ပလက်ဝကို ခရိုင်အဆင့်ဖွဲ့စည်းပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို

0

PLW

ချင်းပြည်နယ်၏ တောင်ဘက်အစွန်ဆုံးဒေသတစ်ခုဖြစ်သော ပလက်ဝမြို့နယ်ကို ခရိုင်အဆင့်ဖွဲ့စည်းပေးရန် ဒေသခံပြည် သူများက မတ်လ ၂၁ နေ့က လမ်းမပေါ်ထွက် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ပလက်ဝမြို့နယ်သည် လွတ်လပ်ရေးမတိုင်မှီခေတ်တစ်လျှောက်လုံး ခရိုင်အဆင့်ဖြင့် နေလာခဲ့သော်လည်း လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်းတွင် ခရိုင်အဆင့်ပျောက်ကွယ်သွားပြီး ခရိုင်အဆင့်ပြန်လည်ဖွဲ့စည်းပေးရန် အကြိမ်ကြိမ်တောင်း ဆိုခဲ့သော်လည်း မရနိုင်သည့်အတွက် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးကျော်ထွန်းကပြောသည်။

လွတ်လပ်ရေးရကတည်းက ခရိုင်အဆင့်အတန်းပျောက်သွားတယ်ဗျ ဟိုတုန်းကတော့ အင်္ဂလိပ်ခေတ်တလျှောက်လုံး နှစ်ပေါင်း ၇၀ ကျော်ခရိုင်အဆင့်နဲ့နေလာတဲ့ဥစ္စာ၊ လွတ်လပ်ရေးရလာကတည်းကစပြီး ခရိုင်အဆင့်အတန်းပျောက်ပြီး မြို့နယ်အဆင့်နဲ့ပဲ အခုထိသွားနေရတယ်၊ အုပ်ချူပ်ရေးအဆင့်အတန်းလျော့ကျသွားတဲ့ဟာက ကျနော်တို့အတွက် အခွင့်အရေးဆုံးရှူံးမှုပေါ့ဗျာ၊ ကျနော်တို့ရသင့်ရထိုက်တဲ့ ဆုံးရှူံးသွားတဲ့အခွင့်အရေးကို ကျနော်တို့ပြန်တောင်းတာပါ’’ ဟု ဦးကျော်ထွန်းကပြောသည်။

အင်အား ၂၀၀ ခန့်ရှိသော ပလက်ဝဒေသခံပြည်သူများသည် ပလက်ဝမြို့ ရိက္ခာရပ်ကွက်မှ နံနက် ၁၀ နာရီခန့်က ဆန္ဒပြမှုကို စတင်ခဲ့ကြ ပြီး “ ပလက်ဝ ခရိုင်ချက်ချင်းဖွဲ့စည်းပေး”၊ “မတူပီခရိုင်အောက် ထားရှိရေးအလိုမရှိ” စသည့် ပိုစတာများကို ကိုင်ဆောင်ကာ လမ်းတ လျှောက်ကြွေးကြော်သံများဟစ်ကြွေးပြီး နံနက်ပိုင်း ၁၁ နာရီခွဲခန့်တွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြသည် ဟု သိရသည်။

ပလက်ဝမြို့နယ်သည် ယခုလက်ရှိတွင် မင်းတပ်ခရိုင်လက်အောက်တွင်တည်ရှိပြီး ၊ မတူပီမြို့နယ်ကို ခရိုင်အဆင့်ဖွဲ့ စည်းပြီးပါက မတူပီ ခရိုင်လက်အောက်တွင် ထားရှိရန် ချင်းပြည်နယ်အစိုးရကစီစဉ်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေရှ့် နှင့် အိန္ဒိယ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်နှင့်လည်း နယ်နိမိတ်ထိစပ်နေသောဒေသ တစ်ခုဖြစ်သော ပလက်ဝမြို့နယ်သည် မြန်မာ နှင့် အိန္ဒိယအစိုးရတို့ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုလား တန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတည်ရှိရာဒေသလည်းဖြစ်သည်။

အချက်အချာကြသော မြို့နယ်တစ်ခုဖြစ်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးမကောင်းမှုကြောင့် ပလက်ဝသည် အထီး ကျန်စံသည့်မြို့တစ်မြို့ဖြစ်ခဲ့ရပြီး ခရိုင်အဆင့်အတန်းပျောက်ဆုံးသည့်အချိန်ကတည်းက ဌာနဆိုင်ရာလုပ်ငန်းပိုင်များ လည်းအခက်အခဲများ စွာကြုံနေရသည်ဟု ဦးကျော်ထွန်းကပြောသည်။

ဌာနဆိုင်ရာအားလုံးပေါ့ဗျာ အတော်လေးကို အခက်အခဲရှိပါတယ်၊ နောက်တရားစီရင်ရေးမှာလည်းပဲ ကျနော်တို့ ခရိုင်းတုန်း ကတော့ ခရိုင်ပါဝါရှိတယ်ပေါ့ဗျာ အခုတော့ ပလက်ဝတရားရုံးတွေမှာ အမှုကြီးတွေဆိုရင်မလုပ်နိုင်တော့ဘူး၊ စစ်တွေကနေ လာလုပ်ပေးတယ်၊ စစ်တွေကနေလာစစ်ပေးတယ်၊ အလိုလုပ်နေရတဲ့အခါကျတော့ အချူပ်သမားတွေ အမှုကြီးသမားတွေ ပေါ့ဗျာ အချူပ်ထဲမှာနှစ်ရှည်နေရတဲ့ဒုက္ခတွေ၊ ခရိုင်ရလာလို့ရှိရင် ကျနော်တို့က အများကြီးလုပ်ပိုင် ခွင့်တွေရှိလာမယ် တရားသူကြီး၊ အုပ်ချူပ်ရေး၊ ဌာနဆိုင်ရာတွေအားလုံး အဆင်ပြေလာမယ်’’ ဟု သူကပြောသည်။

ယခုချိန်ထိ ပလက်ဝမြို့နယ်၏ လျှပ်စစ်ဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ဆက်သွယ်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကိုင်တွယ်နေရဆဲဖြစ်ကြောင်း၊ မင်းတပ် နှင့် ဟားခါးခရိုင်ကလည်း လက်လှမ်းမမှီသည့်အတွက် မကိုင်တွယ် နိုင်ကြကြောင်း၊ ထို့ကြောင့် ပလက်ဝမြို့နယ်ကို ခရိုင်တောင်းရခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ပလက်ဝမြို့နယ်ကို ခရိုင်အဆင့်တိုးမြှင့်ပေးရန် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က ပလက်ဝမြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်လင်းမှ လွှတ်တော်တွင် တင်ပြခဲ့ဘူးသည်။

ထိုသို့တင်ပြချက်အပေါ် ခရိုင်ပေးရေး မပေးရေးသည် ပြည်နယ်အစိုးရနှင့်သာ သက်ဆိုင်သည်ဖြစ်၍ ပြည်နယ်အစိုးရမှ အဆုံးအဖြတ်ပေးရန်ညွှန်ကြားခဲ့ပြီးနောက် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်ပေးသင့်မပေးသင့်မဆွေးနွေးဘဲ ပလက်ဝ နှင့် မတူပီ မည်သည့်မြို့နယ်ကို ခရိုင်ပေးသင့်သနည်းဆိုသည့်အဆိုကို ဆွေးနွေးကာ မဲခွဲဆုံးဖြတ်ကြရာတွင် မတူပီမြို့နယ်ကို ခရိုင်ပေးသင့်ဆိုသော အဆိုက အနိုင်ရရှိခဲ့သည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code