(006SV)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ငေါန်ဒေသတွင် စခန်းချခြင်း၊ တပ်သားစုဆောင်ခြင်းနှင့် CDF – Ngawnngam ဖွဲ့စည်းမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ စွပ်စွဲချက်သာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ယနေ့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်သည်။
CNF/CNA အနေဖြင့် ငေါန်ဒေသတွင် အာဏာစိုးမိုးရေးအတွက် နောက်ကွယ်က ငွေကြေးထောက်ပံ့၍ CDF – Ngawnngam ကို ဖွဲစည်း အားပေးခြင်း၊ တပ်စခန်းချခြင်းများပြုလုပ်ကာ ငေါန်မျိုးနွယ်စု အချင်းချင်းကြား စည်းလုံးညီညွတ်မှုကို ပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု Ngawn Union Council (NUC) က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာသည့်အပေါ် ချင်းအမျိုးသားတပ်ဦး CNF က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
CDF – Ngawnngam အပါအဝင် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးအရာများတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မိဘပြည်သူများအနေဖြင့် မဟုတ်မမှန် စွပ်စွဲချက်များကို နားမယောင်ကြရန် CNF/CNA က မေတ္တာရပ်ခံထားသည်။
CNF/CNA သည် ဒေသခံပြည်သူလူထု၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ညှိနှိုင်းပြီးမှသာ စစ်ရေးနှင့် ပြည်သူ့ရေးရာများကို ဖော်ဆောင်လေ့ရှိပြီး ငေါန်ဒေသခံလူထုမှ CNA တပ်စခန်းချပေးရန် မေတ္တာရပ်ခံချက်များရှိခဲ့သော်လည်း စစ်ကောင်စီကင်းစင်သော နယ်မြေဖြစ်၍ ယနေ့အထိ တပ်စခန်းချခြင်း မရှိကြောင်း NUC အနေဖြင့် အဖြစ်မှန်သိရှိလိုပါက CNF/CNA ထံ တိုက်ရိုက် ဆက်သွယ်နိုင်သည်ဟု ဖော်ပြထားသည်။
စစ်အာဏာရှင်စနစ် ကင်းစင်ပြီး ချင်းအမျိုးသား စည်းလုံးညီညွှတ်မှုဖြင့် ချင်းပြည်တည်ဆောက်ရာတွင် ရည်မှန်းချက်၊ ယုံကြည်ချက် တူညီသော မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲသွားမည်ဖြစ်ပြီး အချင်းချင်းကြား စစ်ရေးပွတ်တိုက်မှုများ၊ အမုန်းပွားစေမည့်လုပ်ရပ်များကို ရှောင်ရှားလျက် စစ်ကောင်စီကင်းစင်ရေးအတွက် မိမိတို့နှင့်အတူ တိုက်ပွဲဝင်ကြရန် CNF/CNA က ထုတ်ပြန်သည်။