(06SV)
စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသော ချင်းပြည်နယ်တွင် တော်လှန်ရေးကာလ ၂ နှစ်ခွဲကျော်လာချိန်မှာ ငှက်ဖျားရော ဂါဖြစ်ပွားမှု ယမန်နှစ်ထက် အခုနှစ်မှာနှစ်ဆနီးပါး မြင့်တက်လာနေပြီ Malaria Outbreak နီးပါးအထိ ဖြစ်လာ နေသည်ဟု ကျန်းမာ ရေးဆောင်ရွက်နေသူများက ပြောသည်။
အဓိက မြို့နယ် ၆ ခုတွင် ငှက်ဖျားရောဂါများ အများ ဆုံးဖြစ်ပွားနေပြီး ယမန်နှစ်က ငှက်ဖျားမရှိသော ဖလမ်းမြို့နယ်တွင် ငှက်ဖျားဖြစ်ပွားလာကာ တီးတိန်နှင့် တွန်းဇံ မြို့နယ်တို့မှာ လည်း ငှက်ဖျား ပိုးလူနာတွေ ခပ်စိတ်စိတ် တွေ့လာနေရသည်ဟုဆိုသည်။
ချင်းပြည်နယ်က ငှက်ဖျားရောဂါဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ ချင်းပြည်နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အဖွဲ့အစည်းကြီးတစ်ခုမှ အတွင်းရေးမှူးနှင့် အင်တာဗျူးထားမှုကို ဖော်ပြလိုက်ပါသည်။
(မှတ်ချက်။ ။ လုံခြုံရေးအခြေအနေကြောင့် ဖြေကြားသူနာမည်နှင့် အဖွဲ့အစည်းကိုနာမည် ဖော်ပြနိုင်ခြင်းမရှိပေ။)
မေး – ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါတွေ အဖြစ်များနေတယ်လို့ သိရပါတယ်။ ငှက်ဖျား ဖြစ်ပွားမှုက ဘယ်လို အခြေအနေ ရှိနေပါသလဲ။
ဖြေ – ချင်းပြည်နယ်မှာငှက်ဖျားက တော်တော်လေးကို စိုးရိမ်ရတဲ့အဆင့်အထိကို မြင့်တက်လာနေတယ်။ ဒီတစ်နှစ်၊ ၂ နှစ် အတွင်း မှာလေ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အစကတော့ ပလက်ဝတို့၊ ကန်ပက်လက်တို့၊ မင်းတပ်တို့၊ ထန်တလန်တို့ ဒီနေရာတွေ ကနေ ငှက်ဖျားရောဂါဖြစ်တဲ့ အစီရင်ခံစာတွေ ခပ်စိတ်စိတ်ရတယ်။ အဲဒါရပြီးတော့ ဒီနှစ်ထဲမှာဆိုရင် မနှစ်ကထက်ကို နှစ်ဆ လော က် ပိုများလာတယ်။ အခုချိန်ထိဆိုရင် မနှစ်ကနေ ဒီနှစ်ဧပြီလအထိ တစ်နှစ်ဆိုရင်တော့ ငှက်ဖျားလူနာပေါင်း ၄၅၀ ရှိနေပြီ။ ငှက်ဖျား ကြောင့်ဆုံးပါးသွားတဲ့ လူတွေလည်း ရှိတယ်။ ငှက်ဖျားကြောင့် ဦးနှောက်ကို ငှက်ဖျားပိုးရောက်ပြီးတော့ ဆေးရုံတင်ရတဲ့ သူတွေ ထဲမှာ အသက် ၃ နှစ်အရွယ် ကလေးတွေပါ ပါလာတယ်။ ကိုယ်ဝန်ဆောင်တွေပါ ပါလာတယ်။
မေး – ချင်းပြည်နယ်မှာ ဘယ်လိုအခြေအနေတွေကြောင့် ငှက်ဖျားဖြစ်ပွားမှုနှုန်းတွေ မြင့်တက်လာနေတာလဲခင်ဗျာ။
ဖြေ – ဘာဖြစ်လို့ ဒီလိုငှက်ဖျားဖြစ်ပွားမှု နှုန်းတွေ များလာတာလည်းဆိုတော့ အဓိကက ပြည်သူလူထုက စစ်ဘေးရှောင်ရ တော့ လေ၊ စစ်ကြောင်ထိုးတဲ့အခါမှာ သူတို့က တောထဲ တောင်ထဲတွေမှာ ၂ ည၊ ၃ ည အဲဒီလို အိပ်ရတာတွေ ရှိတယ်။ Population Movement (လူဦးရေ ရွေ့ပြောင်းနေရမှု)က အဲဒါတွေက အရမ်းများနေတယ်။ ဥပမာ- ပလက်ဝက အရင်ကတည်းက ငှက်ဖျား တောက်လျှောက်ဖြစ်ခဲ့တဲ့ မြို့နယ်ပေါ့နော်။ ပလက်ဝက ပြည်သူတွေဆိုရင်လည်း စစ်ဘေးရှောင်ရင်းနဲ့ တခြားမြို့နယ်တွေကို ရောက်သွားတယ်။ အလားတူပဲ ထန်တလန်က ငှက်ဖျားအဖြစ်များတဲ့ ဒေသက လူတွေက ထန်တလန်ရဲ့ တခြားရွာကို ရောက် သွားတယ်။ ဆိုလိုတာက စစ်ဘေးရှောင်တွေက စစ်ဘေးရှောင်ရင်းကနေ တောထဲ၊ တောင်ထဲကို ရောက်တဲ့အခါမှာ ငှက်ဖျားရောဂါ တွေ ကူးစက်ခံရတယ်။ အဲဒါအပြင်ကို သူတို့ဆီကနေ တခြားနေရာကို ရောက်သွားတဲ့အချိန်မှာ ငှက်ဖျားရောဂါ မရှိခဲ့ဖူးတဲ့ ဒေသ တွေမှာလည်း ငှက်ဖျားရောဂါတွေ တွေ့ရှိလာရတယ်။ ဒီလို ကူးစက်မှု မြင့်မားနေတဲ့အချိန်မှာ ငှက်ဖျားကာကွယ်ရေး လုပ်ငန်းတွေ ဖြစ်တဲ့ ဆေးစိမ်ခြင်ထောင် ဖြန့်ဝေတာမျိုးတွေကို လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီကလည်း မလုပ်နိုင်တဲ့အပြင် ဒီကာကွယ် ရေး ပစ္စည်းတွေကို တားဆီးပိတ်ပင်တာတွေ၊ အရည်အသွေး ပြည့်မီတဲ့ ငှက်ဖျားဆေးတွေကို ပြည်သူလူထုဆီ မရောက်နိုင်အောင် နည်းမျိုးစုံနဲ့ တားဆီးကန့်သတ်နေတာတွေကြောင့် ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ဖို့လဲ အချိန်နှောင့်နှေးသွားပြီး ကူးစက်မှု နှုန်း ပိုမြင့်လာရခြင်း ဖြစ်တယ်။
မေး – ချင်းပြည်နယ်ရဲ့ ဘယ်ဒေသတွေမှာ အဖြစ်များနေတာလဲခင်ဗျာ။
ဖြေ – ချင်းပြည်နယ်ရဲ့ ဘယ်မြို့နယ်တွေမှာ အဖြစ်များနေသလဲဆိုတော့ မြောက်ပိုင်းမှာဆိုရင် ထန်တလန်၊ ဟားခါးပေါ့နော်။ မနှစ်ကတော့ ဖလမ်းမှာ မရှိသလောက်ဖြစ်ခဲ့ပေမယ့် ဒီနှစ်က စပြီးတော့ ဖလမ်းမြို့နယ်ထဲမှာလည်း ငှက်ဖျား Cases တွေ စတွေ့လာရယ်၊ ဥပမာ ငါးယောက်ဖျားတာ ငှက်ဖျားစစ်တော့ ငါးယောက်စလုံး Positive ပေါ့နော်။ အဲလိုမျိုးတွေ ရှိနေပြီ။ ပြီးတော့ တီးတိန်နဲ့ တွန်းဇံမှာလည်း ဒီနယ်စပ်ဒေသတွေ သွားလာများတဲ့ သူတွေ၊ ခရီးထွက်များတဲ့သူတွေဆိုရင်လည်း ငှက်ဖျားပိုးတွေ့နေ ရတယ်။ တောင်ပိုင်းမှာတော့ မြို့နယ်တိုင်းလိုလိုမှာ ငှက်ဖျား ဖြစ်ပွားမှု မြင့်တက်နေတယ်။ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်တွေမှာ မိုးရာသီကနေ နိုဝင်ဘာလအတွင်းဆိုရင် ငှက်ဖျားစစ်ဆေးတာမှာ တွေ့ရှိသူ အများကြီးပဲ။ ဒီထဲမှာ အဓိက အများဆုံးကတော့ ပလက်ဝ၊ ထန်တလန်၊ ဟားခါ၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ် မြို့နယ်တွေ ဖြစ်ပါတယ်။
မေး – ပြည်သူတွေကရော ဆေးရုံး၊ ဆေးခန်း၊ ဆေးဝါးတွေ နဲ့ လက်လှမ်းမီပါသလားခင်ဗျာ။
ဖြေ – ပြည်သူလူထုအနေနဲ့ဆိုရင်တော့ ချင်းပြည်နယ်ရဲ့ မြို့နယ်အတော်များများမှာတော့ လောလောဆယ်၊ ကိုယ့်မြို့နယ်အတွင်း မှာရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာပဲ မှီခိုအားထားနေရတယ်။ အများစုကတော့ ဒီကျေးရွာတွေမှာ နေတဲ့ သူတွေဆိုရင် ပြည်မကနေ CDM လုပ်ပြီးတော့ ဒီချင်းပြည်နယ်ကို လာရောက်ကူညီပေးတဲ့ ပြည်မဆရာဝန်တွေ၊ ဆရာမတွေ ရှိတယ်။ တချို့ မြို့နယ်မှာဆိုရင် ချင်းဆရာဝန်၊ ဆရာမတွေ အများကြီးလည်းရှိသလို။ အရင်ကရှိခဲ့တဲ့ NGO တွေ၊ အရင်အစိုးရက Training (သင်တန်း) ပေးထားတဲ့ Volunteer (စေတနာဝန်ထမ်း)တွေကနေ တစ်ဆင့်လည်း ပြည်သူလူထုက ကျန်းမာရေးစောင့်ရှော က်မှုတော့ ရနေတယ်။ ကျန်းမာရေးဝန်ထမ်းတွေတော့ တချို့မြို့နယ်တွေမှာဆိုရင် အတန်အသင့် ရှိနေကြပေမယ့် ဆေးဝါး ရရှိမှုပိုင်းမှာ လိုအပ်ချက်ကို ပြည့်မီအောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးပါဘူး။ အဓိကကတော့ အရင်က ရှိခဲ့တဲ့ မြို့နယ်ဆေး ရုံတွေ ဆက်မလည်ပတ် နိုင်တော့တာရယ် ပြည်တွင်း ပြည်ပ အလှူငွေတွေနဲ့ ဖွင့်ထားတဲ့ community-led clinics/ hospitals တွေကို ပစ်မှတ်ထားပြီး စကစက လေကြောင်းကနေရော လက်နက်ကြီးတွေနဲ့ရော တိုက်ခိုက်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
မေး – ဘယ်အသက်အရွယ်တွေမှာ အများဆုံးအဖြစ်များနေပါသလဲခင်ဗျာ။
ဖြေ – ဘယ်အသက်အရွယ်တွေမှာ အဖြစ်များလည်းဆိုရင်တော့ ၁၅ နှစ်အထက် အသက်အပိုင်းအခြားတွင် အဖြစ်အများ ဆုံးပေါ့လေ။ Plasmodium falciparum – PF ဆိုရင် ၁၅ နှစ်အထက်မှာဆိုရင် ၃၆ ရာခိုင်နှုန်းလောက် တွေ့ရတယ်။ Plasmodium Vivax ငှက်ဖျား ဆိုရင် ၄၀ ရာခိုင်နှုန်း တွေ့ရတယ်။ ပြီးတော့ ကျမတို့ ချင်းပြည်နယ်မှာ Mix Infection (ငှက်ဖျားနှစ်မျိုး တွေ့ရှိမှု)လို့ ခေါ်တာပေါ့နော်။ PV ရော၊ PF ရော တွဲနေတဲ့ဟာ ဆိုရင် ၂၄ ရာခိုင်နှုန်းလောက် တွေ့ရတယ်။ ကလေးတွေမှာတောင် ငှက်ဖျား ဖြစ်ပွားမှုက မြင့်တက်လာနေပါတယ်။ ဥပမာအားဖြင့် ၁၀ နှစ်အောက် ကလေးမှာဆိုရင် ဖြစ်ပွားမှု နှုန်းက ၁၈ ရာခိုင်နှုန်းလောက် ရှိနေတာပေါ့နော်။ ဒါက တော်တော်လေးကို စိုးရိမ်းစရာကောင်းတယ်။ ချင်းပြည်နယ်မှာက ကလေးတွေမှာတင်မကဘဲ လူကြီးတွေ မှာတောင် ငှက်ဖျားရောဂါမတွေ့ခဲ့တာ ၃ နှစ်ကျော်ခဲ့ပါပြီ။ အာဏာသိမ်းဖို့ ကြိုးစားမှု (Attempted Coup) မတိုင်ခင်က ထန်တလန်၊ ဟားခါး ဖလမ်း တွန်းဇန်၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် မြို့နယ်တွေဆိုရင် Malaria Elimination Strategy – ငှက်ဖျား အမြစ်ဖြတ် စီမံချက် လုပ်ဆောင်ခဲ့တဲ့ မြို့နယ်တွေ ဖြစ်နေပါပြီ။ အခုတော့ ဒီမြို့နယ်တွေမှာ ငှက်ဖျား ဖြစ်ပွားမှုနှုန်း စိုးရိမ်စရာကောင်းလောက်အောင် အဆမတန် မြင့်တက်လာနေတဲ့အပြင် Malaria Outbreak ဖြစ်နေတယ်လို့ကို ကျမတို့ ပြောလို့ ရနေတယ်။
ဒါနဲ့အတူ ထပ်ပြီးတော့ စိုးရိမ်းစရာ ရှိလာတာကတော့ ငှက်ဖျားဆေးတွေကို လုံလုံလောက်လောက် မရတဲ့အတွက် သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း မသောက်ပဲနဲ့ ချွေတာပြီး မျှသုံးကြတာမျိုးပေါ့နော်။ အဲလိုမျိုးတွေ ရှိနိုင်တယ်။ ပြီးတော့ သက်တမ်း ကုန်နေတဲ့ ဆေးတွေကိုလည်း ဆေးမရှိတဲ့အတွက် သက်တမ်းကုန်နေတဲ့ ဆေးတွေ၊ Quality (အရည်အသွေး) မမှီတဲ့ ဆေးတွေကို သောက်ပြီးတော့ ဆေးယဉ်ပါးတဲ့ ငှက်ဖျားရောဂါတွေ ဖြစ်လာမှာလည်း တော်တော်လေးစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။
မေး – ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါကို တိုက်ဖျက်ရာမှာ ဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲ။
ဖြေ – Malaria (ငှက်ဖျားရောဂါ) ကာကွယ် ကုသရေးနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ စကစဟာ Check Point (စစ်ဆေး ရေးဂိတ်) တွေမှာဆိုရင် ဒီငှက်ဖျားနဲ့ ပတ်သက်ပြီးတော့ ခြင်ထောင်တောင်မှ ပေးမသယ်ဘူး။ ဆေးဝါးဆိုရင်တော့ ဝေလာဝေး ပေါ့လေ။ ငှက်ဖျားနဲ့ ပတ်သက်တဲ့ ပစ္စည်းမှန်သမျှကို သူတို့ တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးတော့ တားဆီးနေတာတွေ ရှိတယ်။ ပြီးတော့ NGO တွေဆိုရင်လည်း ငှက်ဖျားဆေးတွေ မပေးနိုင်အောင် ကန့်သတ်တာတွေ လုပ်နေတယ်။ ငှက်ဖျားဆေးကို စကစက လက်နက်လို အသုံးချနေတဲ့အတွက် ပြည်တွင်းမှာ ငှက်ဖျားဆေး ရရှိမှုကတော့ တော်တော်လေးကို ခက်နေတယ်။ နောက်တစ်ခုက တချို့ ပြည်နယ်တွေမှာဆိုရင် ငှက်ဖျားနဲ့ ပတ်သက်တဲ့ လုပ်ငန်း လုပ်နေတဲ့ NGO ဝန်ထမ်းတွေကိုတောင် ဖမ်းသွားတဲ့ ဖြစ်စဉ်တွေ အထိ ရှိနေပါတယ်။
မေး – ချင်းပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငှက်ဖျားရောဂါကို တိုက်ဖျက်နိုင်ဖို့၊ ပြည်သူတွေကို ကုသပေးနိုင်ဖို့ ဘယ်လိုအကူအညီတွေ လိုအပ်နေပါသလဲ။
ဖြေ – ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေတဲ့အကြောင်းကို ပြည်သူလူထုကို အသိပညာပေးဖို့ လိုပါတယ်။ ငှက်ဖျား ဖြစ်ပွားမှု အတော်လျော့သွားခဲ့တာ အချိန်ကာလတခု ကြာသွားပြီဆိုတော့ ဖျားရင် ငှက်ဖျား ဟုတ်၊ မဟုတ် စစ်ဆေးရမယ် ဆိုတာကို ပြည်သူလူထုကို များများ ပြောပြပေးဖို့ လိုပါတယ်။ ငှက်ဖျားရောဂါ ဒီထက်ပိုမဆိုးလာဖို့အတွက် ကာကွယ်ရေး လုပ်ငန်းတွေကိုလည်း ပိုလုပ်ဖို့ လိုပါတယ်။ စစ်ဘေးဒဏ်ကလဲ တဖက်ဆိုတော့ တောထဲတောင်ထဲ စစ်ရှောင်ရတဲ့အခါ၊ တောင်ယာသွားတဲ့အခါမှာလဲ ခြင်ထောင် ထောင်ပြီး အိပ်ဖို့၊ မထောင်နိုင်ရင် ခြင်မကိုက်အောင် လိမ်းလို့ရတဲ့ Mosquito repellent တွေ သုံးဖို့ကို လူထုကို အမြဲပြောပေးဖို့ လိုပါတယ်။ ဘယ်နေရာမှာပဲ အိပ်အိပ်၊ ဘယ်အချိန်မှာပဲ အိပ်အိပ် ခြင်ထောင်နဲ့ အိပ်ဖို့ပေါ့နော်။ ကျန်းမာရေးအဖွဲ့အစည်းတွေ အနေနဲ့ ငှက်ဖျားဆေးဝါးတွေ ဝယ်ယူတဲ့အခါမှာ အရည်အသွေး ပြည့်မှီတဲ့ ဆေးဝါးတွေ ကိုပဲ ဝယ်ယူဖြန့်ဖြူးဖို့လဲ အရေးကြီးပါတယ်။ ငှက်ဖျားအဖြစ်များတဲ့ ဒေသတွေမှာဆိုရင် အဖြစ်များတဲ့ ကာလ မတိုင်ခင် ကတည်းက လိုအပ်တဲ့ ဆေးဝါးတွေ ဖြန့်ဖြူးထားဖို့ လိုပါတယ်။
မေး – ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှု ဒီလိုအခြေအနေဆိုးဝါးနေမှုအပေါ် ပြည်တွင်း/ပက ချင်းတွေအပါအဝင် ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါသလဲ။
ဖြေ – ကျမတို့ ချင်းပြည်နယ်က ခေတ်အဆက်ဆက်မှာ ကျေးရွာတွေ မပြောနဲ့၊ မြို့ပေါ်မှာတောင် ဆရာဝန်နဲ့ ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်း အလွန်နည်းပါးတဲ့အတွက် နီးစပ်ရာ ရမ်းကုတွေနဲ့ အလွယ်ကုကြတဲ့ အလေ့အကျင့်က ခုထိ တွေ့နေရပါတယ်။ ထန်တလန်ဘက်က ကျေးရွာတချို့မှာဆိုရင် ရမ်းကုက စတီးရွိက် (အရောင်အရမ်းကျဆေး) တွေ အလွန်အကျွံပေးတာ အကိုက်အခဲပျောက်ဆေးကို ကြိုက်သလို သောက်/ထိုးကြတာတွေကြောင့် ကျောက်ကပ် ပျက်စီး တာတွေကို လူငယ်တွေမှာပါ တွေ့နေရပါတယ်။ ငှက်ဖျားရောဂါဆိုရင်လည်း ဒီလို အရည်အချင်း မပြည့်မှီတဲ့ ကုသသူတွေကြောင့် ရောဂါသိဖို့ နှောင့်နှေးကြန့်ကြာ တတ်တဲ့အပြင် အရည်အသွေးမပြည့်မှီတဲ့ ဆေးဝါးတွေ အသုံးပြုမှုတွေကြောင့် ရောဂါအမြစ် မပျောက်ဘဲ နောက်ဆက်တွဲဆိုးကျိူးတွေနဲ့ အသက် သေဆုံးရတာမျိုး မဖြစ်ဖို့အတွက် ကိုယ့်ဒေသထဲက သေချာ လေ့ကျင့် သင်ကြားထားတဲ့ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ ကုသမှု ခံယူတဲ့ အလေ့အကျင့် လုပ်ဖို့ လိုပါတယ်။
ငှက်ဖျားရောဂါက ဆေးဝါးပစ္စည်းတွေသာ ရှိရင် ကာကွယ်ကုသဖို့ အရမ်းကို လွယ်ကူပါတယ်။ ကိုဗစ်-၁၉ လိုမျိုး အသက်ရှုလမ်း ကြောင်းကနေ အလွယ်တကူ ကူးစက်တာမဟုတ်ဘဲ ခြင်ကနေ တဆင့် ကူးတဲ့ ရောဂါ ဖြစ်တဲ့ အတွက် ခြင်ကိုက် မခံရအောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရင် ရောဂါကို ကာကွယ်ပြီးသား ဖြစ်ပါပြီ။ တစ်ဦးချင်းက ဒီလို ဂရုတစိုက် ကာကွယ်ကြမယ် ဆိုရင်တော့ ငှက်ဖျားရောဂါကို အမြန်ဆုံး ပြန်လည်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ဆေးစိမ်ခြင်ထောင်နဲ့ ဆေးဝါးတွေ ရရှိဖို့လဲ စကစက တင်းကြပ်စွာ ကန့်သတ်ထားတဲ့အတွက် အခုလို တစ်ဦးချင်း တာဝန်သိသိနဲ့ ကာကွယ်ခြင်းကပဲ ရောဂါဖြစ်ပွားမှုလျှော့ချနိုင်ဖို့ အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။
ကျမတို့ ပြည်နယ်က ဆင်းရဲပေမယ့် ပြည်တွင်းနဲ့ ပြည်ပရောက် ပြည်သူတွေရဲ့ ဖေးမ ကူညီမှုနဲ့ အခုထိ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အတန်အသင့် ပေးနိုင်နေပါတယ်။ ကူညီပေးနေသူ အားလုံးကို ကျေးဇူးတင်ကြောင်း ဒီကနေ ပြောချင်ပါတယ်။ လိုအပ်နေသူတွေဆီကို ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေ တဆင့် ဆက်လက်ကူညီပေးကြဖို့ကိုလဲ မေတ္တာရပ်ခံချင်ပါတယ်။