ဟွာလ်ငိုချင်းစာပေကို ကလေးခရိုင်အတွင်း အစိုးရကျောင်းများတွင် စတင်သင်ကြားတော့မည်

0

Hualngo Zirlai bu

 

ချင်းမျိုးနွယ်စု တစ်ခုဖြစ်သော ဟွာလ်ငို ချင်းစာပေကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် အတွင်းရှိ အစိုးရကျောင်း များ တွင် ဇူလိုင်လ ဒုတိယပတ်မှ စတင် သင်ကြားတော့ မည်ဟုသိရသည်။ ဟွာလ်ငိုချင်းစာပေ သင်ကြားရေးကိစ္စနှင့် ပတ်သက်ပြီး ကလေးခရိုင် ပညာရေးမှူးမှ ဇူလိုင် ၇ ရက်နေ့ က မြို့နယ် ပညာရေးမှူး ရုံးတွင် အစည်း အဝေးဖိတ်ခေါ်ကာ ယင်းအစည်း အဝေးပွဲတွင် မြို့နယ်ပညာရေးမှူး၊ ဟွာလ်ငိုင်ချင်းစာပေ သင်ကြားရေး ကော်မတီ၊ ကလေးမြို့နယ် အတွင်းရှိ ဟွာလ်ငို ချင်း စာပေသင်ကြား မည့်ကျောင်း အုပ်ကြီးများ၊ ကျောင်းဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြပြီး ဟွာလ် ငို ချင်းစာပေ ကို သက်ဆိုင် ရာကျောင်း များတွင် စတင်သင်ကြား ရန် နှင့် လိုအပ် သလိုဆောင်ရွက် ကြရန် ညွန်ကြားခဲ့ သည်ဟု ဟွာလ်ငိုချင်း စာပေ သင်ကြားရေးကော်မတီ ဥက္ကဌ ဦးဟွာလ် ဟူ ထန်းငါ ကပြောသည်။

 

ကလေးခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၄-၁၅ ပညာသင်နှစ်ကစ၍ ချင်းတိုင်းရင်းသားဘာသာစကားများဖြစ်ကြသော  လိုင်ဇိုး (ဖလမ်း)၊ လိုင်(ဟားခါး)၊ ကမ်ဟောက်(တီးတိန်) စာပေများအား စတင်သင်ကြားခဲ့ကြပြီးနောက် ယခု ၂၀၁၅-၁၆ ပညာ သင်နှစ်တွင် ဟွာလ်ငိုချင်းစာပေ (ဒူ့လျန်) ကို သူငယ် တန်း မှ ဒုတိယတန်းအထိ ဇူလိုင်လ ၁၃ ရက်နေ့မှစတင်ပြီး အစိုးရ ကျောင်း ၁၅ ကျောင်း၌ သင်ကြားသွားမည်ဖြစ်သည်။

 

“မြို့နယ် ပညာရေးမှူးထံကနေ ရရှိတဲ့စာရင်းအရတော့ ကျောင်း ၁၅ ကျောင်းမှာ စတင်သင်ကြားကြမှာပါ၊ သင်ကြားဖို့ စာရင်း မပေးသွင်းသေးတဲ့ ကျောင်းတွေလည်းကျန်ရှိနေပါသေးတယ်၊ အဲဒီကျောင်းတွေလည်း မကြာခင် စာရင်းပေးသွင်း လာ ကြမယ်လို့ မျှော်လင့်ရပါတယ်’’ ဟု ဦး ဟွာလ်ဟူထန်းငါ ကပြောသည်။

 

အဆိုပါကျောင်း ၁၅ ကျောင်းတွင် ဟွာလ်ငိုချင်းစာပေကို သင်ကြားပေးမည့် ကျောင်းဆရာ၊ ဆရာမများလည်း အဆင်သင့် ရှိနေကြပြီး၊ စာသင်ချိန်ကို အစိုးရကျောင်းဆင်ပြီးချိန်တွင် ခေတ္တခဏအနားယူပြီးနောက် တစ်နာရီအကြာ သင်ကြား ပေးကြမည်ဟု သိရသည်။

 

ဟွာလ်ငိုချင်းစာပေ သင်ကြားရေးကော်မတီဥက္ကဌက “အရင်တုန်း ကတော့ အစိုးရကျောင်းတွေမှာ မြန်မာစာဘဲသင်ရတယ်၊ ကျနော်တို့တိုင်းရင်းသားတွေ ကကိုယ့်ဘာသာစကား တွေကို သင်ကြားချင် တယ်ဆိုရင် နွေရာသီကျောင်းပိတ် ရက်တွေမှာ ချင်း လူမျိုးတွေ ဆိုရင် ဘုရားကျောင်း မှာ သင် ရ တယ်၊ ရှမ်းလူမျိုးတွေ ဆိုရင် ဘုန်းကြီးကျောင်းတွေမှာ သီးခြားသင်ကြား ရပါတယ်၊ ဒါပေမယ့် အခုတော့ ကိုယ့်ဘာသာ စကားကို အစိုးရကျောင်းမှာ သင်ကြားနိုင်တော့ မှာဆိုတော့ အရင်တုန်းကလို ဘုရားကျောင်း တို့ ဘုန်းကြီးကျောင်းတွေမှာ သင်စရာ မလိုတော့ ဘူး၊ နွေရာ သီကျောင်း ပိတ် ရက်တွေရောက် လာရင်လည်း ကလေးတွေအတွက် အကျိုးရှိစေမယ့် အင်္ဂလိပ်စကား ပြောသင်တန်းတွေ အစားထိုးပြီး သင်ကြားလို့ရလာမယ်’’ ဟု ပြောသည်။

 

ဟွာလ်ငိုချင်းစာပေကို ကလေးခရိုင်အပြင် ဟွာလ်ငိုချင်းမျိုးနွယ်စုများနေထိုင်ကြသော ချင်းပြည်နယ် ဖလမ်း၊ ရိဒ်၊ တီးတိန်၊ တွန်းဇံ နှင့် ပလက်ဝ စသည့်မြို့နယ်များမှ ကျေးရွာပေါင်း ၅၄ ရွာတွင် သင်ကြားနိုင်ရန်လည်း စီစဉ်ထားသည်ဟုသိရသည်။

 

ယခုကဲ့သို့ ဟွာလ်ငိုချင်း စာပေအား သင်ကြားပေးနိုင်ရန် ဟွာလ်ငို ချင်းဖတ် စာအုပ်များ ပုံနှိပ်ထုတ်ဝေပေးသော  ပညာရေး ၀န်ကြီး ဌာန နှင့် ကလေးခရိုင် ပညာရေးမှူး၊ မြို့နယ်ပညာရေး မှူး၊ ကျောင်းအုပ် ဆရာကြီးများ၊ ကျောင်းဆရာ၊ ဆရာမများ အပေါ် ဟွာလ်ငို ချင်းစာပေ သင်ကြားရေးကော်မတီ အနေဖြင့် အထူးကျေးဇူးတင် ရှိကြောင်း၊ ဟွာလ်ငိုချင်း ဖတ် စာအုပ်ကို လည်း စေတနာရှိရှိ သင်ကြားပေးကြပါရန် ဦးဟွာလ်ဟူထန်းငါက တိုက်တွန်းပြောဆိုသည်။

Share.

About Author

Leave A Reply

*

code