အစိုးရက နှုတ်မိန့်ဖြင့်ရပ်ဆိုင်းခိုင်းသော်လည်း မတူဖိုရမ် ဆက်လက်ကျင်းပ

0

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အောက်တိုဘာလ (၂၃) ရက်နေ့မှ စတင်ကျင်းပသည့် ဒုတိယအကြိမ်မြောက် မတူမျိုးနွယ်စုဖိုရမ်ကို အစိုးရမှ နှုတ်မိန့်ဖြင့်ရပ်ဆိုင်းလိုက်သော်လည်း ဆက်လက်ကျင်းပသည်ဟု သိရသည်။

အောက်တိုဘာလ (၂၃) မှ (၂၅) ရက်နေ့အထိကျင်းပမည့် အဆိုပါဖိုရမ် ဒုတိယမြောက်နေ့ညနေပိုင်းတွင် ဖိုရမ်ကျင်းပရေးကော်မတီများကို မတူပီမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးမှ ဆင့်ခေါ်ပြီး ဆက်လက်မကျင်းပရန် နှုတ်မိန့်ဖြင့် ရပ်ဆိုင်းခိုင်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အစိုးရမှ တရားဝင်စာနှင့် အမိန့်ထုတ်ပြန်ချင်းမဟုတ်သည့်အတွက် တတိယနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပသည်ဟု မတူပီမြို့ ချင်းလူငယ်အဖွဲ့ဥက္ကဌ ကိုအန်နိုးဘိခ်က ပြောသည်။

မတူဖိုရမ်ကျင်းပခြင်းသည် မတူပီမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းဒီမိုကရေစီအဖွဲ့ချူပ်ပါတီအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု မတူပီမြို့နယ် NLD အလုပ်အမှုဆောင်တာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးရုံးထံ တိုင်ကြားသည့်အတွက် ယခုကဲ့သို့ ပြည်နယ်အစိုးရမှ နှုတ်မိန့်ဖြင့် ရပ်ဆိုင်းခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“မတူဖိုရမ်ဆိုတာ မတူမျိုးနွယ်စုတွေစည်းလုံးညီညွတ်ရေးအတွက် ကျင်းပနေတာဖြစ်တယ်၊ ဘာနိုင်ငံရေးရည်ရွယ်ချက်မှ မပါပါဘူး မတူဖိုရမ်ကျင်းပဖို့ အစိုးရဆီကနေ တရားဝင် ပွဲမိန့်ရထားပြီးသားလည်းဖြစ်တယ်’’ ဟု ကိုအန်နိုးဘိခ်ကပြေသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထားသည်။

မတူဖိုရမ်ကို မတူလူမျိုးနွယ်စုများ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာရန်၊ မတူပီမြို့နယ်အတွင်းရှိ ပြည်သူများ၏ အနာဂတ်တွင် ကဏ္ဍအသီးသီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အမျိုးသမီးများနှင့် လူငယ်များ အခန်းကဏ္ဍမြှင့်တင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

ပထမအကြိမ် မတူဖိုရမ်ကို ချင်းပြည်နယ်၊ မတူပီမြို့တွင် (၂၀၁၄) ခုနှစ်က ကျင်းပပြုလုပ်ခဲ့ကြပြီးဖြစ်သည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code