(004SS)
ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ၏ ဖလမ်းမြို့နယ်ပြည်သူလူထုအားလုံးသိစေရန်ဆိုသည့် ထုတ်ပြန်ကြေညာချက်သည် လူမျိုးစုအချင်းချင်းကြားမလိုလားအပ်သော ပြသာနာဖြစ်ပေါ်စေနိုင်သည့်အတွက် ကန့်ကွက်ကြောင်း ကြားကာလမရာနယ်ကောင်စီ IMC က ထုတ်ပြန်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မပေါ်ပေါက်မီကာလအတွင်း လက်ရှိတည်ဆဲ ဖလမ်းမြို့နယ် နယ်နိမိတ် အတွင်း မှီတင်းနေထိုင်သော မျိုးနွယ်စု အားလုံး၏ ဖြစ်တည်မှုကို လက်ခံအသိအမှတ်ထားပြီး မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ် ရေး ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်နေသည်ဟု CNO/CNDF က မေလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ကြေညာချက်သည် ဟွာလ်ငိုးရမ် လူမျိုးစုအခွင့်အရေး နှင့် ဖက်ဒရယ်လူမျိုးစုအခွင့်အရေးများ ကို ချိုးဖောက် ရာရောက်ပြီး၊ လူမျိုးစုအချင်းချင်းကြားမလိုလားအပ်သော ပြသာနာဖြစ်ပေါ်စေနိုင်တဲ့အတွက် ကန့်ကွက်သည်ဟု IMC/ CDF-Mara က ယနေ့ မေလ ၂၂ ရက်နေ့တွင်ထုတ်ပြန်သည်။
ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဉပဒေ ၂၀၂၃ အရ ၁၉၉၃ ခုနှစ် ညောင်နှစ်ပင်ညီလာခံမှ အတည်ပြုပြဌါန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေကို ဖျက်သိမ်းပြီး ချင်းပြည်အတွင်း ရှိရင်းဆွဲ ၉ မြို့နယ်နှင့် လောက်တူဒေသ၊ ဇိုးတုန်ဒေသ၊ မရာလဲန်းဒေသ၊ ဇိုဖဲရာမ်ဒေသ၊ ဆဲန်ထန်းဒေသ၊ စီးယင်းဒေသ၊ ဇာညှက်ရမ်ဒေသ၊ ထာဒိုဒေသနှင့် ဟွာလ်ငိုးရမ်းဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် သတ်မှတ်အတည်ပြု ဖွဲ့စည်းပြီး ဖြစ်သည်ဟု IMC/ CDF-Mara က ဆိုသည်။
မရာဒေသသည်လည်း ချင်းပြည် ( Chinland ) ဖွဲ့စည်းပုံ အခြေခံဉပဒေ ၂၀၂၃ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ကာ ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်နေပြီး၊ မရာဒေသအတွင်း မိမိသက်ဆိုင်ရာအဖွဲ့အစည်း၏ ဆန္ဒမပါဘဲ ဘယ်အဖွဲ့အစည်း ကိုမဆို ဝင်ရောက် စွက်ဖက် နှောင့်ယှက်ခြင်းများ မပြုကြရန် IMC/ CDF-Mara က ထုတ်ပြန်သည်။