“CDM မလုပ်လိုက်ရလို့ပဲ နောင်တဆိုတာရှိမယ်။ CDM လုပ်လို့ နောင်တဆိုတာတော့မရှိဘူး” လို့ ဆရာမထရေစီ (အမည်လွဲ) က သူမရဲ့ ခံယူချက်ကို ပြတ်ပြတ်သားသား ရှင်းပြပါတယ်။
သူမဟာ ချင်းပြည်နယ်တောင်ပိုင်း တောင်ပေါ်မြို့လေးဖြစ်တဲ့ မတူပီမြို့မှာ ကျောင်းဆရာမအလုပ်ကို လုပ်ကိုင်ရင်း မိသားစုသုံးယောက် ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့သူပါ။ ငြိမ်းချမ်းလှပတဲ့ တောင်ပေါ်မြို့လေးက ကလေးတွေကို စာတွေသင်ကြားပေးရင်း ပျော်မွှေ့နေတဲ့ ကျောင်းဆရာမ တယောက်ပေါ့။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူလိုက်တဲ့အချိန်မှာတော့ ဆရာမထရေစီတို့ရဲ့ ငြိမ်းချမ်းတဲ့ တောင်ပေါ်ဒေသလေးဟာလည်း တစ်နိုင်ငံလုံးကြုံတွေ့နေရသလို စစ်အာဏာရှင် ဂြိုလ်ဆိုးဝင်မွှေတဲ့ဒဏ်ကို ကြုံတွေ့ခံစားခဲ့ကြရပါတယ်။
ရန်ကုန်၊ မန္တလေးတို့လို အထင်ကရမြို့ပြကြီးတွေအပါအဝင် တောင်ပေါ်မြေပြန့်ဒေသအသီးသီးမှာရှိတဲ့ အစိုးရဝန်ထမ်းတွေဟာ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို စွန့်လွှတ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးအပါအဝင် ဌာနဆိုင်ရာအသီးသီးကပါဝင်တဲ့ CDM လှုပ်ရှားမှုတွေထဲမှာ ဆရာမထရေစီတို့ရဲ့ ချင်းတောင်တန်းဒေသကလည်း အားအကောင်းဆုံးအဖြစ်နဲ့ ပါဝင်ခဲ့ကြပါတယ်။
အစိုးရဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကြောင့် ဌာနဆိုင်ရာယန္တယားတွေ မလည်ပတ်နိုင်တဲ့အထိ ဖြစ်လာတဲ့အခါ အာဏာသိမ်းစစ်ကောင်စီက CDM ဝန်ထမ်းတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာတဲ့အတွက် အသက်ရှင်ရပ်တည်ရေးနဲ့ လုံခြုံရေးအတွက်ပါ စိုးရိမ်ခဲ့ကြရပါတယ်။
ဒီလိုအခြေအနေတွေကို ဆရာမထရေစီလည်း ကြုံခဲ့ရပါတယ်။
“ကျမချိန်းခြောက်မှုတွေ၊ ပတ်ဝန်ကျင်ရဲ့ဖိအားတွေ ရင်ဆိုင်ခဲ့ရပါတယ်။ တချို့က CDM မလုပ်ဘူးလားဆိုတဲ့ အကြည့်နဲ့ကြည့်တယ်။ တချို့ကတော့ ဘယ်အိမ်က အစိုးရဝန်ထမ်းအိမ်လဲ။ ဒလန်များဖြစ်မလားဆိုတာတွေနဲ့ ရင်ဆိုင်ရတော့ နေ့စဉ်နေထိုင်ရတာ ခက်ခဲလာတယ်”
ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့အတွက် CDM လုပ်ဖို့ ထွက်ပြေးမယ်ဆိုရင် စစ်ကောင်စီလက်က လွတ်နိုင်မလား၊ ကြမ်းတမ်းတဲ့ အခြေအနေတွေကို ဖြတ်သန်းဖို့ဖြစ်နိုင်မလား၊ စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေမှာပဲ စာပြန်သင်ပေးမလား ဆိုတဲ့ စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။
ဒါပေမယ့် ဆရာမထရေစီက ချင်းတောင်တန်းပေါ်မှာ ရဲရဲတောက်ပွင့်နေတဲ့ တောင်ဇပ်ပန်းတွေလိုပဲ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM လုပ်ဖို့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။ ဒီအတွက် နေရပ်ရင်းကိုစွန့်ခွာပြီး အိန္ဒိယ-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေတနေရာကို ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တာပါ။
“ကျမလွတ်မြောက်နယ်မြေကို မလာချင်ပါဘူး ကျမမှာ ကိုယ်ဝန်နဲ့ဆိုတော့ ထွက်ပြေးလွှတ်မြောက်ဖို့အတွက် လမ်းခရီးက ကြမ်းတမ်းမယ်ဆိုတာနားလည်တယ်။ ဒါပေမယ့် ကျမတို့ CDM လုပ်တဲ့ပတ်ဝန်းကျင်လည်းရှိနိုင်တယ်။ အရင်တခါလည်း လုံခြုံရေးစိုးရိမ်ရတဲ့အဖြစ်မျိုး ကြုံခဲ့ပြီး နောက်ထပ်များပြန်ဖြစ်မလား ဆိုတဲ့စိတ်နဲ့ ဒီဘက်ကိုရောက်ခဲ့တာ”
သူမဟာ ကိုယ်ဝန် ၂ လ လွယ်ထားရတဲ့အပြင် သူမနဲ့ အမျိုးသားအပါဝင် မိသားစုဝင် ၃ ယောက်ဟာ လွတ်မြောက်ရာနယ်မြေကိုသွားဖို့အတွက် လူတွေအာရုံမစိုက်မိအောင်လို့ ကြိုတင်ပြီး လမ်းခရီးအစီစဉ်တွေကို သေချာဆွဲခဲ့ရပါတယ်။
“ကျမ လွှတ်မြောက်ရာနယ်မြေကို သွားမယ်လို့ဆုံးဖြတ်လိုက်ပေမယ့် ညတိုင်းအိပ်လို့မပျော်ဘူး။ ကျမစိုးရိမ်စိတ်က အရမ်းများနေတယ်။ မိန်းမသားတစ်ယောက်အနေနဲ့ ပြီးတော့ ကိုယ်ဝန်သည်တစ်ယောက်အနေနဲ့ ဒီခရီးကို ရှေ့ဆက်လို့ဖြစ်ပါ့မလား။ ဟိုမှာ ငါကလေးမွေးရင် ဘယ်လိုဖြစ်မှာလဲ။ စသဖြင့် အတွေးမျိုးစုံပါပဲ။ အဲ့သလိုစဉ်းစားရင်းနဲ့ပဲ အထုပ်အပိုးတွေပြင်နေခဲ့ပါတယ်”
လုံခြုံရေးအခြေအနေကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ဖို့ သူမနေရပ်ဌာနေ မတူပီမြို့ကနေ မနက်မိုးမလင်းခင်မှာ စွန့်ခွာလာခဲ့ပါတော့တယ်။ လမ်းခရီးမှာလည်း စစ်ဆေးမှုတွေများတဲ့အတွက်ကြောင့် လွတ်မြောက်နယ်မြေကို ရောက်နိုင်ပါမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ခရီးဆက်ရတာဖြစ်ပါတယ်။
“ကျမအရမ်းစိုးရိမ်နေတယ်။ မနက်ခင်းထွက်ခဲ့တော့ တွေ့တဲ့သူနည်းတာပေါ့၊ လမ်းမှာစစ်လို့ ဝန်ထမ်းမှန်သိရင် ဘယ်လိုလုပ်မလဲပေါ့၊ အဖမ်းခံရမှာလား ဆိုတဲ့စိတ်တွေနဲ့ ရင်ထဲမှာပူလောင်နေတာပါပဲ”
မတူပီမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ်အထိ သွားဖို့အတွက် ဆိုင်ကယ်မောင်းချိန် ၁၀ နာရီကျော် ကြာပါတယ်။ မြို့ကူးဂိတ်တွေတိုင်းမှာ စစ်သားတွေရှိနေပြီး သူတို့အရှေ့ရှောက်ရင် ဆိုင်ကယ်ရပ်ပြီး အစစ်ဆေးခံရပါတယ်။ အထုတ်တွေပါရင် ဖွင့်ကြည့်ပြီး “ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်သွားမလဲ၊ ဘာလုပ်ဖို့လဲ” စတဲ့ မေးခွန်တွေမေးပြီးမှ ထွက်ခွင့်ပြုတာဖြစ်ပါတယ်။
“ကျမယောကျ်ားက ဆိုင်ကယ်မောင်းတယ်၊ ကြားထဲမှာ သုံးနှစ်သား ကျမသားလေးကိုထိုင်ခိုင်းပြီး ကျမက နောက်ကလိုက်တယ်၊ ကျမတို့လည်း သံသယများမှာစိုးလို့ အထုပ်နည်းနည်းပဲသယ်ခဲ့တယ်၊ လမ်းမှာစစ်တော့ ဘယ်သွားမှာလဲလို့မေးတယ်။ ကျမလည်း မြို့ပေါ်မှာတိုက်ပွဲတွေဖြစ်တော့ အမျိုးတွေအိမ်သွားမလို့ပါလို့ ပြောလိုက်တယ်။ ဒါနဲ့ပဲ အိန္ဒိယ-မြန်မာ နယ်စပ်ကို ရောက်အောင်သွားနိုင်ခဲ့တယ်”
စိုးရိမ်မှုတွေနဲ့ စစ်တပ်ဂိတ်တွေကို ကျော်ဖြတ်အပြီး ညမိုးချုပ်ချိန်မှာတော့ အိန္ဒိယ-မြန်မာနယ်စပ်ကို ရောက်ခဲ့ပြီး နေထိုင်ဖို့အတွက် အခန်းကျဉ်းလေးတခန်းရရှိခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်မှာလည်း ရွာသားတွေက လက်ခံပေးကြပေမယ့် တစ်လအကြာမှာတော့ အိန္ဒိယက စစ်သားတွေက လက်မခံဘူး။ တစ်လနေပြီးတာနဲ့ မြန်မာနိုင်ငံကိုပြန်ဖို့ ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။
“အိန္ဒိယက စစ်သားတွေကသေနတ်တွေလည်းကိုင်ပြီးလာတယ် ကြောက်အောင်လို့နေမှာပေါ့နော် ပြီးတော့ပြန်ခိုင်းတယ် လုံးဝမနေရဘူး အခန်းထဲထိဝင်စစ်တယ်။ တံခါးတွေကို ထုပြီးဖွင့်ခိုင်းတယ် လူဘယ်နှစ်ယောက်ရှိလဲ အကုန်စစ်ပြီး အကုန်ရပ်ခိုင်းတယ်။ ပြီးတော့ ဓာတ်ပုံတွေရိုက်တယ်။ အကုန်းလုံးကို ပြန်ခိုင်းတာ”
“ကျမတို့ မိသားစုသုံးယောက် ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာပဲ အသိတစ်ယောက်က မီဇိုရမ်ဘက်ကို လိုက်မလားလို့မေးတော့ နေရပ်မပြန်ဘဲ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကို ညတွင်းချင်းပဲ ထွက်ခွာခဲ့တာ”
အိန္ဒိယမှာ နေထိုင်ဖို့ အထောက်အထားတွေ မရှိတဲ့အတွက် ခိုးဝင်သူများအဖြစ် သတ်မှတ်ခံရတဲ့ အတွက် သူမနဲ့ မိသားစု အတွက် လုံခြုံမှု ရှိတယ်လို့ မခံစားရပါဘူး။ အထောက်အထားမဲ့ ဖမ်းဆီးခံရသူတွေဆိုရင် မြန်မာနိုင်ငံဘက်ကို အိန္ဒိယ ရဲတွေက ပြန်ပို့တာပါ။
အထောက်အထားမရှိသူတွေဟာ အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်နိုင်ဖို့အတွက် စစ်ဆေးရေးဂိတ်တွေ မရှိတဲ့ လမ်းတွေကို ရွေးချယ်ရတာဖြစ်ပြီး တောလမ်းတွေကို နာရီပေါင်းမြောက်များစွာဖြတ်ကျော်ပြီး ဝင်ကြရတာဖြစ်ပါတယ်။
“အဲ့ဒီနေ့က ကားရောက်လာတာနဲ့ ဒီဘက်ကိုလာတာ။ ဂိတ်ရောက်တဲ့အချိန်မှာလည်း ဂိတ်ကပြန်ခိုင်းတာ။ မီဇိုစကားတွေနဲ့မေးတယ် ကျမတို့ကားထဲမှာ တစ်ယောက်မှ ဘာသာစကားတတ်တဲ့သူမရှိဘူး။ ရင်တထိတ်ထိတ်နဲ့ပဲ ဟိုဘက်ပြန်ခိုင်းရင်လည်း နေစရာမရှိဘူး။ တစ်နာရီလောက်စစ်တယ် မေးတယ်။ ကလေးတွေနဲ့ဆိုတော့ ပြန်ခိုင်းရင်လည်း သနားစရာကောင်းတယ်။ ကားဆရာကလည်း တောင်းပန်ပေးတယ်၊ ကလေးတွေမြင်တာနဲ့ စိတ်ပြောင်းတာနဲ့ ပြန်လွတ်ပေးတော့ ဒီဘက်ရောက်လာတယ်။”
မီဇိုရမ်ပြည်နယ်မှာ နေထိုင်ဖို့အပြင် ချင်း (မီဇိုဘာသာစကား) ကို အဓိကပြောဆိုတဲ့အတွက် ဘာသာစကားအခက်ခဲနဲ့လည်း ရင်ဆိုင်ကြုံတွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်မပေါ့မပါးနဲ့ဖြစ်နေတဲ့ သူမအတွက် ကိုယ့်ဒေသမဟုတ်တဲ့ မြို့မှာလည်း အခက်ခဲများစွာ ရင်ဆိုင်ရပါတယ်။
“ကျမ နေထိုင်ဖို့အတွက် CDM တွေကို ကူညီပေးတဲ့အဖွဲ့အစည်းတစ်ခုက ငှားရမ်းပေးတဲ့ အခန်းလေးမှာ ကျမတို့အခုနေပါတယ်။ ဈေးလည်း ဘာသာစကားမတတ်တော့မဝယ်နိုင်ဘူးလေ။ ဒါကြောင့် သူများအကူအညီနဲ့ပဲနေရတာ။ သူများလှူတာစားနေရတယ်။ အလုပ်လည်မရှိသေးဘူးဆိုတော့ ကိုယ့်မှာပါလာတာလေတွေနဲ့ သူများလှူတာလေတွေနဲ့ ရှေ့ဆက်သွားနေရတာပါ။”
ဆရာမ ထရေစီလို အိမ်နီးချင်း နိုင်ငံနယ်စပ်တွေမှာ သွားရောက် ခိုလှုံသူတွေရှိသလို ပြည်တွင်းထဲမှာဘဲ အကြောင်းကြောင်းကြောင့် ပုန်းရှောင်ခိုလှုံနေကြရတဲ့ CDM ဝန်ထမ်းတွေလည်း ရှိကြပါတယ်။ ကိုယ် တသက်လုံးလုပ်လာခဲ့ကြတဲ့ ဝါသနာပါရာအလုပ်တွေကို စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့ကြသူတွေပါ။
ဟားခါးမြို့ပေါ်က CDM ကျောင်းဆရာမ ဒေါ်နွယ်အေး (အမည်လွှဲ) ကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ လွတ်မြောက်နယ်မြေကို မရွေးချယ်ဘဲ မိဘ ၂ ပါးနဲ့ အတူနေထိုင်နိုင်မယ့်နေရာကို ရွေးချယ်ခဲ့ပါတယ်။
“ကျမသူငယ်ချင်းက သူအိမ်ငှားပေးတယ်။ အခုအဲ့မှာ မိဘနှစ်ပါးနဲ့ သုံးယောက်နေပါတယ်။ စားဝတ်နေရေးအတွက် မနက်ပိုင်း မုန့်ဟင်းခါးရောင်းပါတယ်။ အဲ့ဒါလေးနဲ့ အသက်ရှင်ဖို့အတွက် ရုန်းကန်နေရတာပေါ့။ ပထမကတော့ Online ကနေ စာပြမလို့ပဲ။ ဒါပဲမယ့် တချို့ကအဲ့ကနေလည်း ဖမ်းခံရနိုင်တယ်လို့ပြောတော့ ကိုယ့်ကို ဇာတ်မြှုပ်တဲ့အနေနဲ့ မုန်ဟင်းခါးပဲရောင်းလိုက်တော့တယ်” ရယ်ရယ်မောနဲ့ပဲ ပြန်ရှင်းပြပါတယ်။
ရယ်ရယ်မောမော ပြောပြပေမယ့်လည်း သူမမှာလည်း အခက်အခဲတွေနဲ့ပါပဲ။ ဒါပေမယ့် တတိုင်းပြည်လုံး စစ်အာဏာရှင်လက်အောက် ဒုက္ခပင်လယ်ဝေနေချိန်မှာ သူမရဲ့ အခက်အခဲတွေကို မျှဝေပေးချင်ပုံမရပါဘူး။ အားလုံးကြုံနေကြရတဲ့ အခက်အခဲကိုတော့ တစ်ထောင့်တစ်နေရာကနေ ဝိုင်းဖြေရှင်းပေးနေသူအဖြစ်တော့ ရပ်တည်နေဆဲပါ။
“ကျမ အားအင်ကျဆင်းလို့မဖြစ်ဘူး။ ကျမအားအင်ကျရင် စိတ်ဓာတ်ကျရင် ကျမမျက်နှာကိုကြည့်ပြီးနေတဲ့ အသက်ကြီးမိဘနှစ်ပါးလည်းရှိတော့ စိတ်ဓာတ်ကျလို့မဖြစ်ဘူး။ ငိုရင်တော့ တိတ်တိတ်လေးငိုရတာပေါ့၊ ဒါပေမယ့်အင်အားရှိသေးပါတယ်။ ဒီအာဏာရှင်ကို တော်လှန်မယ်လို့ စိတ်ထဲဝင်လာရင် ခံပြင်မှုတွေကြောင့်လားတော့မသိဘူး။ အားအင်ပြန်ပြည့်လာတယ်။ အဲ့နည်းနဲ့ပဲ အားယူးရတာပေါ့။”
ဆရာမ ဒေါ်နွယ်အေးတို့လိုဘဲ အခက်အခဲအမျိုးမျိုးကြောင့် နယ်စပ်နဲ့ လွတ်မြောက်နယ်မြေတွေမှာ သွားရောက်ပုန်းရှောင်ခြင်းမရှိဘဲ ပြည်တွင်းထဲမှာဘဲ ရှောင်တိမ်းနေရသူတွေအဖို့ကတော့ စားဝတ်နေရေးအပြင် လုံခြုံရေးအခက်အခဲတွေပါ ရှိနေပါတယ်။
ချင်းပြည်နယ်က အခြား ဌာနဆိုင်ရာ CDM ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါ်သီတာ (အမည်လွှဲ) ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတဲ့ အခြေအနေကို နေ့စဉ်နီးပါးကြုံနေရတယ်လို့ ဖွင့်ပြောပြပါတယ်။
“အခက်ခဲဆိုတာကတော့ နေ့စဉ်ရှိတာပေါ့နော်၊ တချို့ကလည်း လွတ်မြောက်ရာနယ်မြေကိုသွားပြီး လွတ်လွတ်လပ်နေလို့ ပြောတာပေါ့၊ ကျမက စိတ်ဓာတ်အတက်အကျ အရမ်းများတဲ့သူပါ တခြားတိုင်းပြည်ရောက်သွားရင် ဘာသာစကားအခက်ခဲကြုံရရင် စတဲ့ စိုးရိမ်စိတ်တွေကြောင့် ပြည်တွင်းမှာပဲနေဖြစ်တယ်။ စားဝတ်နေရေးအတွက် မပူပန်ရပေမယ့် တစ်နေ့ ငါအဖမ်းခံရမလားဆိုတဲ့ မလုံခြုံတဲ့စိတ်ကြောင့် လူတိုင်းနဲ့ စကားမပြောဖြစ်တဲ့အပြင် တစ်ယောက်တည်း အထီးကျန်လာတယ်။ ရိုးရိုးသားသားပြောရရင် စိတ်ပိုင်းဆိုင်ရာပြဿနာ ရင်ဆိုင်နေရတဲ့သဘောပါ။”
ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ရမယ်ဆိုတဲ့ စိတ်ကတော့ သတိတချက်မှမလွတ်ခဲ့ဘဲ ရတဲ့ အချိန်တွေ၊ ရတဲ့အခွင့်အရေးတွေထဲကပဲ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေကို ကူညီဖို့ လုပ်ဆောင်ခဲ့ပါသေးတယ်။
“တချို့ကတော့ အလုပ်ပြန်သွားလုပ်လိုက်ပါလို့တိုက်တွန်းတယ်။ ကျမကတော့ ကိုယ်လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် ဘယ်တော့မှနောက်ပြန်မလှည့်ဘူး။ ရှေ့ဆက်သွားမယ်။ ဒီတော်လှန်ရေးကြီးက ကြာကောင်းကြာနိုင်တယ်။ အဲ့အတွက်လည်း စိတ်ကိုကြိုပြင်ဆင်ထားပါတယ်။ တိုက်ပွဲမဝင်နိုင်ပေမယ့် CDM လုပ်ပြီး အာဏာရှင်ကို မကြိုက်ကြောင်းပြနေမှာပဲ ဆက်ပြီးလည်း တတ်နိုင်သလောက် CNF/CDF တွေကို တူမီးထီထိုးပြီးလှူနေအုံးမှာပဲ”
စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခုခံကြရင်း အသက်ပေးခဲ့ကြရသူတွေ၊ မဆုံနိုင်တော့တဲ့ မိသားစုထမင်းဝိုင်းတွေ အကြောင်းကို မိခင်စိတ်ရှိနေကြတဲ့ ဆရာမတွေအတွက်ကတော့ ကိုယ့်အပူထက် တိုင်းပြည်ရဲ့ အနာဂတ်အတွက်သာ ပူပင်နေကြပါတယ်။
“ခက်ခဲနေတယ်လို့ သူများတွေကိုပြောပြရင် ရှက်စရာကြီးပေါ့နော်၊ ဒါပေမယ့်မရှက်ပါဘူး အရင်ကလည်း ဝန်းထမ်းဆိုတော့ သူဌေးမှမဟုတ်တာ အဲ့တော့အခက်အခဲဆိုတာရှိမှာပဲ၊ အခုက နည်းနည်းလေးပိုခက်ခဲသွားတာပဲရှိတယ်။ ဒါပေမယ့် CDM မလုပ်တဲ့ သူတွေကောင်းစားပြီး အေးဆေးဖြစ်နေတာကိုကြည့်ရင်တော့ နည်းနည်းတော့ ဝမ်းနည်းသလိုခံစားရတယ်။ ဒီလောက်ပါပဲ။”
ဆရာမ ထရေစီ ကလည်း “အခက်အခဲတွေကိုဘာမှမမှုတော့ပါဘူး။ တောထဲမှာရှိတဲ့ CDF တွေ CNA တွေ လူငယ်တွေရဲ့အခက်ခဲလောက် ကျမတို့မခက်ခဲသေးပါဘူး။ ကျမ ကောင်းတဲ့ဟာစားရင်တောင်မှ သူတို့တွေရော စားရပါ့မလားဆိုတဲ့စိတ်နဲ့ ကျမ မပေါ့မပါးနဲ့ရှိနေပေမယ့် ကျမစားချင်တာမစားရတဲ့အချိန်ပေါ့။ အဲ့အချိန်မှာ ငါဒီလောက်စားချင်တာ သူတို့တွေလည်း တောထဲမှာ ဘယ်လောက်များပင်ပန်းမလဲဆိုတဲ့စိတ်နဲ့ လိုချင်တာတွေလိုအပ်တာတွေရှိရင်လည်း ကျမသည်းခံပြီးတော့ လုပ်တယ်။”
ကိုယ့်မိခင်ဘာသာစကားမပြောတဲ့ ဒေသတစ်ခုမှာ ဘဝကိုပြန်စတင်ရတဲ့သူမအတွက် စိန်ခေါ်မှုတွေ စိတ်ဓာတ်ကျမှုတွေရှိပါတယ်။ CDM ပြုလုပ်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သူမရဲ့စိတ်ဆုံးဖြတ်ချက်ကလည်း အနီရင့်ရင့် တောင်ဇလပ်ပန်းတွေလိုပဲ ရဲရင့်ပြတ်သားခဲ့ပါတယ်။
“ကျမတို့ပါတီတစ်ခုအတွက်လည်းလုပ်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်လည်း မလုပ်ပါဘူး။ စစ်ကို လုံးဝမကြိုက်လို့ပါ၊ ကျမတို့မတူပီမှာကျတော့ စစ်ဒဏ်ကို အများကြီးခံခဲ့ရတယ်ဆိုတော့ စစ်ကို လုံးဝမကြိုက်တာ အဲ့ဒါကြောင့်မလို့ ဘယ်သူရဲ့တိုက်တွန်းချက်မှမပါပဲ စစ်ကိုမကြိုက်လို့ CDM လုပ်တာ။”
မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေကို အကောင်းဆုံးဘဝမှာ ထားချင်ကြပါတယ်။ အခု သူမဟာ မွေးပြီးတဲ့ သူမရဲ့ သမီးလေးနဲ့ သုံးနှစ်ကျော် သားလေးအတွက် အနာဂတ်ကိုလည်း သူမ တွေးမကြောက်သလို သူမဟာ သူ့ဆုံးဖြတ်ချက်အပေါ် ရဲဝံ့စွာ ဆက်လျှောက်နေသူဖြစ်ပါတယ်။
“ကျမကလေးတွေက ငယ်သေးတယ်ဆိုတော့ အများကြီးလည်းလုပ်ပေးလို့မရသေးဘူး။ ကျမတို့တစ်နိုင်ငံလုံးရဲ့ ကလေးတွေရဲ့အနာဂတ်က ကျမတစ်ယောက်တည်းအတွက် တစ်ကိုယ်ကောင်းဆန်ပြီး ကျမအများကြီးလည်း မစဉ်းစာချင်ဘူး။ တစ်နိုင်ငံလုံး အကုန်လုံး အနာဂတ်ပျောက်နေတဲ့အချိန်မှာ ကျမကလေးတွေရဲ့ အနာဂတ်အတွက် ကျမ ဘာမှတွေးမကြောက်နေပါဘူး။”
မြန်မာနိုင်ငံတဝန်းလုံးမှာ CDM ပြုလုပ်နေတဲ့ အမျိုးသား၊ အမျိုးသမီးများစွာရှိပါတယ်။ ဖယ်ဒရယ်ဂျာနယ်မှာ စစ်တမ်းကောက်ယူပြီး စာရင်းပြုစုထားချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံး ပြည်နယ်ဟာ ချင်းပြည်နယ်ဖြစ်ပြီးတော့ အစိုးရဝန်ထမ်းပေါင်း ၂၀,၀၀၀ ကျော်ရှိတဲ့အထဲမှာ ဝန်ထမ်းပေါင်း ၁၄,၀၀၀ ကျော်ဟာ CDM ဝင်ထားတာဖြစ်တာကြောင့် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော် ပါဝင်တယ်လို့ဆိုရမှာပါ။ အဲ့အထဲမှာ အမျိုးသမီးပါဝင်နှုန်း ၃၀ ရာခိုင်နှုန်းဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်းလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံးပြည်နယ်ဟာ ချင်းပြည်နယ်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ်လို့ သတ်မှတ်ခံထားရပေမယ့် အာဏာရှင်ကို ခုခံတော်လှန်ရာမှာတော့ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။
ဒီအထဲကမှ စစ်အာဏာရှင်ရဲ့ ဌာနဆိုင်ရာယန္တယားကို ကျည်ဆံတစ်ထောင့်၊ အပ်တစ်ချောင်းမှမသုံးဘဲ အရှိုက်ထိ အလဲထိုးနိုင်ခဲ့တဲ့သူတွေကတော့ ဆရာမထရေစီတို့လို CDM ဝန်ထမ်းတွေဖြစ်ခဲ့ကြပါတယ်။ သူတို့ဟာ ချင်းတောင်တန်းပေါ်မှာ နီနီရဲရဲ ပွင့်နေကြတဲ့ တောင်ဇလပ်ပန်းတွေကို သက်သေထူနေကြသလိုပါပဲ။
ဆရာမ ဒေါ်နွယ်အေးက “ကိုယ့်ရဲ့ရွေးချယ်မှုကို ဘယ်တော့မှနောင်တမရဘူး၊ ဒီမိုကရေစီကိုလိုလားတယ်။ ကိုယ်ချစ်တဲ့ ပြည်သူခေါင်းဆောင်ပြန်တက်ရင် ကျမသိပ်ချစ်တဲ့ စာသင်တဲ့အလုပ်ကိုပြန်လုပ်သွားမှာပါ။ အခုတော့ အချိန်ကို မျှော်လင့်နေရင်း တစ်ထောင့်တစ်နေရာကနေ အာဏာရှင်ကို တွန်းလှန်နေတဲ့သဘောပါပဲ။ နောင်တရတာမျိုးတော့မရှိပါဘူး။”