ထန်တလန်နယ်သားများ၏ တိမ်မြှုပ်လု ချင်းအမျိုးသားနေ့အရေးလှုပ်ရှားမှု

0

ဇလပ်ထက်နီ – ဒီဆောင်းပါး၏ ခေါင်းစီးသည် လက်ရှိ ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြောရှိ အနှစ် ၂၀၀ ကျော် သက် တမ်း၊ ဇနပုဒ် ရွာကလေး Vangzang ရွာ က စတင်ခြင်းဖြစ်သည်၊ ဗန်ဇန် ဒေသခံများ၏ အုပ်ချုပ်သူ နယ်ချဲ့ အင်္ဂလိပ်တို့ အတွက် ပေါ် တာမထမ်းရေး ဆန္ဒပြကန့်ကွက်ရာမှ တနယ်လုံး ပျံ့နှံ့ ဂယက်ရိုက်သွားခဲ့ရာ အမျိုးသား ရေးလှုပ်ရှားမှု အသွင်သို့ ကျယ်ပြန့်သွား ခဲ့သည်။  ဒီနေရာတွင် ချင်းခေါင်းဆောင် Pu Ro Thang ကို ချန်ထားလို့ မရ ပါ၊ Pu Ro Thang သည် အင်္ဂလိပ် အစိုးရ ၀န်ထမ်းဘ၀တွင်ပင် အုပ်ချုပ်သူတွေကို ခြေစုံကန်ပြီး ထန်တလန်နယ် အပါ အ၀င် ဟားခါးနယ်၊ မတူပီနယ်များအထိ အင်္ဂလိပ် အစိုးရနှင့် တိုက်သူကြီးများ၏ မတရားဖိနှိပ်မှုများကို ပြည်သူထံ အသိ ပေး နားဖောက်လေ့ရှိသည်။ ထိုအချိန်က စပြီး ဒေသခံ များ ၏ စိတ်ထဲတွင် အင်္ဂလိပ်နှင့် တိုက်သူကြီးတို့၏ လုပ်ရပ် များကို ဆန့်ကျင်လိုစိတ် သန္ဒေတည်ခဲ့သည်၊ ချင်းတောင်မှ ခရီးကြမ်း မိုင်ပေါင်းများစွာ ဝေးသည့် ကလေးမြို့၊ ဂန့်ဂေါ မြို့ များသို့ အစိုးရ၀န်ထမ်းများအတွက် အခမဲ့ ရိက္ခ ထမ်းရသည်ကို မခံမ ရပ်နိုင်ဖြစ် ခဲ့ကြသည်။ Pu Ro Thang ၏ လုပ်ရပ် သည် ဟားခါးနယ် ၀န်ထောက် Mr. Hay Neave နားသို့ ပေါက်ကြားသွား သဖြင့် ၄င်းအား မွေးရပ်မြေ တ လန်ပီးရွာ နေအိမ်တွင် ၁၉၄၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးကာ ၀န်ထမ်းအလုပ်မှ ဖြုတ်ပြီး အိန္ဒိယ နိုင်ငံ အရှေ့မြောက် Shillong မြို့တွင် အကျဉ်း ချခဲ့ကြသည်။ Pu Ro Thang သည် အကျဉ်းချနေစဉ်တလျှောက် အိန္ဒိယ အရှေ့မြောက် ဒေသတွင်  ပြည်သူများ ပေါ်တာ မထမ်းခြင်း၊ လွတ်လပ်စွာ အရေးဆိုခွင့် စသည့် အုပ်ချုပ်ခံ ပြည် သူ များ ၏ အခွင့်အ ရေး ဆိုင်ရာများကို လေ့လာခဲ့သည်။

Pu RoThang သည် ၁၉၄၅ ခုနှစ် ဇန္န၀ါရီလ (၁) ရက်နေ့တွင် အကျဉ်းထောင်မှ လွတ်လာပြီး အင်္ဂလိပ် နယ်ချဲ့နှင့် အပေါင်းပါများ၏ မတရားလုပ်ရပ်များကို ဆက်လက် ဆန့်ကျင်ခဲ့သည်။ ကျေးလက် ပြည်သူများအထိ ဆန့်ကျင်ရေး စည်းရုံးဟောပြော ခဲ့သည်၊ ယင်းကိစ္စ အင်္ဂလိပ်အစိုးရထံ ပေါက်ကြားပြန်သဖြင့် ဟားခါး အာဏာပိုင်များမှ Pu RoThang နဲ့ ဒေသခံ ပြည်သူ ၃၀ ဦးအား ဖမ်းဆီးခဲ့ကြပြီး ဟားခါး တွင် ၁၅ ရက် အကျဉ်းချခဲ့သည်။ ထို့နောက် ဆန့် ကျင်ကန့်ကွက်မှုမျိုး မလုပ်တော့ပါ ဟု ခံဝန်ဂတိဖြင့် ပြန်လွှတ်လိုက်ကြသည်။ သို့သော် အင်္ဂလိပ် ဆန့်ကျင်ရေး လှုပ်ရှားမှုသည် အကင်းမသေနိုင်တော့ပေ၊

၁၉၄၆ စက်တင်ဘာလတွင် ထန်တလန်နယ် Vangzang တောင် ကြော၊ Zanak တောင်ကြော နှင့် Khua Hring တောင်ကြော မှ ဒေသခံပြည်သူများသည် Farrawn ရွာတွင် စုဝေးကြပြီး Rangoon Governor Hubert Rance မှ Force Labor ရပ်တန့်ရေး နှုတ်မိန့် တကယ် ဟုတ်မဟုတ် ကို Farrawn Middle School Headmaster Pu phu Khah အား မေးမြန်းကြသည်။ ၁၉၄၆ အောက်တိုဘာတွင် အမှတ် (၅) ထန်တလန် တိုက်နယ် ညီလာခံကို Hriang Khan ရွာတွင် ကျင်းပခဲ့ရာ တိုက်သူကြီးများ အပါအ၀င် ကိုယ်စားလှယ် ၃၀၀ ခန့်တက် ရောက် ခဲ့ကြပြီး ညီလာခံ အကြိုညတွင် တိုက်သူကြီး အစု အဖွဲ့၊ Pu RoThang ဦးဆောင်သော ပြည်သူ အစုအဖွဲ့ ဆိုပြီး သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တိုက်သူကြီးအစုအဖွဲ့က ဒေသခံပြည်သူများအား Supreme Council of United Hill People ( SCOUHP ) အဖွဲ့သို့ သွတ် သွင်းပါဝင်စေရေး ဟူ ၍သဘောတူကြပြီး  Pu RoThang ဦးဆောင်သော ပြည်သူ အစုအဖွဲ့သည်

၁။ SCOUHP တွင် ပါဝင်ခြင်းမပြုရန်၊

၂။ ပေါ်တာထမ်း၊ ထင်းမီးရှာဖွေပေးခြင်း မပြုရန်၊

၃။ ပေါ်တာ ဆန့်ကျင်ရေး ကော်မီတီဖွဲ့စည်းရန်၊

၎။ အမွေဆက်ခံ တိုက်သူကြီးအုပ်ချုပ်ရေးစနစ် အလိုမရှိ၊

၅။ တိုက်သူကြီးထံ အခွန် မဆောင်ရန် ဟူ၍  ဆွေးနွေးသဘောတူကြသည်။

 

ထို့နောက် ညီလာခံ ပထမနေ့ စနေနေ့တွင် Pu Than Hnok အိမ်ရှေ့ကွင်းပြင်တွင် အစု နှစ်စုမှ ကိုယ်စား လှယ် အားလုံး စုဝေး ခဲ့ကြပြီး အထက် ပါ Pu Ro Thang ဦးဆောင်သော အစုအဖွဲ့၏ သဘောတူညီချက် (၅) ချက်ကို တခဲနက် သဘောတူ ညီချက် ရယူခဲ့ကြကာ ဆန့်ကျင်ရေး ကော်မီတီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ခဲ့ကြသည်။

  1. Pu Mang Dun ( Saikah) – Chairman
  2. Jameder Khen Sang ( Tikir) – Vice Chairman
  3. Len Dun ( Vanzang) – Secretary
  4. Ro Thang (Tlangpi) – Joint Secretary
  5. Thla Khar (Than Tlang) – Treasurer

ကော်မီတီသည် အစိုးရထံ ဖော်ပြပါ ငါးချက်ကို လိုက်လျောပေးရန် အရေးပိုင်နှင့် ၀န်ထောက်မင်းတို့ထံ စာဖြင့် ရေးသား တင်ပြခဲ့ကြသည်။ ၀န်ထောက်မင်းက ကော်မီတီဝင်များကို ဆင့်ခေါ်ခဲ့သဖြင့် Pu Ro Thang သည် Pu Thla Khar တို့ လိုက် သွားကြသည်။

ဝန်ထောက် Mr. Hay Neave က ” Ro Thang, You set fire in Hriangkhan. The smoke raise up in the air, the flame will follow soon ( Ro Thang, Hriang Khan ရွာမှာ မင်း မွှေးတဲ့ မီး လေထဲ ပျံ့သွားတယ်၊ မကြာခင် မီးတောက် ဖြစ်တော့ မယ်” ဟု ဆဲဆို ခဲ့ရာ Pu Ro Thang က  အစည်းအဝေး မှတ်တမ်းကိုသာ ရေးပေးခဲ့ သည်ဟု တုံ့ပြန်ခဲ့သည်။ Mr. Hay Neave က ” အင်္ဂလိပ်က ဂျပန်ကို နိုင်လို့ ချင်းတောင်ကို  ပြန်လည် အုပ်ချုပ်ခဲ့ပြီ၊ ဒီတော့ အစိုးရလုပ်ငန်း အတွက် အစိုးရ၀န်ထမ်းစားနပ်ရိက္ခတွေ ချင်းတောင်မှာ မရှိလို့ မြေပြန့်ကို သွားသယ် ပေးရမယ်၊ ချင်းတောင်မှာ ရထားလမ်း၊ ကားလမ်းမရှိဘူး၊ လမ်းဖောက်ပေးဖို့ ခင်ဗျား တို့က အခွန်ငွေ မဆောင်နိုင်ဘူး၊  တအိမ် (၄) ရူပီး အခွန်ဆောင်ရတာ အရေးပိုင် တဦးရဲ့ တနှစ်လစာ လောက်ပဲရှိတယ်၊ ဒါကြောင့် အစိုးရ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ မြေပြန့်မှာ ရိက္ခ သွားထမ်းပေးရမယ် ” ဟု ပြောသည်။ Pu Ro Thang က ” (၄) နှစ်တာ ဂျပန် စစ်ပွဲမှာ စစ်တပ်၊ ငွေကြေး၊ ပေါ်တာ၊ Levy စသဖြင့် ကူညီခဲ့ပြီး အသက်တောင် ပေးခဲ့ရတယ်၊ ဂျပန်ကို လည်း နိုင်ခဲ့ကြ တယ်၊ ကျတော် အိန္ဒိယ မှာ အကျဉ်းချ ခံရတုန်း သိခဲ့ရတာက ခင်းဗျား တို့ဟာ တခြား လူမျိုးတွေကို အတင်း အဓမ္မ မခိုင်းစားနိုင်ကြဘူး၊ ကျတော်တို့ ချင်းတွေကိုပဲ တိရိစ္ဆာန်လို ခိုင်းစားကြ တာ”  ဟု ချေပခဲ့သည်။

ဆက်လက်ပြီး Pu RoThang က ” Hriang Khan မှာ လူထု ၃၀၀ အစည်းအဝေး မှတ်တမ်းရေးပေးခဲ့လို့ သူတို့ကိုယ် စား ပြစ် ဒါဏ်ပေး မယ် ဆိုယင် ဆက်လုပ်ပါ၊ သို့သော် ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ ညီပါစေ၊ သိထားဖို့က ဂျပန် အုပ်ချုပ်ရေးကာလ လို လူထုကို ပါးစပ်ပိတ်၊ နားပိတ် အတင်းအဓမ္မ ဖိနှိပ် ခိုင်းစားလို့ မရတော့ဘူး ” ဟု ပြောခဲ့ သည်။ Mr. Hay Neave သည် ချင်း တူမီးသေနတ်တလက်ဖြင့် Pu Ro Thang ကို ပြန်လည် နားချ ခဲ့သည်။ သို့ သော် လက်မခံခဲ့ပါ၊ ယင်းကိစ္စအတွက် Vanzan Tlang လူထုသည် ပြန်လည်စုဝေးကြပြီး အင်္ဂလိပ် အစိုးရ အား ဆက် လက် ဆန့်ကျင်ရန်သာ တညီတညွတ် ဆုံးဖြတ်ခဲ့ကြသည်။ လူထု ဆုံးဖြတ်ချက်ကို သိသိချင်း Mr. Hay Neave သည် စိတ်ဆိုးကာ ပေါ်တာ ထမ်းရန် အမိန့်စာ ထုတ်ခဲ့သည်။ လူထုက လုံးဝ မထမ်းနိုင်ကြောင်း အကြောင်းပြန်ခဲ့ကြသည်၊ ထိုအခါ Mr. Hay Neave သည် အမိန့်အာဏာ ဖီဆန်မှု ဥပဒေအရ ပုလိပ် ၈ ဦး စေလွှတ်ပြီး တရွာဝင် တရွာ ထွက် ကာ Mr. Hay Neave ပြုစုပေးသော စာရင်းပါ လူထု နှင့် သေနတ်များကို သိမ်းပြီး ဟားခါးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်၊ စာရင်းပါ လူချည်းသာ ပေါ်တာမထမ်းချင်သူ မဟုတ်ဟု ဆိုပြီး ရှိရှိသမျှ ယောင်္ကျားသား အားလုံး ဟားခါးသို့ လိုက်သွားခဲ့ကြသည်။

Mr. Hay Neave သည် လူထုထဲက ၇ ဦးကို ရွေးပြီး အကျဉ်းချရန် ပုလိပ် Pu Cia Dun ကို အမိန့်ပေးခဲ့သည်၊ ပုလိပ် Cia Dun က အမိန့် အတိုင်း  ၇ ဦးကို အချုပ်ခန်းထဲ ၀င်ရန် အမိန့်ပေးခဲ့သည်။ ၇ ဦးသာ ပေါ်တာ ဆန့်ကျင်သူ မဟုတ်ဟု ဆိုပြီး အားလုံး အချုပ်ခန်း ထဲဝင်ခဲ့ကြသည်၊ ပုလိပ် Cia Dun က အကျဉ်းခန်း ဆန့်မှာ မဟုတ်ဘူး၊ ပြန်ထွက် ဟု အမိန့်ပေးခဲ့သည်၊ ထိုသို့ဖြင့် ညနေ ၄း၀၀ နာရီခန့်တွင် Mr. Hay Neave သည် ဟားခါး တိုက်သူကြီး Pu Kio Mang အား ညှိနှိုင်းပေးရန် အကူအ ညီ တောင်းခဲ့ သည်၊ Pu Kio Mang က Vangzang tlang လူကြီးများအား  ဒီလိုနည်းနဲ့မရဘူး၊ သံရေး တမန်ရေးနည်းဖြင့် ညှိနှိုင်းနိုင်ဖို့ (၇) ဦးကို အချုပ်ထဲ ထားခဲ့ပါ ဟု အကြံပြုခဲ့သည်၊ အကြံပြုချက်အတိုင်း အောက်ပါ ပုဂ္ဂိုလ် ၇ ဦးသည် လူထု ကိုယ်စား အချုပ်ထဲဝင်ရန် သဘောတူခဲ့ကြသည်။ ချုပ်ရက် အတွင်း ၄င်းတို့၏ မိသားစု လူမှုကိစ္စအ၀၀ အတတ်နိုင်ဆုံး တာဝန်ယူ ပေးခဲ့ကြသည်။

  1. Pu Len Dun ( Vangzang)
  2. Pu Kap Luai ( Vangzang)
  3. Pu Kap Lian ( Farrawn)
  4. Pu Ceih Hnin ( Lungding)
  5. Pu Hrang Dawn ( Tlangpi)
  6. Pu Rual To ( Tlanglo)
  7. Pu Chim Thang ( Tlanglo)

အကျဉ်းသား ၇ ဦးသည် အကျဉ်းထောင်တွင် နေစဉ် သီချင်းတပုဒ် စပ်ခဲ့ကြသေးသည်၊ ” ကျွန်ဘ၀ လွတ်ရေး ပညာရည် မမှီ အကျဉ်းသား” ဟူ၍ ဖြစ်သည်။

၎ လအကြာတွင် အကျဉ်းသားထဲက Pu Len Dun ကို Vangzang tlang လူထုထံ စေလွှတ်ကြသော်လည် အင်္ဂလိပ် အစိုးရ လိုလားချက်ကို မလိုက်လျောနိုင်ကြောင်း နှင့် အကျဉ်းထောင်တွင် စိတ်ရှည်လက်ရှည် ဆက်လက် သွားနေရန် ဟူ၍ ပြန်လည် အကြောင်းပြန်စေ လွှတ်ခဲ့ကြသည်၊ တဆက်တည်း လူထုသည် Tlangpi ရွာတွင် ပြန်လည် စုဝေးကြပြီး Rangoon Governor ထံ အယူခံဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်၊ Rangoon Governor Hubert Rance  ထံ အယူခံဝင်ဖို့ ကုလားစကား ပြောနိုင်သူ စစ်ထွက်များဖြစ်သည့် Pu Chawn Hnin (Tlangpi) နှင့် Tial Hup ( Sopum) တို့အား စေလွှတ်ခဲ့ကြသည်။

အဆိုပါ လူကြီး နှစ်ဦးသည် ရန်ကုန်သို့ အသွား ဖလမ်း အရေးပိုင်မင်းနှင့် သွားရောက်တွေ့ဆုံပြီး အကြောင်း စုံကို ပြောပြ ခဲ့ကြသည်။ အရေးပိုင်မင်းသည် Vangzang Tlang လူကြီးနှစ်ဦး ရန်ကုန်ထိ သွားဖို့အရေးကို မနှစ်မြှို့ လှသဖြင့် ဖလမ်းမှာ District Council Meeting ခေါ်ယူပေးမည်ဟု ပြောခဲ့သည်။ တဆက်တည်း အကြောင်းစုံ ကို Rangoon Governor ထံ ကြေးနန်း ရိုက်ခဲ့ သည်၊ နောက်တနေ့ Rangoon Governor ၏ ကြေးနန်းစာရောက်ရှိလာ သည်၊

” အတင်း အဓမ္မ လုပ်အားပေး ရပ်တန့်ရန် “ဟူ၍ပင်၊

ချင်းတောင်အရေးနှင့် ပါတ်သက်ပြီး  ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်ကြားဖြတ်အစိုးရ က အောက်ပါ (၄) ဦးပါ Inquiry Commission ကို ဖလမ်းမြို့သို့ စေလွှတ်ခဲ့သည်။

  1. Vum Thu Maung ( Chairman)
  2. Mang Tung Nung ( Secretary)
  3. U Thein Maung ( Member)
  4. Thamada Saw Shwe Taike ( Observer)

ကော်မရှင်အဖွဲ့သည် ၁၉၄၈ ဖေဖေါ်ဝါရီ ၁၉ တွင် ဖလမ်းမြို့ လူထု ညီလာခံသို့ တက်ရောက်လာကြပြီး Pu Vom Thu Maung က လူထုကိုယ်စားလှယ်များအား တိုက်သူကြီး အုပ်ချုပ်ရေး အလို ရှိ မရှိ ဟု နှစ်ကြိမ်တိုင်တိုင် မေးမြန်းခဲ့ရာ တိုက်သူကြီး ၁၇ ဦးသာ အလိုရှိကြသည်၊ ထို့ကြောင့် Pu Vom Thu Maung က ယနေ့မှစပြီး “တိုက် သူကြီး အုပ်ချုပ် ရေးစနစ် အဆုံးသတ်ပြီ” ဟု ကြေညာခဲ့သည်၊ အဆို ၁၉၄၈ ဖေဖေါ်ဝါရီ ၂၀ သည် ချင်းအမျိုးသား နေ့ ပင် ဖြစ်ပေ တော့သည်။

အရေးပိုင် မင်း မှ  Rangoon Governor ထံ အယူခံဝင်မည့် Vangzang Tlang လူကြီးများဖြစ်သော Pu Chawn Hnin ( Tlangpi) နှင့် Tial Hup ( Sopum) တို့ထံ ဖလမ်းမြို့တွင် District Council Meeting ခေါ်ယူ ပေး မည်ဟူသော ဂတိသည် ချင်းအမျိုးသားနေ့ကို မွေးဖွားပေးခဲ့သည့် ၁၉၄၈ ဖလမ်းညီလာခံကြီးပင် မဟုတ်ပေဘူးလော၊

(ယခု ဆောင်းပါးသည်  အငြိမ်းစား C. Biak Kam  ၏ ချင်းလို ရေးသားသော ချင်းအမျိုးသားနေ့ ဖြစ်ပေါ် လာပုံဆောင်းပါးနှင့် ကိုယ်တိုင် တွေ့ဆုံမေးမြန်းချက်မှ ကောက်နှုတ်သည်၊ တခြား ချင်းခေါင်း ဆောင်များ၏ ချင်းအမျိုး သားနေ့ဖြစ်ပေါ်လာရေး ကြိုးပမ်းချက်များကို ကန့်ကွက် ပစ်ပယ်ခြင်းမဟုတ်သလို ချင်းတောင် အနယ်နယ် အရပ် ရပ်က ချင်းလူမျိုးများ ၏ ချင်းအမျိုးသားနေ့ အရေး ကြိုးပမ်းချက်များ တိမ်မြှုပ်မသွားရေး သာ ရည်စူး သည်)

Share.

About Author

Leave A Reply