SD ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံး ပြောကြားသော မိန့်ခွန်း

0

တိုင်းရင်းသာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့၏ (၈) ကြိမ်းမြောက် NCA ညှိနှိုင်းေ ဆွးနွေး ပွဲ တွင် SD ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံး ပြောကြားသော မိန့်ခွန်း –

 

လေးစားအပ်ပါသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အစိုးရကိုယ်စားလှယ်များ၊ ဥပဒေပြုလွှတ်တော် အမတ်ဦးသိန်းဇော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် တပ်မတော်ကိုယ်စားလှယ်များခင်ဗျား…

 

အခုလို အဌမကြိမ်မြောက် NCA ညှိနှိုင်းဆွေးနွေးပွဲမှာ စကားပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း နှင့် ညှိနှိုင်း ဆွေးနွေးပွဲကို လက်ခံကျင်းပပေးတဲ့အတွက် အထူးဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း ဦးစွာဖော်ပြလိုပါတယ်။ MPC မှ နည်းပညာ အထောက် အကူပြုအဖွဲ့ဝင် များနှင့် ရုံးအဖွဲ့ဝင်များအားလုံးကိုလည်း အားကြိုးမာန်တက် စီစဉ်ဆောင်ရွက်ပေးမှုများအတွက် ကျေးဇူး တင်ပါတယ်။ ဒီညှိနှိုင်းဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်ချီးမြှင့်ပေးတဲ့ ပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူး ဥပကာရတင်ရှိကြောင်း ဖော်ပြလိုပါတယ်။

 

ကျွန်တော်တို့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) ဟာ ပြီးခဲ့တဲ့ ဇွန်လက လော်ခီးလာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကနေ ဖွဲ့စည်းတာဝန်ပေးလိုက် တာဖြစ်ပါတယ်။ (NCA) ကို ညှိနှိုင်းဆွေးနွေး ဖို့အဆင့်မြင့်ခေါင်းဆောင်များကို ရွေးချယ်စေလွှတ်ပြီးလုပ်ပိုင်ခွင့်အပြည့် ပေးထား တာဖြစ်ပါတယ်။ အခုဆိုရင် (NCA) မှာ အင်မတန်အရေးကြီးတဲ့ အချက်အလက်အနည်းငယ်သာ ကျန်ပါတော့တယ်။ ဒီအရေးကြီးတဲ့ အချက်အလက်တွေကို (UPWC) နှင့်အတူ ညှိနှိုင်း အဖြေရှာသွားမှာဖြစ်ပါတယ်။ ဒီလိုညှိနှိုင်းအဖြေရှာသွားမှလည်းပဲ တစ်တိုင်းပြည်လုံး က လိုချင်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို နိုင်ငံရေးဆွေးနွေးပွဲများကနေတဆင့် တည်ဆောက်ရယူနိုင်မှာ ဖြစ် တယ်။ နှစ်ပေါင်း (၇၀) နီးပါး ဖြစ်ပွားနေတဲ့နိုင်ငံရေးပဋိပက္ခတွေကို ချုပ်ငြိမ်းစေနိုင်ရေး အ တွက် နှစ်ဖက်လုံးက စိတ်ရင်းစေတနာနဲ့ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်တယ်။ သဘောတူညီချက်ရရှိရေးအတွက် အခက်အခဲရှိရင်လည်းပဲ အရင်းခံပြသာနာကို ရှာဖွေပြီးတော့ သဘောတူညီချက် ရရှိသည်အထိ ကြိုးပမ်းညှိနှိုင်းဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။

 

ဒီကနေ့ ကျနော်တို့လက်ထဲမှာရောက်နေတဲ့ NCA မူကြမ်းကိုရရှိအောင် တစ်နှစ်ခွဲကာလအတွင်း ခုနှစ်ကြိမ်တိုင်တိုင် တရားဝင် ညှိနှိုင်းဆွေးနွေးခဲ့ကြတဲ့ UPWC နဲ့ NCCT တို့ရဲ့ကြိုးပမ်းအားထုတ်မှုကိုဂုဏ်ပြုချီးမွမ်းလိုပါတယ်။ ဒီမူကြမ်းအဆင့်ရရှိအောင် လူအင်အား၊ ငွေအင်အားနဲ့ အ ချိန်တွေ ဘယ်လိုပေးခဲ့ကြတယ်၊ ဘယ်လောက်ပင်ပန်းခဲ့ကြတယ်ဆိုတာကို ပြောစရာမလိုအောင် အားလုံးအသိဖြစ်ပါတယ်။ ဒါကိုအသိအမှတ်မပြုလို့မရပါဘူး။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ မရှိခဲ့ဘူးတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်ကို လက်တွေ့အကောင်အထည်ဖော်သူများဟာ NCCT နဲ့ UPWC ပဲ ဖြစ်ပါတယ်။ တပ်မတော်ခေါင်းဆောင်ကြီး များရဲ့ အမြော်အမြင်ကြီးမားမှု၊ အစိုးရရဲ့ကြိုပမ်းအားထုတ်မှု၊ လွှတ်တော်ရဲ့ပံ့ပိုးကူညီမှုများဟာ အားရစရာကောင်းပါတယ်။ ဒါဟာ သမိုင်းမှာ တွင်ကျန်ရစ်ခဲ့မှာပါ။ ဒီယဉ်ကျေးမှုသစ်ကို ဆက်လက်တိုးမြှင့်ထိန်းသိမ်းသွားဖို့လည်း တိုက်တွန်းလိုပါတယ်။

 

ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကအကြောင်းအမျိုးမျိုးကြောင့် ခါသီးကြမ်းတမ်းခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဒီဒဏ်ကို ခံခဲ့ကြရတဲ့သူတွေအနေနဲ့ ယုံကြည်မှုတွေ ပျောက်ကွယ်နေတာ၊ အားနည်းနေတာဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒါကို ကုစားဖို့ရန်အတွက် အချိန်တော့ ယူရ ပါ မယ်။ နှစ်ပေါင်း (၇၀) နီးပါးဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကိုအဆုံးသတ်ဖို့ အခက်အခဲ အများကြီးကျော်လွှားသွားကြရမှာ ဖြစ်ပါတယ်။ စိတ်ရှည်ရမယ်။ သည်းခံရမယ်။ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ဆွေးနွေးညှိနှိုင်း ပြီးတော့ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

 

NCA မူကြမ်း ဟာ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတွေကနေ ပြည်ထောင်စု သဘောတူ စာချုပ်ချုပ်ဆိုပြီး ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေး အတွက် အခြေခံ အုတ်မြစ်ဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီ NCA စာချုပ်ကိုချုပ်ဆိုဖို့ လိုအပ်သလဲ ဆိုတဲ့ အခြေခံ အကြောင်း တရားတွေ ရှိ ပါ တယ်။ အဲဒီအကြောင်းတရားတွေကတော့ –

 

၁။ နှစ်ပေါင်း (၇၀) နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို အဆုံးသတ်နိုင်ဖို့ ဖြစ်တယ်။

 

၂။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝ ရောက်သွားခြင်းဟာ ပြည်တွင်းနိုင်ငံရေးပြဿနာ ကြောင့်ဖြစ်တာမို့ LDC နိုင်ငံဘဝကနေ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဘဝကို ရောက်ရှိနိုင်ရေးအတွက် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းနိုင်ရေး အတွက်ပဲ ဖြစ်ပါ တယ်။

 

၃။ ဒုက္ခသည်တွေ (Refugee)၊ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူတွေ (IDP) တွေ သန်းနဲ့ချီပြီးတော့ နယ်စပ်မှာသော်လည်း ကောင်း၊ ပြည်တွင်းထဲမှာသော်လည်းကောင်း၊ နိုင်ငံတကာမှာသော်လည်းကောင်း ထွက်ပြေးတိမ်းရှောင်နေကြတာဟာ ဒီမိုကရေစီ ဆိတ်သုဉ်းမှု၊ တန်းတူညီမျှမှု မရှိခြင်း တို့ကြောင့် ဖြစ်တဲ့အတွက် ဒါတွေကို အမြန်ဆုံး အဖြေရှာနိုင်ရေးအတွက် ဖြစ်တယ်။

 

၎။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲမွဲတေမှုဖြစ်ခြင်း၊ လူမှုဒုက္ခပေါင်းစုံခံစားနေရခြင်းမှ လွတ်မြောက်နိုင်ရေးအတွက် ဖြစ်ပါတယ်။

 

၅။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့ အသက်သွေးကြော ဖြစ်တယ်။ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်စေနိုင်သလို နှစ်ပေါင်း (၇၀) နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို လည်းပဲ ငြိမ်းသွားစေနိုင် ပါ တယ်။ ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ တိုင်းရင်းသားပြည်သူများရဲ့ အကျိုးစီးပွားကို အာမခံချက်ပေးတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးဆီကို ဒီကနေ့ရရှိထားပြီဖြစ်တဲ့ လမ်းပြမြေပုံ (Roadmap) ကနေ တဆင့် သွားရောက်နိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် နိုင်ငံရေးလမ်းပြမြေပုံနဲ့အညီ အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲဆီကိုသွားပြီး နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ ဖြင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ကြရပါမယ်။ ပြည်သူ့အကျိုးကို ဦးထိပ်ထားကြရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀) အ တွင်း ပြည် သူတွေ ဒုက္ခခံစားနေကြတာတွေကို နောင်လာမည့်အနာဂတ်မှာ ဆက်လက်မဖြစ်ပွားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံး လက်တွဲ လုပ်ဆောင်ကြရမယ်။ နာကျည်းမှုတွေ၊ မခံချင် စိတ်တွေ၊ ရန်လိုမှုတွေကို မေတ္တာတရား၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတွေနဲ့ ကျွန်တော်တို့ ကျော်လွှားအနိုင်ယူရမယ်လို့ပြောရင်း နိဂုံးချုပ်ပါတယ်။

Share.

About Author

Leave A Reply

*

code