှ စတင်ကျင်းပနေသည့် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့ထိပ်သီး ခေါင်းဆောင် များအစည်းအဝေးသို့  KNU, KNU/KNLA – PC, KIO, KNPP, SSPP, CNF, NMSP, ALP, AA, ANC, PNLO, MNDAA, TNLA, WNO, ABSDF, DKBA, LDU မှ ထိပ်သီးခေါင်းဆောင်များ နှင့် အတူ WLB အမျိုးသမီးအဖွဲ့၊ တရုတ်ကိုယ်စားလှယ်၊ UN, HD, EBO, PRC , ENAC နှင့် ဥပဒေပညာရှင် ဒေါက်တာ ၀ီလျံ စသဖြင့် စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ကြသည်။

 

Share.

About Author

Leave A Reply

*

code