မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုများ ကြားဝင်ဖြေရှင်းဆောင်ရွက်ရန် မီဇိုရမ်သည် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင်သည်ဟု ဝန်ကြီးချုပ်ပူးဇိုးရမ်းထန်းငါက ပြောဆိုသည်။
မီဇိုရမ်ပြည်နယ်အရှေ့ဘက်တကျောကို ခရီးနှင်နေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါသည် အောက်တိုဘာလ ၂၆ ရက်နေ့က Khawzawl ခရိုင်ရုံးတည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးရာတွင် မြန်မာ့နိုင်ငံရေးအခြေ အနေနှင့်ပတ်သက်၍ ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည် မီဇိုရမ်အစိုးရပြန်ကြားရေးဌာနကထုတ်ပြန်ထားသည်။
“မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့်ဒေသဖြစ်သောကြောင့် အိမ်နီးချင်းနိုင်ငံများအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန်အရေးကြီးကြောင်း မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍လည်း အိန္ဒိယဗဟိုအစိုးရထံ ကြားဝင်ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခဲ့ပြီး မီဇိုရမ်သည် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင်သည်” ဟု ပူးဇိုးရမ်းထန်းငါက ပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မီဇိုရမ်သည် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင်သည်ဆိုခြင်းမှာ “ပူးဇိုးရမ်းထန်းငါအနေဖြင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ပေးနိုင်ကြောင်း ပြောဆိုခြင်းလော၊ သို့မဟုတ် အိန္ဒိယက မြန်မာ့အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် သူ့ကို တာဝန်ပေးအပ်မည့်အတွက် မီဇိုရမ်သည် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင်ဟု ပြောဆိုခြင်းလော” ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမသိရပေ။
ပူးဇိုးရမ်းထန်းငါသည် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီကို စက်တင်ဘာလ ၁၄ ရက်နေ့က နယူးဒေလီမြို့တွင် သွားရောက်တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး ကြားဝင်ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်ကလည်း ငြိမ်းချမ်းရေးသည် လူသားများလုပ်ဆောင်ရမည့်အရာဖြစ်သောကြောင့် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်ထားပြီး စစ်ကောင်စီနှင့်လည်း ဆက်ဆံမှုရှိနေ သည့်နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့စ စ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းကျော် မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံနေကြရပြီး ဘာသာရေး၊ အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က ကူညီထောက်ပံ့ပေးလျှက်ရှိကြသည်။