ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ တာဝန်ရှိသူများသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးနိုင်သက်လွင်ကို ဇွန်လ ၃၀ ရက်နေ့ကသွားရောက်တွေ့ဆုံပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။
CHRO မှ Country Program Director ဇအုပ်လိန်က “ ဒီဝန်ကြီးဌာနက တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်မြှင့်တင်ပေးမယ့်ဝန်ကြီးဌာနဖြစ်နေတော့ ကျနော်တို့တိုင်းရင်းသားတွေအတွက် ဘာလုပ်ငန်းတွေ လုပ်စရာ တွေရှိလဲ ကျနော်တို့နဲ့ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲဆိုတာဆွေးနွေးချင်လို့သွားတွေ့တာဖြစ်တယ်’’ ဟု ပြောသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ယခင်ကတခါမျှမရှိခဲ့ဘူးသော ၀န်ကြီးဌာနတစ်ခုဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော NLD အစိုးရတက်လာသည့်နောက်ပိုင်း အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် ၀န်ကြီးဌာနဖြစ်သည်။
ယခုကဲ့သို့ တိုင်းရင်းသားများအတွက်သီးသန့်ဝန်ကြီးဌာနရှိလာခြင်းသည် မိမိတို့တိုင်းရင်းသားလူမျိုးများအားလုံးအတွက် အကျိုးရှိလာမည်ဟုယုံကြည်ကြောင်း တိုင်းရင်းသားများ၏ အကျိုးကိုလည်း ပိုမိုဆောင်ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဇအုပ်လိန်ကဆက်ပြောသည်။
“ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကာကွယ်စောင့်ရှောက်မယ့် ၀န်ကြီးဌာနတစ်ခု သီးသန့်ရှိတာကိုက ကျနော်တို့ အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ကျနော်ယူဆတယ်’’ ဟု ဇအုပ်လိန်ကပြောသည်။
CHRO မှ Country Director ဇအုပ်လိန်းနှင့် Program Coordinator မိုင်သင်းယုမွန်တို့သည် ဦးနိုင်သက်လွင်နှင့် တွေ့ ဆုံပြီးနောက် နိုင်ငံတော်ဒုသမ္မတ(၂) ပူးဟင်နရီဗန်ထီးယူလည်းနှင့် အလွတ်သဘောတွေ့ဆုံခဲ့ကြသည်ဟုသိရသည်။