ရှုံးနိမ့်ခဲ့သော်လည်း မဲရလဒ်အပေါ် ကျေနပ်မှုရှိကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းပြော

0

နိုဝင်ဘာလ (၃) ရက်နေ့က ကျင်းပခဲ့သည့် ကန်ပက်လက်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း မဲရလဒ်အပေါ် ကျေနပ်မှုရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမနားနိုင်းကပြောသည်။

“ပြည်သူကို အခြေခံရတဲ့ မဲဆိုတော့၊ ပြည်သူထဲက ထွက်လာတဲ့ မဲဆိုတဲ့ခါကျတော့ မဲရလဒ်အပေါ် ကျနော်ကျေနပ်ပါတယ်၊ ဒီကြားဖြတ်ရွေးကောက်ပွဲက မျှတပါတယ်၊ မဆိုးပါဘူး’’ ဟု ဦးမနားနိုင်းကပြောသည်။

ကန်ပက်လက်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)၊ ချင်းအမျိုးသားဒီိမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးမနားနိုင်းက NLD ကိုယ်စားလှယ်လောင်း ဦးညွန့်ဝင်းကို ဆန္ဒမဲ (၅၅၆) မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ကန်ပက်လက်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အဓိကရှုံးနိမ့်ရသည့်အကြောင်းရင်းမှာ ချင်းပြည်သူတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီသည် တပ်မတော်နှင့် ဗမာပါတီဖြစ်သည်ဟု ထင်မှတ်စွဲကျန်နေသေးသည့်အတွက်ဖြစ်သည်ဟု ဦးမနားနိုင်းက ပြောသည်။

“ကျွန်တော်တို့က ပြည်သူတွေကို အမှန်တိုင်းရင်ဖွင့် ပြောပြတယ်၊ ပြီးတော့ ပါတီပေါ်မှာမြင်တဲ့အမြင်ကတော့ တကဏ္ဍပေါ့၊ တပ်မတော်ပတ်သက်လာလို့ ၊ ဗမာတွေနဲ့ ပတ်သက်လာလို့ အမျိုးမျိုးတွေစွပ်စွဲကြတယ်၊ သို့သော် ကျွန်တော်တို့ ဒါကို အကုန်လုံးသေချာရှင်းပြပြီးတော့မှ ကျွန်တော်တို့ချင်းတွေဟာ ပြည်ခိုင်ဖြိုးပါတီအနေနှင့် ရပ်တည်နေတာဟာ ဗမာအနေနဲ့ ရပ်တည်နေတာမဟုတ်ဘူး ချင်းအနေနဲ့ရပ်တည်တယ်၊ သို့သော် ဒါကို ယှဉ်ပြိုင်ဖက်ပါတီတွေက ပြောတဲ့အခါမှာ အဲဒီ ကြံ့ခိုင်ရေးပါတီဟာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့အနေထားမျိုးမှာ ယနေ့အထိ အသဲစွဲတုန်းရှိနေသေးတဲ့ အတွက်ကြောင့်မို့ ဒီကနေ့ ကျွန်တော်တို့ ကျရှုံးရတယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု သူကပြောသည်။

(NLD) ကိုယ်စားလှယ် ဦးညွန့်ဝင်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း (၃၀၈၃)၊ (USDP) ကိုယ်စားလှယ် ဦးမနားနိုင်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း (၂၅၂၇)၊ (CNDP) ကိုယ်စားလှယ် ဦးကီးထန်းလွန်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း ( ၂၄၄၅) နှင့် (CPP) ကိုယ်စားလှယ် ဦးမနားရှင်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း (၂၄၂) အသီးသီးရရှိကြသည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code