ဟားခါး မြေပြိုမှု အိမ်ခြေ ၃၀၀ ခန့်ပျက် လူပေါင်း ၂၀၀၀ ကျော်နေရာ ပြောင်းရွှေ့ထားရ

0

hakha disaster

မိုးအဆက် မပြတ်ရွာသွန်းပြီး တောင်ပြို၊ မြေပြိုမှုများကြောင့် ဟားခါးမြို့တွင် အိမ်ခြေ ၃၀၀ ခန့်ပျက်စီး သွားပြီး လူပေါင်း ၂၀၀၀ ကျော်ကိုဘေ ကင်းလုံခြုံရာသို့ ပြောင်းရွှေ့နေရာ ချထားပေး သည်ဟု သိရသည်။  မြေပြိုမှုများကြောင့် ဟားခါးမြို့ပေါ်ရှိ မြို့ဟောင်းရပ် ကွက်တွင် အိမ်ခြေ၁၉၆ ၊ အထက (၁) ကျောင်းအောက် ရှိ Kei Thei Bo ရပ်ကွက် တွင် အိမ်ခြေ ၆၅ ၊ ဈေးသစ်ရပ်ကွက်တွင် အိမ်ခြေ ၁၆အိမ် ပျက်စီးခဲ့ပြီး လူဦးရေ ၂၆၀၀ ကျော်နေ ရာပြောင်းရွှေ့ထားရကြောင်း ဟားခါးမြို့ မိမြို့ဖ အဖွဲ့မှ ဦးရွှေထီယိုကပြောသည်။ “ ဟားခါးမှာ မိုးတော့ ဆက်မရွာတော့ဘူး ဒါပေမယ့် မြေက ပျော့တယ်ဆိုတော့မြေပြိုနိုင်သေးတဲ့အခြေအနေရှိပါတယ်၊ အဓိကမြေပြိုတာက မိုးများပြီးရေများတယ်၊ မြို့ပတ်လမ်းလည်းကြိုတယ် အဲဒီအချက်တွေက အဓိကဘဲ’’ ဟု ဦးရွှေထီယို ကပြောသည်။

 

ထို့အပြင် ဟားခါးမြို့တော်လှန်ရေး ရေကန် အထက်နားတွင် ရဲစခန်းတည်ဆောက်ရန်အတွက် ယခင်က စက်ကြီးများဖြင့် မြေများကို တူးဆွခဲ့မှုကြောင့် ဟားခါးမြို့ကြီးကို အုပ်မိုးနေသော ရုန်းတောင်ကြီးလည်း ပြိုကျ သွားရသည်ဟု သူက ဆက်ပြောသည်။   ယခုလက်ရှိ ဟားခါးမြို့တွင် ကယ်ဆယ်ရေးစခန်းကို (၈)ခု   ဖွင့်ထားကြပြီး သဘာဝဘေးဒဏ်သင့်ပြည်သူများ စားဝတ်နေထိုင်ရေးအတွက်ပြည်နယ်အစိုးရနှင့်ပူးပေါင်းကာ လုပ်ဆောင်နေကြသည်ဟု သိရသည်။

 

ဟားခါးမြို့သို့ ဆက်သွယ် သွားလာနိုင်သော လမ်းများအား လုံးအကုန်ပြိုကျပျက်စီး ကုန်သည့်အတွက် ရိက္ခာများ ၀င်ရောက်နိုင်ခြင်းမရှိသောကြောင့် သဘာဝဘေးဒဏ် သင့်ပြည်သူများစား ၀တ်နေရေး အတွက် တပ်မတော်မှ ဆန်ချေး ပြီး ဖြန့်ဝေနေရကြောင်း ချင်းပြည်နယ် လူမှုရေး ၀န်ကြီးဒေါက် တာ ဘမောင်ကပြောသည်။   “လမ်းကလည်း အကုန်ုပျက်နေပြီ ဆန်မရောက်တော့ဘူး၊ ပတ်ပတ်လည် လမ်းတွေကလည်းအလွန်ဆုံး ရက် ၂၀ လောက်မှ ပြန်ဖွင့်နိုင်မှာပေါ့၊ ဒါကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကျွေးမွေးဖို့ တပ်မတော်ဘက်ကစုဆောင်းထား တဲ့ရိက္ခာ ဆန်အိတ် ၅၀၀ ကိုချေးထားပါတယ်၊ အဲ ဒါတွေ ဖြန့်ဝေနေပါ တယ်’’ ဟု ၀န်ကြီးက ပြောသည်။

 

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိပြီး ချင်းပြည်နယ်အပါအ၀င် တိုင်း နှင့် ပြည်နယ် (၄) ခုကို သဘာဝဘေးဒဏ်သင့်ကျရောက်သောဒေသအဖြစ်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၃၁ ရက်နေ့ကအရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။   အရေးပေါ်ကြေညာ ချက်ထုတ်ပြန်ပြီး သြဂုတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်ဒုသမ္မတဦးညဏ်ထွန်း နှင့် အဖွဲ့ ဟားခါးမြို့ သို့ရောက်ရှိလာကြပြီးဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အမြန်ဆုံး အကူအညီပေးသွား မည်ဖြစ်ကြောင်းပြော ဆိုသွား သည်ဟု သိရသည်။

 

“ဒုသမ္မတက Carson Baptist ဘုရားကျောင်းမှာ ပြည်သူကို စကားပြော တယ်၊ဒုက္ခရောက်နေတဲ့ပြည်သူတွေ စားဖို့ ဆန်တွေကို စစ်တပ် ရဟတ် ယဉ်ကိုအသုံးပြုပြီး ဂန့်ဂေါကနေ သယ်ပေးဖို့၊ ကျောင်းသားကျောင်းသူတွေ စာအုပ် နဲ့ ကျောင်း ၀တ်စုံတွေ ဆုံးရှုံးမှု အတွက်ကိုလည်း အမြန် ဆုံး အကူအညီပေးသွား ဖို့ပြောသွားတယ်’’ ဟု ဟားခါးဒေသခံ တစ်ဦးကပြောသည်။ အလားတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင်လည်းကုလားတန်မြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ လူနေအိမ်ခြေ ၅၈၀ခန့် ရေနစ်မြုပ်ပြီး၊ မြေပြိုမှုကြောင့် ၂၅ အိမ် နှင့် လေ တိုက်မှုကြောင့် ၁၇ အိမ် ပျက်စီး ကာ လူဦးရေ ၃၀၀၀ ကျော် ဒုက္ခရောက်နေကြသည် ဟု ပလက်ဝမြို့ အခြေစိုက် ခူမီးလူငယ် များအသင်းဥက္ကဌ ကိုကျော်အောင် ကပြောသည်။

 

“သဘာဝဘေးဒဏ်သင့်ပြည်သူတွေဟာ အခုဆိုရင်နီးစပ်ရာဆွေမျိုးအိမ်တွေမှာနေတဲ့သူတွေရှိသလို၊ အထက ကျောင်း နဲ့ဘုန်းကြီးကျောင်းတွေမှာ ခိုလုံနေကြရတယ်’’ ဟု ကိုကျော်အောင်ကပြောသည်။

 

ထို့အပြင် ပလက်ဝမြို့နယ် ပထိန်တလန်ကျေးရွာမှ အထက ကျောင်းခွဲ၊ရာရီတောင်ကျေးရွာမှ အမက ကျောင်း၊ ထာဟား ကျေးရွာမှ အမကကျောင်းခွဲတစ်ကျောင်းတို့သည် လေတိုက်မှုကြောင့် ပျက်စီးသွားသည်ဟု သိရပြီး ပလက်ဝမြို့ပေါ်ရှိ နတလ ကျောင်းလည်း ရေနစ်မြုပ်သွားသည်ဟု သိရ သည်။   ရေးကြီးရေလျှံ မှုကြောင့် ပလက်ဝမြို့နယ်တွင် ဆန်ဈေးလည်းအဆမတန်မြင့်တက်သွားပြီး ယခင်က ကျပ်ငွေ တစ်သောင်း ခွဲခန့်ပေါက်ဈေးရှိသော ဆန်တစ်အိမ်သည် ယခုအခါ ကျပ် ၃သောင်းခွဲ၊ ၄ သောင်းအထိ မြင့်တက် သွားသည်ဟု ကိုကျော် အောင်ကပြောသည်။

 

ထို့အပြင် တီးတိန် – တွန်းဇံဘက်မှာလည်း လမ်း၊ တံတား အတော်များများ ပျက်စီးသွားပြီး၊ မြေပြိုကြောင့် လူနေ အိမ်ခြေ အမြောက်အများ ပျက်စီးကုန်သည်ဟု သိရသည်။   ၂၀၀၅ -၂၀၀၆ ခုနှစ်ကတည်းက ၀ါးသုန်းမှုကြောင့် လူမှုဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် ချင်းပြည်သူများသည် ယခု သ ဘာဝဘေး အန္တရာယ် ကြောင့် လူမှုဖူလှုံရေး နလံပြန်လည် ထူထောင်ရန် ပိုမို ခက်ခဲလာနေမည်ဟု ပြောဆို နေကြသည်။

Share.

About Author

Leave A Reply

*

code