တိုင်းရင်းသားဒေသမှာ မြန်မာ့တပ်မတော် ထိုးစစ်ဆင်မှုရပ်တန့်ရန် ချင်းပြည်သူများ လမ်းမပေါ်ထွက် ဆန္ဒပြတောင်းဆို

0

တိုင်းရင်းသားဒေသများတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့်ရန် ချင်းပြည်နယ်၏ မြို့ကြီး ၂ မြို့ဖြစ်သော ဟားခါး နှင့် ထန်တလန်မြို့များတွင် ချင်းပြည်သူများက ယနေ့နံနက်ပိုင်းကစတင်ပြီး လမ်းမပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ရာနှင့်ချီသော ချင်းပြည်သူများသည် “ ကချင်ထိုးစစ် တိုက်ပွဲများ ချက်ချင်းရပ်၊ ရှမ်းထိုးစစ်တိုက်ပွဲများ ချက်ချင်းရပ်၊ တိုင်း ရင်းသားများသည် မြန်မာ့တပ်မတော်၏ ရန်သူမဟုတ်’’ စသည့် စာတမ်းပါ ပိုစတာများကို ကိုင်ဆောင်ကာ ယနေ့နံနက်ပိုင်း ၁၀ နာရီကစပြီး ဟားခါးမြို့ ၀မ္မသူးမောင်းအားကစားကွင်းမှ ဗိုလ်ချူပ်လမ်းမကြီးအတိုင်း ကြွေကြော်သံများဟစ်ကြွေးကာ ရာလ်မှုန်းအားကစားကွင်းအထိ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“အခုလက်ရှိဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့တိုက်ပွဲတွေကို ချက်ချင်းရပ်ပေးဖို့ကျနော်တို့တောင်းဆိုပါတယ်၊ စစ်တပ်ကသာ ထိုးစစ်တွေမဆင်ဘူးဆိုရင် ငြိမ်းချမ်းလာမှာပါ’’ ဟု ချင်းလူငယ်အဖွဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ် ယနေ့ ဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးအဖြစ်ပါဝင်သော ဆလိုင်းဗန်ကျင်ထန်းကပြောသည်။

အလားတူဆန္ဒပြပွဲကို ထန်တလန်မြို့တွင်လည်း ယနေ့မွန်းလွဲပိုင်း ၁ နာရီက စတင်ခဲ့ကြပြီး ရာနဲ့ချီသော ချင်းပြည်သူများ သည် “ထိုးစစ်ချက်ချင်းရပ်၊ ပြည်သူ့ဘဏ္ဍာဖြင့် ပြည်သူသများမသတ်သင့်၊ ပြည်တွင်းစစ်မှာပြည်သူ့အစိုးရဘာလုပ်နေသလဲ၊ တန်းတူဆက်ဆံမှုမရှိသရွေ့ ငြိမ်းချမ်းမှုမရနိုင်’’ စသည့် စာတမ်းပါ ပိုစတာများကိုင်ဆောင်ကာ JMBC ဘုရားကျောင်းရှေ့မှ ထန်တလန်မြို့အ၀င်အထိ လမ်းမပေါ်ထွက် ချီတက်ခဲ့ကြသည်။ ထို့နောက် လာလ်လွေဘောလုံးကွင်းတွင် ဟောပြောပွဲနှင့် ဆုဆောင်းပွဲများပြုလုပ်ကာ ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြသည်ဟု ဆန္ဒပြပွဲကိုဦးဆောင်သူတစ်ဦးဖြစ်သည့် Salai KepChin Thang ကပြောသည်။

“ အဓိကတော့ ထိုးစစ်တွေ၊ တိုက်ပွဲတွေရပ်တန့်ဖို့ပါ၊ ပြီးတော့ ဒီလိုထိုးစစ်တွေ၊ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရအဖွဲ့၊ လွှတ်တော်အတွင်းကနေလည်း စစ်ပွဲတွေရပ်တန့်သွားအောင် ဖိအားပေးဆောင်ရွက် ပေးဖို့ကျနော်တို့တောင်းဆိုချင်ပါတယ်’’ ဟု သူကပြောသည်။

မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်နေသရွေ့ မြန်မာပြည်သူ တရပ်လုံး မျှော်လင့်နေသော ပြည်တွင်းငြိမ်းချမ်း ၂၁ ရာစုပင်လုံညီလာခံသည်လည်း အောင်မြင်နိုင်မည်မဟုတ်သလို့ ထိုးစစ်များရပ်တန့်ကာ စစ်ရေးဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်သည်ဟု ၎င်းကဆက်ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ကျင်းပပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO/KIA) ၊ တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် DKBA နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုးထား သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်သည် အထူးသဖြင့် KIA တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်လေယာဉ်များဖြင့်ပါ ဗုံးကျဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်အဖွဲ့များအကြား တိုက်ခိုက်နိုင်သည့် အရည်အချင်းကို ပြိုင်ကြမည့်အစား မီးငြိမ်းအောင်လိုပ်နိုင်သော အင်အားကိုသာ ပြိုင်ကြရန် ယခုလ ၁၅ ရက်နေ့က နေပြည်တော် MICC ခန်းမတွင် ကျင်းပသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA  လက်မှတ်ထိုးခြင်း တစ်နှစ်ပြည့်အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ဟားခါးနှင့် ထန်တလန်မြို့တို့တွင် ယနေ့ပြုလုပ်သော ဆန္ဒပြပွဲကို ဒေသတွင်းအခြေစိုက် ဘာသာရေး၊ လူမှုရေး ၊ ကျောင်းသား၊ လူငယ် စသည့်အလွှာပေါင်းစုံက ဒေသခံချင်းပြည်သူများမှ စုပေါင်းပြီး ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code