ချင်းမျိုးနွယ်စုများအားလုံး အသုံးပြုနိုင်မည့် အဆောက်အဦး ရန်ကုန်တွင် စတင်တည်ဆောက်

0

ရန်ကုန်မြို့တွင် အခြေစိုက်သည့် ချင်းလူမှုရေးအသင်း (All Chin Society- ACSY) ၏ ဦးဆောင်မှုဖြင့်  ချင်းမျိုးနွယ်စုများအားလုံး အသုံးပြုနိုင်မည့် အဆောက်အဦးကြီးတစ်ခုကို ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အနော်ရထာလမ်းနှင့် ကုန်းဘောင်လမ်းထောင်တွင် စတင်တည်ဆောက်နေပြီဟု သိရသည်။

ချင်းမျိုးနွယ်စု လူမှုရေးအသင်း (၁၉) ခုဖြင့်ဖွဲ့စည်းထားသည့် ချင်းလူမှုရေးအသင်း (All Chin Society-ACSY) မှ ဦးဆောင်မှုဖြင့် တည်းခိုခန်း၊ ပြတိုက်၊ ခန်းမကြီးနှင့် ချင်းလူမျိုးစုအသီးသီးအတွက် ရုံးခန်းများတည်ဆောက်ရန် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ACSY ဥက္ကဌ ဦးပီတာကျုံးကပြောသည်။

ယခုလက်ရှိတွင် ခွင့်ပြုချက်ပါမစ်ဆောင်ရွက်ခြင်း၊ မြေကွက်ခြံစည်းရိုးကာခြင်းလုပ်ငန်း၊ ခြံမြေကွက်ဖို့ခြင်း၊ ရေတွင်းတူးခြင်းနှင့် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်းအတွက် ကျပ်ငွေသိန်းပေါင်း နှစ်ထောင်ခန့် အသုံးပြုထားပြီးဖြစ်သည်ဟု ဦးပီတာကျူံးကပြောသည်။

“ကျွန်တော်တို့ ချင်းအမျိုးသားနေ့ တစ်နှစ်တစ်ခါလုပ်နေတဲ့အချိန်မှာလည်းပဲ ဟိုနေရာရှာဒီနေရာရှာနဲ့ ခက်ခက်ခဲခဲနဲ့ သူများနေရာဌားပြီးတော့ ချင်းအမျိုးသားနေ့ကိုလုပ်ရတာပေါ့ ကျွန်တော်တို့ မြေနေရာ (၄) ဧက အပိုင်ရှိနေပြီဆိုတော့ ဒီနေရာမှာလည်း ချင်းအမျိုးသားနေ့လေးတွေကို ခန်းမတစ်ခုကြီးကိုဆောက်ပြီးမှ လူတစ်သောင်း၊ နှစ်သောင်း ဆံ့တဲ့ခန်းမကြီးမှာ အသုံးပြုပြီး လုပ်တော့မှာဖြစ်တယ်၊ ကျွန်တော်တို့ ချင်းပြည်နယ်မှာရှိနေတဲ့ ချင်းလူမျိုးတွေ၊ နာမကျန်းသူများ အရေးပေါ် ရန်ကုန်မှာဆေးကုသဖို့ ရောက်လာတယ် အဲလိုမျိုးလူတွေအတွက် တည်းခိုရာအိမ်တွေကို ကျွန်တော်တို့ ဆောက်မှာဖြစ်တယ်၊  တည်းမယ့် နေရာမရှိတဲ့သူတိုင်းကိုလည်း တည်းခိုနိုင်ဖို့ ပြင်ဆင်ပေးမှာဖြစ်တယ်၊ တောင်ပေါ်၊ မြေပြန့်အသီးသီးက ချင်းလူမျိုးတွေအတွက် ဒီနေရာမှာ နေရာပေးလိုက်မယ်ဆိုရင်တော့ မရှိဆင်းရဲတဲ့လူ၊ နေစရာထိုင်စရာမရှိတဲ့လူတွေ၊ ခက်ခဲတဲ့လူတွေ ခဏတဖြုတ် ဖြေရှင်းလို့ရအောင် တည်းခိုရာအိမ်တွေကိုလည်း တည်ဆောက်ခြင်းဖြစ်တယ်” ဟု ဥက္ကဌ ဦးပီတာကျုံးကပြောသည်။

ယင်းမြေနေရာအတွက် ဆောက်လုပ်ရေးပိုင်းများတွင် ကုန်ကျမည့် ကုန်ကျစရိတ်များကို ချင်းလူမျိုးအသီးသီးမှ အလှူငွေများဖြင့် အမြန်ဆုံး အပြီးဆောင်ရွက်ရန်လည်း စီစဉ်ထားကြောင်းလည်း သိရပါသည်။

ACSY အသင်းဝင် ချင်းမျိုးနွယ်စုလူမှုရေးအသင်း (၁၉) ခုမှ မိမိတို့သက်ဆိုင်ရာရံပုံငွေများဖြင့် ပေ (၂၃×၄၀) RC နှစ်ထပ်တိုက် ရုံးခန်းကို ACSY မြေကွက်တွင် စတင်ဆောက်လုပ်ဖို့လည်း ခွင့်ပြုခဲ့ပြီဖြစ်ကြောင်းနှင့် ပြည်နယ်အသီးသီးမှ ကျန်းမာရေး၊ သာရေးနာရေးကိစ္စများနှင့် ပညာရေးကိစ္စအ၀၀တို့အတွက် ရောက်ရှိလာကြမည့် ချင်းတိုင်းရင်းသားများအတွက် တည်းခိုရန် RC (၆) ထပ်တိုက်ကိုလည်း တည်ဆောက်ရန် လျာထားကြောင်းလည်း သိရသည်။

၎င်းမြေနေရာတည်ဆောက်ခြင်းအားဖြင့် ချင်းတမျိုးသားအားလုံးအတွက် စည်းစည်းလုံးလုံး တစ်နေရာတည်းတွင် ပူးပေါင်းလက်တွဲပြီး တွေ့ဆုံနိုင်မည်ဖြစ်ကာ ပွဲတော်များတွင်လည်း အတူတကွ ပိုမိုစည်းလုံးမှုများ ရရှိမည်ဖြစ်ကြောင်း ဥက္ကဌ ဦးပီတာကျုံးကဆက်ပြောသည်။

Share.

About Author

Leave A Reply

*

code