မီဇိုရမ်တွင် ချင်းအမျိုးသားနှစ်ဦးထံမှ ရူပီး သိန်း (၂၄၅) ကျော်တန်ဖိုးရှိ ရွှေ ဖမ်းဆီးရမိ

0

မြန်မာနိုင်ငံမှတဆင့် သယ်ဆောင်လာပြီး အိန္ဒိယနိုင်ငံ Guwahati မြို့သို့ တင်ပို့ရောင်းချမည့် ရူပီး (၂၄၅) သိန်းကျော် တန်ဖိုးရှိ ရွှေပြား (၄၅) ချပ်နဲ့အတူ ချင်းအမျိုးသားနှစ်ဦးအား ပြီးခဲ့သည့် အောက်တိုဘာလ (၁၈) ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်၏မြို့တော် အိုက်ဇောလ်မှတဆင့် အိန္ဒိယနိုင်ငံ အာသန်ပြည်နယ်ကိုသွားသည့် ခရီးသည်တင် maxicab ကားတစ်စီးကို Directorate of Revenue Intelligence (DRI), Aizawl Regional Unit နှင့် အိုက်ဇောလ်ရှိ အာသန်ရိုင်ဖယ် တပ်ရင်း (၄၆) တို့ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ် Sihphir မြို့အရောက်တွင် စစ်ဆေးခဲ့ရာ ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ် နေ့စဉ်ထုတ်သတင်းစာ Vanglaini တွင် ဖော်ပြသည်။

ရူပီး (၂၄၅) သိန်းကျော် တန်ဖိုးရှိ ရွှေပြား (၄၅) ချပ် နဲ့အတူ ပိုင်ရှင်ဟုယူဆရသော ချင်းအမျိုးသားနှစ်ဦး Thang Thawn Mung (19) နှင့် Do Sian Lang (18) တို့အား ဖမ်းဆီးပြီး Customs Act, 1962 အရ အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။

Directorate of Revenue Intelligence (DRI) အဖွဲ့ ပြောဆိုချက်အရ ယခု (၂၀၁၈) နှစ်အတွင်း West Bengal နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များတွင် ဘင်္ဂလာဒေ့ရ်၊ မြန်မာနိုင်ငံ၊ ဘူတန်၊ နီပေါလ် နှင့် တရုတ်နိုင်ငံများမှတဆင့် တင်သွင်းလာသော ရွှေ အလေးချိန် ကေဂျီ (၂၉၈.၁၇၃) ကျော် ဖမ်းဆီးခဲ့ပြီဖြစ်ကြောင်း၊ ကာလပေါက်ဈေးအရ ရှုပီး (၉၀၈၄) သိန်းကျော် ရှိကြောင်း ဖော်ပြသည်။

Directorate of Revenue Intelligence (DRI) မှ ယခုလို နယ်စပ်ဒေသများမှတဆင့် တရားမဝင် တင်သွင်းလာသောသူများကို သိရှိပါက DRI ထံသို့ အကြောင်းကြားပေးရန် တောင်းဆိုခဲ့ပြီး၊ ယခုလို အကြောင်းကြားလာသူများ၏ နာမည်ကို ဖော်လေ့မရှိဘဲ ဝှက်ထားလျက်ရှိကြောင်းနှင့် ထိုက်တန်သည့်ဆုကြေးများပေးအပ်လျက်ရှိကြောင်း ထပ်မံဖော်ပြသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့က မြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်သို့သယ်ဆောင်လာသော ရူပီး (၉၂၇) သိန်းကျော် တန်ဖိုးရှိ ရွှေပြား (၂၁၇) ချပ်နဲ့အတူ မြန်မာနိုင်ငံသား (၅) ဦးကို မီဇိုရမ်ပြည်နယ် အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲများ ပူးပေါင်းဖမ်းဆီးခဲ့သည်။

Share.

About Author

Leave A Reply

*

code