ချင်းလူမျိုးများ ပိုင်ဆိုင်သော တောင်ဖီလာဘာသာရေး သင်္ချိုင်း ဖြိုချဖျက်ဆီးခံရ

0

IMG_20150607_070821

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ဖီလာ ရပ်ကွက်ရှိ ချင်းလူမျိုးများပိုင်ဆိုင်သော ဘာသာရေးသင်္ချိုင်းကို စည်ပင်သာယာရေး အဖွဲ့မှ ဇွန်လ ၄ ရက်နေ့နံနက်ပိုင်း ၂ နာရီခန့်တွင် မြေထိုးစက် ၃ စီးဖြင့် ဖြိုချဖျက်ဆီးလိုက်ပြီဟုသိရ သည်။ ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးမောင်ထူး၏ အမိန့်ဖြင့် ကလေးမြို့စည်ပင်သာယာရေး အဖွဲ့က ဇွန်လ ၃ ရက်နေ့ ကတည်းက အဆိုပါ သင်္ချိုင်းမြေပေါ်တွင် “ စည်ပင်ဧရိယာ မည်သူမျှ မကျူးကျော်ရ ကျူးကျော်ပါက အရေးယူမည်’’ ဟု စာတန်းပါသော ဆိုင်းဘုတ်ကို  လာရောက်စိုက် ထူခဲ့ပြီး ဇွန်လ ၄ ရက် နံနက် ၂ နာရီခန့် တွင် ရဲတပ်ဖွဲ့မှလုံခြုံရေး အကာ အကွယ်အောက်တွင် သင်္ချိုင်းကို ဖျက်ဆီးခဲ့ကြခြင်းဖြစ် သည်ဟု တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ အတွင်းရေးမှူး ဦးဗန်ကီးက ပြောသည်။

“ ဇွန် ၃ ရက်နေ့မှာ စည်ပင်လာပြီးတော့ မနက် ၇ နာရီမှာ သင်္ချိုင်းခြံတွေဖျက်ပြီးတော့ အထဲဝင်ပြီးတော့ စည်ပင်နယ်မြေ ကျူးကျော်ခြင်း မပြုရ ကျူးကျော်ပါက အရေးယူမယ်ဆိုတဲ့ ဆိုင်းဘုတ်ကို လာကပ်သွားတယ် ဒါနဲ့ ည ၁၂ နာရီလောက်မှာ သတင်းတော့ နည်းနည်းကြား တယ် ရဲတွေ သင်္ချိုင်းမှာ ညအိပ်ကြတယ်နော်ဆိုပြီး နောက်ကျတော့ မနက် ၂ နာရီလောက် မှာ ကျနော့်ကိုလာနှိုးတယ် ဘိုဒိုဇာတွေဘာတွေ နဲ့ စည်ပင် နဲ့ ရဲတွေ သင်္ချိုင်းရောက်ကုန်ပြီ အကုန်လုံးတိုက်ဖျက်နေပြီ ဆိုပြီး တော့ လာပြောတယ် ၃နာရီခွဲလောက်မှာ ကျနော်တို့ အကုန်လုံး ဟိုမှာရောက်တယ်၊
ဒါပေမယ့် သွားကြတော့ ၀င်ခွင့်မရ ဘူးလေ လမ်းဟိုဘက် ဒီဘက်ကနေ ရဲက အကုန်လုံးပိတ်ပြီးတော့ ဘယ်သူမှ ကျနော်တို့ဝင် ခွင့်မရှိတော့ဘူး’’ ဟု ဦးဗန်ကီး က ပြေသည်။

 

စည်ပင်သာယာရေးအဖွဲ့၏ မြေထိုးစက်ဖြင့် ထိုးဖျက်ခြင်းကြောင့် သင်္ချိုင်းအတွင်းရှိ တရုတ်စကားဝါးအပင်ပေါင်း ၄၀၀ ကျော် နှင့် အုပ်ဂူ ၁၀၀ ကျော် ကြေမွပျက်စီးသွားသည်ဟု ဦးဗန်ကီးကဆက်ပြောသည်။

ယင်းသင်္ချိုင်းမြေနေရာတွင် ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံးတည်ဆောက်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၄ မတ်လမှစတင်ကာ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ခရိုင်စီမခံခန့်ခွဲရေးကော်မတီ တို့မှ ဖျက်သိမ်းရန် ကြိုးစားခဲ့သော်လည်း သင်္ချိုင်းမြေနေရာ ပိုင် ရှင်ဖြစ်သော ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အဖွဲ့မှ တစိုက်မတ်မတ် ကန့်ကွက်မှုများ ကြောင့် ရပ်ဆိုင်းခဲ့ကြသည်။

ထို့နောက် သင်္ချိုင်းမြေပိုင်ရှင် ခရစ်ယာန်ဘာသာရေး ဂိုဏ်းပေါင်းစုံအဖွဲ့ နှင့် ကလေးခရိုင်စီမံခန့်ခွဲရေးကော်မတီ တို့အကြား ဆွေးနွေးပွဲ ၈ ကြိမ်ထက်မနည်းပြု လုပ်ခဲ့ကြသော်လည်း ယနေ့ချိန်ထိပြေလည် မှုမရရှိနိုင်ဘဲ ခုအခြေအနေထိရောက် ရှိသွား ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲများကို ကြားဝင် ညှိနှိုင်းဖြေရှင်းပေးသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၏ ပြောဆိုချက်အရ ဆွေးနွေးပွဲ မပြေလည်ရသည့် အဓိက အကြောင်းရင်းမှာ သင်္ချိုင်းမြေခွဲဝေရေး ကိစ္စ ဖြစ်ပြီး အကျယ်အ၀န်း ၃ ဧကရှိသော ယင်းသင်္ချိုင်းမြေကို ကလေးခရိုင် စီမံခန့်ခွဲရေးကော်မတီ မှ ၂၅ ကုတင်ဆံ့ တိုင်းရင်း ဆေးရုံးဆောက်ရန် မြေ ၂ ဧကခန့်လိုချင်ပြီး၊ ဘာသာရေးအဖွဲ့ အစည်းဘက်မှ ယင်းအဆိုပြုချက်ကို လက်မခံနိုင်ဘဲ တစ်ဝက်စီ ခွဲဝေရန် ဆန္ဒရှိနေကြသည်ဟု ပြောသည်။

“ အစိုးရက ၂ ဧက သုံးချင်တယ်၊ ဟိုဘက်က အနည်းဆုံးတစ်ဝက်လောက်ယူချင်တယ် ရှိတာက ၃ ဧက၊ ၁ ဧက ကို ပေးပြီး ၂ ဧကကိုသုံးချင်တယ် အဲဒီနှစ်ခုကို ညှိနှိုင်းလို့မရဖြစ်နေတာ ဆိုတော့ အဲဒါလေးတွေဖြစ်သွားတာပေါ့၊ ဆွေးနွေးတိုင်ပင်မှုပဲ အကောင်းဆုံးပါ၊ နှစ်ဦးနှစ်ဘက်က
စိတ်ရှည်ရှည် သဘောထားပြီး စဥ့်လည်းလျှောက် သာ ပျားလည်းစွဲသာဆိုသလို လျှော့နိုင်သဘောလျှော့ကြပြီးတော့ များများဆွေးနွေးပေးလေ အောင်မြင်မှုနီးစပ် လာလေ့ပေါ့’’ ဟု ဦးခင်မောင်သန်းကပြောသည်။

ဒေသခံခရစ်ယာန် ဂိုဏ်းပေါင်းစုံအဖွဲ့အနေဖြင့် တိုင်းရင်းဆေးရုံ တည်ဆောက်မည့် အစိုးရအစီစဉ်ကို ကန့်ကွက်ခြင်း မဟုတ်ကြောင်း၊ မိမိတို့ဘိုးဘွားပိုင် သုသာန်မြေပေါ်တွင် အများပြည်သူအကျိုးပြုစေမည့် အားကစား၊ စာသင်ကျောင်း၊ ပန်းခြံ နှင့် တောင်ဖီလာ နှစ်  ၁၀၀ ပြည့်အထိမ်း အမှတ်အုပ်ဂူများ ထားရှိရန် စီစဉ်ထားခြင်းဖြစ်သည် ဟု ဦးဗန်ကီးက ပြောသည်။

တောင်ဖီလာအရပ်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်နေ့က ချင်းတိုင်းရင်းသားများ ဖြစ်ကြသော ဦးလှိုင်မှူန်း နှင့် အခြားမိသားစု ၈ စုတို့မှ တောကြီးမျက်မည်းအား ရှင်းလင်းကာ ရွာတည်နေထိုင်ခဲ့ကြပြီး၊ ယခု အငြင်းပွားနေသော  သာန်မြေနေရာကိုလည်း
ဦးလှိုင်မှူန်းမှ ဘာသာရေး သင်္ချိုင်းမြေအတွက် အသုံးပြုရန် လှူဌာန်းခဲ့သော မြေဖြစ်သည်။

ယင်းသင်္ချိုင်းမြေသည် ၁၉၇၀ ခုနှစ်က ပုံစံ ၁၀၅(က)အရ ဘာသာရေး သင်္ချိုင်းမြေအဖြစ် တရားဝင် သတ်မှတ်ထား သည့် မြေဖြစ်ပြီး ယနေ့ချိန်ထိ ပုံစံ၁၀၅(က) (Land Record 105(A) လည်းရှိသေးသည်ဟုသိရသည်။

သင်္ချိုင်းမြေ ဖြိုချဖျက် ဆီးခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံ အနေဖြင့် တရားဥပဒေကြောင်း အရဆက်လက်ဆောင်ရွက် သွား မည်ဟုသိရပြီး ဆန့်ကျင် ကန့်ကွက်သော ဆန္ဒထုတ်ဖော်မှုများကို လည်း ပြုလုပ်သွားမည် ဟု သိရသည်။
Share.

About Author

Leave A Reply