မတူပီ မြို့ပေါ် ပညာရေး ၀န်ထမ်းတဦးမှ ပေးစာ

0

ကျတော် မတူပီမြို့ပေါ် အထက (၁) က ပညာရေးဝန်ထမ်းတဦးပါ၊ ဖော်ပြပါ ကျတော့်တွေ့ရှိချက်တွေကို သက်ဆိုင်ရာသို့ တင်ပြလည်း အလုပ်ပြုတ် ပြောင်းရွှေ့ခံရမှာ သေချာနေတာမို့ လေလှိုင်းပေါ် ကဖြစ်ဖြစ်၊ အွန်လိုင်းမီဒီယာပေါ်က ဖြစ်ဖြစ် အလျဉ်းသင့်သလို သက်ဆိုင်ရာမှ တားမြစ်အရေးယူပေးရေး အသိပေးစေလိုသည်။

၁။ မြို့နယ် ပညာရေးမှူး ဦးလမ်ဇခိုင် နှင့် အထက (၁) ကျောင်းအုပ် ဦးစိုးသိန်းတို့မှ မတူပီ အထက (၁) နှင့်  အထက (၂) ကျောင်းဆရာ/မ များအနေဖြင့် အစိုးရမှ လစာတိုးပေးပြီး ဖြစ်ပါသဖြင့် အစိုးရသတ်မှတ်သည့် ကျောင်းချိန် အပြင် အချိန်ပို သင်ကြားရန် အမိန့်ထုတ်ခဲ့ရာ ကျောင်း ဆရာ/မများသည်  အချိန်ပိုကို တာဝန်ကျေရုံသက်သက် သင်ကြားနေကြောင်း၊ မိသားစု အလုပ်ချိန် ဆုံးရှူံးနေကြောင်း ဖော်ပြလိုသည်။

၂။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂) ရက်နေ့ ချင်းပြည်နယ် ဝန်ကြီးချူပ်ခရီးစဉ် အတွင်း မြို့နယ် ပညာရေး မှူး ဦးလမ်ဇခိုင်မှ  ကျောင်းဆရာ၊ ဆရာမများ နေ့လည် ထမင်းစားချိန်ကို စာသင်ချိန်အဖြစ် သတ်မှတ်ခဲ့သည့် အမိန့်ကြောင့် ကျောင်းဆရာ ဆရာမများ အချိန်ကို ကသုတ်ကယက် လုနေကြရသည်။

၃။ အထက (၁) အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးအပြင် ဒုတိယ ကျောင်းအုပ်ကြီးများ လက်ချိုးရေမ ကုန်ပေါများနေခြင်းကြောင့် မည်သူ့ အမိန့်အား နာခံရမည် ကို ၀န်ထမ်းများ၊ ကျောင်းဆရာ များ မရေမရာ ဖြစ်ခဲ့ကြရ သည်။

၎။ အထက (၁) ရုံးစာရေးသည် မိမိလုပ်ငန်းနေရာကို မသိနားမလည်ပဲ ကျောင်းအုပ်ဆရာကြီးများ နှင့် လုပ်ငန်းဆွေး နွေးတိုင်ပင်နေသည်။ အမှန်ဆိုယင် အဆိုပါ ရုံးစာရေးသည်   ၁၀ တန်းတောင် မအောင်မြင်ပဲ လုပ်သက်အရ စာရေး အ ဆင့် (၁) ရာထူးကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ ပညာသည် ဘွဲ့ရကျောင်းဆရာများကိုတောင် မထီလေးစားပြုနေသည်။

၅။ အောက်တိုဘာလအတွင်း မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းလစ်လပ်နေရာ ရှိသည်ဟု ဆိုပြီး လျှောက်လွှာတစ်စုံကို ၃၀၀၀ ကျပ်ဖြင့် အလုပ်လျှောက်ထားသူများအား ဝယ်ယူစေခြင်း၊ ၁၀ တန်း အောင်လက်မှတ်ကို ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူ စေခြင်းများ ပြုလုပ်နေပါသည်။

၆။ မြို့နယ်ကြံ့ခိုင်ရေးအလုပ်အမှုဆောင်ကော်မီတီဝင် တစ်ဦး က အထက (၁) ကျောင်း တည်ရှိရာ လောင်ဗန်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို စည်းရုံးပြီး အထက (၁) ကျောင်းပုရ၀ဏ်အတွင်း ကျူးကျော်အိမ်ဆောက်လုပ်ခဲ့ပါသည်။ အာဏာရ အစိုးရ ပါတီဖြစ်သည် ဆိုတိုင်း ဒီလို လုပ်လို့ ရသလား၊

၇။ မတူပီမြို့စန်ဘောင်ရပ်ကွက်၊ ဖနိုင်လမ်းဆုံတွင် ဖွင့်လှစ်သည့်  Night Club သို့ လူငယ်လူရွယ်၊ သက်လတ်များ ည တိုင်း တက်နေကြသည်မှာ ချင်းရိုးရာယဉ်ကျေးမှုနှင့် လုံးဝ မဟပ်စပ်ပါ။ ဘာသာရေးနဲ့လည်း မကိုက်ညီပါ၊

၈။ မတူပီမြို့နယ်ရှိ ကျောင်းဆရာ/မများသည် ကျူရှင်ဖွင့်လှစ်ခွင့် မရရှိခဲ့ကြပါ။ ကျောင်းသူကျောင်းသားများသည် ဆရာဖြစ် သင်တန်းမအောင်သူများထံ  ကျူရှင်ယူနေကြသည်မှာ မတူပီမြို့နယ် ၁၀ တန်းအောင်ချက်ကို ထိခိုက်စေပါသည်။

၉။ မတူပီ အထက (၁) နှင့် အထက (၂) ရှိ ကျောင်းသူ၊သားများသည် မူလတန်း၊ အလယ်တန်း အဆင့်တွင် ပညာတော်ခဲ့ကြသော်လည်း အထက်တန်းအဆင့်ပညာရေး ပရမ်းပတာ ဖြစ်မှုကြောင့် တခြားမြို့နယ် ကျောင်းများသို့ သွားရောက်သင်ယူပြီး အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ သည်မှာ မတူပီမြို့နယ် ပညာရေးအတွက် သိက္ခကျ စရာဖြစ်နေပါသည်။

ဤ စနစ်ဆိုးကြီးများကို ပပျောက်နိုင်ရေးအတွက် လေလှိုင်းပေါ်ကဖြစ်ဖြစ်၊ အွန်လိုင်း မီဒီယာ ပေါ်ကဖြစ်ဖြစ် သက်ဆိုင်ရာ တာဝန်ရှိများ သိရှိနိုင်ရန် အသိပေးလိုကြောင်း ပါခင်ဗျာ၊

 

ပညာရေး ဝန်ထမ်း တစ်ဦး

မတူပီမြို့

Share.

About Author

Comments are closed.