ကန်ပက်လက်ပြည်သူများ ချင်းပါတီကိုသာ မဲပေးကြရန် CPP လွှတ်တော်ကိုယ်စားလှယ်လောင်း တိုက်တွန်း

0

နိုဝင်ဘာလ (၃) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်ပြည်သူ များအနေဖြင့် ချင်းနိုင်ငံရေးပါတီကိုသာ မဲပေးကြရန် ချင်းတိုးတက်ရေးပါတီ(CPP) ကိုယ်စားလှယ်လောင်း ဦးမနားရှင်း က တိုက်တွန်းလိုက်သည်။

“ပြည်သူလူထုက ချင်းပြည်နယ်က ချင်းလူမျိုးတွေဖြစ်တဲ့အတွက် ချင်းပါတီကိုမဲပေးဖို့က အရမ်းလိုအပ်တယ်၊ ချင်းတစ်မျိုးသားလုံးရဲ့အရေးကို ဆောင်ရွက်ဖို့ အရေးကြီးတဲ့အတွက် ချင်းပါတီကိုမဲပေးသင့်တယ်” ဟု ဦးမနားရှင်းက ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ချင်းပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ကန်ပက်လက်မြို့ နှင့် မတူပီမြို့နယ်တို့တွင် ကျင်းပမည် ဖြစ်ပြီး ကန်ပက်လက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ချင်းတိုးတက်ရေးပါတီ (CPP) မှ ဦးမနားရှင်း၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) မှ ဦးကီးထန်းလွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ (NLD) မှ ဦးညွန့်ဝင်း၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးမနားနိုင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ချင်းနိုင်ငံရေးပါတီကြီး (၃) ခုဖြစ်သည့် CPP၊ CNDP၊ CLD ပါတီတို့သည် တစ်ပါတီအဖြစ်ပေါင်းစည်းရန် သဘောတူထားပြီးဖြစ်သည်ကို ထောက်ရှု၍သော်လည်ကောင်း၊ ချင်းအမျိုးသားများအကြား မလိုလားအပ်သော နိုင်ငံရေးအားပြိုင်မှု မကြီးထွားလာစေရန် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ် ချင်းတိုးတက်ရေးပါတီဝင်များအနေဖြင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ဦးကီးထန်းလွန်းကို ထောက်ခံဆန္ဒပြုကြရန် ချင်းတိုးတက်ရေးပါတီက အောက်တိုဘာလ (၁၉) ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဦးမနားရှင်းက “ထုတ်ပြန်ချက်ကတော့ ချင်းပါတီတွေပူးပေါင်းတဲ့အနေနဲ့ ချင်းပါတီတွေ စည်းလုံးတယ်ဆိုတဲ့သဘောနဲ့ တစ်ပါတီနဲ့တစ်ပါတီ အားပေးရမယ်ဆိုတဲ့သဘောနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်၊ ကျနော့်ကို သဘောကျတဲ့လူထုက ကျနော့်ကို မဲပေးကြမှာပဲ၊ ဒီလို ထုတ်ပြန်ရုံနဲ့တော့ လူထုက ပါသွားမဟုတ်ပါဘူး’’ ဟု ပြောသည်။

ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင် နှုတ်ထွက်လိုပါက နှုတ် ထွက်လွှာတင်သွင်း ရမည်ဖြစ်ပြီး သို့သော်လည်း တင်သွင်းခွင့်သတ်မှတ်ရက်ကျော်လွန်သွားပြီဖြစ်သည့်အတွက် ချင်းတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဟု ဦးမနားရှင်းက ပြောဆိုသည်။

Share.

About Author

Leave A Reply

*

code