ချင်း နှစ်ပါတီ ပူးပေါင်းပြီး ပါတီ ၁ ခုအဖြစ်ရပ်တည်မည်

0

May 16, 2012 by khonumthungburmese

ချင်းလူမျိုးကိုယ်စားပြုနိုင်ငံရေးပါတီများဖြစ်ကြသော ချင်းအမျိုးသားပါတီ နှင့် ချင်းတိုးတက် ရေးပါတီ တို့သည်  မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ချင်းအမျိုးသား ပါတီရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပါတီပေါင်းစည်းရေး လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့ကြောင်း ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး (၁) ဆလိုင်းငယ်ပီးကပြောသည်။ 

“ Step ၃ ခု ချမှတ်လိုက်တယ် ပထမအဆင့်က ပါတီနာမည် အမှတ်တံဆိပ်ရွေးတဲ့ဟာကို ပထမအဆင့် သတ်မှတ်တယ်၊ ဒုတိယအဆင့်မှာတော့ မြို့နယ်ကော်မတီတွေဘယ်လိုသတ်မှတ်မလဲ၊ နေပြည်တော်မှာကော် သွားပြီး ဘယ်လိုလျောက် ကြမလဲဆိုတာ တတိယအဆင့်မှာတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွေ ဘယ်လိုနည်းနဲ့ ရွေးချယ်ကြ မလဲဆိုတာတွေ ဆွေး နွေးကြပါတယ်’’ ဟုပြောသည်။

ချင်းပါတီ ၂ ခုသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက တပါတီတည်းအနေဖြင့် ၀င်ပြိုင်ရန် စီစဉ်ခဲ့ကြသော်လည်း  အချိန်မလုံလောက်မှုကြောင့် ၂ ပါတီဖြစ်သွားရခြင်းဖြစ်သည်ဟု ဆလိုင်းငယ်ပီးကပြောသည်။

ယခုကဲ့သို့ ၂ ပါတီမှ ၁ ပါတီအဖြစ် ပေါင်းစည်းနိုင်လျင် ချင်းပြည်နယ်အတွက်လည်း ပိုမိုကောင်းမွန်လာနိုင်မည်ဟု  ကိုငယ် ပီးကဆက်ပြောသည်။

“ချင်းတပါတီတည်းဖြစ်တယ်ဆိုရင် မဲဆန္ဒရှင်တွေေ၀၀ါးမှုမရှိတော့ဘူးပေါ့၊ နောက်ပြီး ပြင်ပက ဆက်သွယ် ချင်ရင် ဘယ်ပါတီကို ဆက်သွယ်ရမလဲဆိုတာေ၀၀ါးနေစရာမလိုတော့ဘူး’’ ဟုပြောသည်။

လာမည့် ၂၀၁၃ ခုနှစ်တွင် တရားဝင် ပူးပေါင်းနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ပါတီအမည်ကို ချင်းအမျိုးသား တိုးတက်ရေး ပါတီဟု အမည်ပေးရန် စီစဉ်ထားကြသည်ဟု သူကဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းအမျိုးသားပါတီက  ၉ နေရာအနိုင်ရခဲ့ပြီး ချင်းတိုးတက်ရေးပါတီက စစ်ကိုင်းတိုင်း ဒေသကြီး အပါအ၀င် ၁၁ နေရာအနိုင်ရရှိခဲ့ကြသည်။

Share.

About Author

Comments are closed.