(004SS)
ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ နယူးဒေလီမြို့က ချင်းဒုက္ခသည်ကော်မတီ (CRC) ရဲ့ ဦးဆောင်မှုဖြင့် ဒုက္ခသည်အခွင့်အရေးရရှိရေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီဆန္ဒဖော်ထုတ်မှုမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံကို ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ထံ အဓိက တောင်းဆိုခဲ့ကြပါတယ်။
နယူးဒေလီမြို့မှာ ခိုလုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်အများစုကို UNHCR ကဒုက္ခသည်အဖြစ် အသိအမှတ်မပြုတာကြောင့် ဒုက္ခသည်အခွင့်အရေးများ ဆုံးရှုံးနေကြရတယ်လို့ သိရပါတယ်။
နယူးဒေလီမြို့က မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ချင်းဒုက္ခ သည်ကော်မတီ၊ နယူးဒေလီ (CRC) ဥက္ကဋ္ဌ Ma Su Htwe Awng ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ဇွန်လ ၂၀ ရက်နေ့ကကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ချင်းဒုက္ခသည်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ နယူးဒေလီမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာတွေ့ရပါတယ်။ ဘယ်လိုကြောင့် ခုလိုဆန္ဒဖော်ထုတ်ရတာပါလဲ?
ဖြေ။ ဟုတ်ကဲ့၊ ကျွန်မတို့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်လိုက်တာပေါ့နော်၊ ဒုက္ခသည်တွေအားလုံးရဲ့ စိတ်ထဲမှာ ဒီနေ့ဟာ ကိုယ့်နေ့ ဆိုတဲ့ဟာကို ကောင်းကောင်းသိစေချင်တယ်။ နောက်တစ်ခု အရေးကြီးဆုံးအချက်က ပုံမှန် လုပ်တာကတော့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဒီလိုပဲ ပျော်ပွဲရွှင်ပွဲလုပ်ပြီးတော့ ပြီးသွားလေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်တော့ ကမ္ဘာ့ဒုက္ခသည်များနေ့ရဲ့ အနှစ်သာရလဲရှိစေချင်တယ်။ ပြီးတော့ ကျွန်မတို့ မြန်မာနိုင်ငံက ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပြည်သူတွေက ကိုယ့်ရဲ့အသက်ဘေးကနေလွတ်ဖို့ ကိုယ်နဲ့ အနီးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ လာရောက် ခိုလုံကြတယ်။ လာခိုလုံတယ်လို့ ပြောတဲ့နေရာမှာ UNHCR ဒီအန္ဒိယနိုင်ငံမှာရှိတယ် ဆိုတဲ့အချက်ကိုလဲ ထည့်သွင်း စဉ်းစားရမှာပေါ့နော်။ ဆိုတော့ UNHCR က ကျွန်မတို့ကို Protection ပေးမယ်ဆိုရင်တော့ ကျွန်မတို့ လုံခြုံမှုရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်လဲရှိတယ်။ UNHCR ကလဲ ကျွန်မတို့ဘက်မှာ ရှိမယ်ဆိုတဲ့ ယုံကြည်ချက်လဲ အပြည့်အဝရှိလို့ လာခို လုံကြ တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာအချက်က ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်းလို့ရောက်လာသူအားလုံး၊ မြန်မာပြည်က ဒီလောက်ထိ ဗုံးတွေကြဲတယ်၊ ရွာလုံးကျွတ် မီးရှို့ခံရတယ်၊ လူတွေရဲ့အသက်တွေပေးဆပ်ရတယ်၊ အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးရတယ်၊ နေလို့မရဘူးဆိုတဲ့အခြေအနေမှာတောင်မှ UNHCR က ဒုက္ခသည်အဆင့်အတန်းသတ်မှတ်မှု မရှိဘူး၊ Asylum seekers(ခိုလုံခွင့်တောင်းသူ) လို့ပဲသတ်မှတ်တယ်။
တကယ်တော့ ပေါ်လစီအရဆိုရင် Asylum seekers လို့သတ်မှတ်ပြီးသွားလို့ရှိရင် လူတိုင်းကို ၆ လ အတွင်းမှာ Refugees Status Determination ဆိုတဲ့ RSD Interview ကို ခေါ်ရမှာပေါ့နော်။ အဲမှာ He or She ပေါ့ ဒီလူက Reject လား၊ Refugee Status လားဆိုတာ သတ်မှတ်ရမဲ့ဟာကို သူတို့က Asylum seekers အနေနဲ့ပဲ မျောထားတဲ့အတွက်ကြောင့် ကျွန်မတို့ Refugee ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးက မရတော့ဘူး။ ရသင့်ရထိုက်တဲ့အခွင့်အရေးလို့ပြောမယ်ဆိုရင် လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးက အဓိကပဲပေါ့နော်။ နောက် ကျန်းမာရေး၊ ပညာရေးပါမယ် ပေါ့နော်။ ဆိုတော့ ဒီနယ်ပယ် ကဏ္ဍအသီးသီးမှာ ဆုံးရှုံးမှုဖြစ်နေတယ်။ နောက် အိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်းပဲ လူဦးရေ အရမ်းများနေတယ် ဆိုတော့ Local Integration ဆိုတာဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်။ နောက် အိန္ဒိယမှာ အလုပ်အကိုင်အခွင့်အလမ်းကလဲ အရမ်းရှားပါးတယ်။ ဆိုတော့ ဒုက္ခသည်တွေက လူတစ်ယောက်ရဲ့ ရရှိပိုင်ဆိုင်ခွင့်တွေ အကုန်ဆုံးရှုံးခံပြီးမှ အသက်လေးရှင်ရင်ပြီးရောဆိုပြီး ဒီမှာလာခိုလုံကြတာ။ ဒါကို UNHCR က ignore လုပ်ထားတယ် ပေါ့နော်။ ဆိုတော့ ကျွန်မ UNHCR ကို message ပေးချင်တယ်၊ ကျွန်မတို့က နိုင်ငံပျက်လို့ ဒီမှာ လာရောက်ခိုလုံတဲ့သူတွေ ဖြစ်တယ်။ အဲတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်း UNHCR India မှာ လာပြီးတော့မှ Register လာလုပ်တဲ့သူတွေအားလုံးကို ခေါ်ပြီး RSD Interview မေးမြန်းပြီးတော့ Refugees status သတ်မှတ်ပေးပါ ဆိုပြီး တောင်းဆိုချင်တဲ့အတွက် ကျွန်မတို့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဂျန်တာမန်တာမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
မေး။ UNHCR အနေနဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ အဓိကတောင်းဆိုခဲ့ကြတာဆိုတော့။ ဘာကြောင့် UNHCR က မြန်မာစစ်ဘေးရှောင်တွေကို ဒုက္ခသည်တွေအဖြစ် အသိအမှတ်မပြုနိုင်သေး တာလဲ? ဘယ်လိုအခက်အခဲအဟန့်အတားတွေရှိနေလို့လဲ?
ဖြေ။ ဒါကတော့ ပြောရခက်တယ်။ ပြောရခက်တယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပဲ Refugees Convention မှာ India က Signatory မဟုတ်ဘူး။ ပြီးတော့ UNHCR ဆိုတာကလဲ အိန္ဒိယအစိုးရကို မကျော်နိုင်ဘူး။ နောက်ပြီး သူတို့နဲ့ အိန္ဒိယအစိုးရ နဲ့က ဘယ်လိုအသွားအလာ ၊ အပေးအယူရှိလဲဆိုတာ ကျွန်မတို့လဲ မသိိနုင်ဘူး။ နောက် ဘာကြောင့် ဒုက္ခသည်အဖြစ် မသတ်မှတ်လဲ ဆိုတာကတော့ သူတို့အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့က တကယ့်တကယ် ဒုက္ခသည်တွေဖြစ် တယ်။ နိုင်ငံပျက်လို့ အသက်အန္ဒရယ်စိုးရိမ်ရလို့ Life to Liberty ဆိုပြီး ဒီမှာ လာခိုလုံတာဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့က ဒုက္ခသည်အစစ်အမှန်တွေဖြစ်တယ်။ အဲ့တွက်ကြောင့် ကျွန်မတို့ ဒုက္ခသည်တွေ ရသင့်ရထိုက်တာ တောင်းတယ်။ သူတို့ဘက်က ဘာကြောင့်မပေးလဲဆိုတော့ ပြောရခက်တယ်။ မပေးဘူးဆိုတဲ့နေရာမှာ Factors တွေ အများကြီးရှိ မှာပေါ့နော်။
မေး။ လက်ရှိ နယူးဒေလီမှာ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ဘယ်လောက်ရှိလဲ? အဲဒီထဲမှာ UN က အသိမှတ်ပြုပြီးသူ တွေဘယ်လောက်ရှိလဲ?
ဖြေ။ ဒါကတော့ ကျွန်မတို့ ခန့်မှန်းခြေအနေနဲ့ပဲ ပြောလို့ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချို့က community မှာ စာရင်းမပေးထားတဲ့သူရှိသလို တစ်ချို့ကလဲ Low Profile နဲ့ နေတဲ့သူတွေရှိတဲ့အတွက်ပေါ့နော်။ ဆိုတော့ နယူးဒေလီမှာ မြန်မာနိုင်ငံကနေ လာရောက်ခိုလှုံသူက ၁၂,၀၀၀ ဝန်းကျင်ရှိမယ်။ နောက် အဲထဲက ရာခိုင်နှုန်းနဲ့ပြောရမယ်ဆိုရင် ၅%-၁၀% အကြားကလူတွေလောက်ကသာ ဒုက္ခသည်တွေဖြစ်ပြီးတော့ ကျန် ၉၅% လောက်ကတော့ Asylum seekers တွေပဲ ပေါ့နော်။
မေး။ ဒီလို UN ကလည်း ဒုက္ခသည်အဖြစ် အသိအမှတ်မပြုတာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ရှိမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်နေကြရလဲ?
ဖြေ။ ကျွန်မတို့အဓိက Protection အတွက် ဒီကိုလာတယ်။ Protection ရဖို့ Refugees ဆိုတဲ့ status ဖြစ်ဖို့လိုတယ်။ Refugees status ဖြစ်မှပဲ ပေးသင့်ပေးထိုက်တဲ့ Protection ကို UNHCR ကပေးမှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သိတဲ့အတိုင်းပဲ အိန္ဒိယ အစိုးရက National Security ကိုအဓိကထားတယ်။ ဒါလဲမှန်ပါတယ်။ ဒါတော့နိုင်ငံတိုင်းပါပဲ ကိုယ့်လုံခြုံရေးကို ဦးစားပေးမယ်။ ကိုယ့်နိုင်ငံကို ထိခိုက်လာမယ်ဆိုရင် ဘယ်သူ့ကိုမဆို Zero Tolerance ပေါ့နော် အဲလိုသွားနေတာကို တွေ့ရတယ်။ ဆိုတော့ လက်ရှိအစိုးရကတော့ National Security ကို ဦးစားပေးတဲ့အတွက်ကြောင့် သူ့နိုင်ငံသားကလွဲရင် ကျန်တဲ့သူတွေပေါ် မှာ အရင်နှစ်တွေထက်စာရင် ပိုတင်းကြပ်လာတယ်။ အစစအရာရာ၊ နေရာတကာ နေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စအဝဝမှာ ပိုပြီးတင်းကြပ်လာတာဖြစ်တယ်။ သူတို့ရဲ့မျက်စိမှာလဲ ကျွန်မတို့ကို Refugees လို့ မမြင်ဘူး၊ ကျွန်မတို့ကို Foreigners ဉပဒေနဲ့ပဲ တစ်ခုခုဆိုရင် ကိုင်တွယ်မှာဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီလိုအခြေအနေမှာ ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးရ တာပေါ့နော်။ ဒီနေရာမှာ ကျွန်မတို့ အခွင့်အရေးဆိုပြီးတော့ တောင်းဆိုနေတာတော့မဟုတ်ပါဘူး။ ခုနပြောသလို ကျွန်မ တို့ဟာ တကယ် Refugees ဖြစ်လို့ Refugees ဖြစ်ကြောင်း ဆိုတဲ့ဟာအတွက် ရပ်တည်နေတာ ဖြစ်တယ်။
ကျွန်မ ဒီနေရာမှာ အမြဲပြောချင်တာရှိတယ်။ ကျွန်မတို့က Refugees ကို ရွေးချယ်ခဲ့တာမဟုတ်ဘူး။ ကိုယ့်နိုင်ငံကောင်း တုန်းမှာ CDM ဆိုလဲ သူ့အလျောက်၊ သူရဲ့လစာ၊ သူ့ရဲ့ စီးပွားရေး၊ ကိုယ့်ရဲ့ social status တစ်ခုစီနဲ့ အကုန်လုံးက ကောင်းကောင်း မွန်မွန်နေခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ နေလို့မရလို့ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ အစားအသောက် တွေ၊ အိမ်ကိုယ့်ယာ၊ ပိုင်ဆိုင်မှုတွေ၊ ဆွေမျိုးသားချင်းတွေ မောင်နှမတွေ ကိုယ့်အသက် လုံခြုံရေးတစ်ခုနဲ့ ရေခြား၊မြေခြား၊ ဘာသာခြား၊ လူမျိုးခြား စကားမတတ်တဲ့နေရာမှာ လာပြီး ခိုလုံရတဲ့အခါမှာ အရမ်းအခက်အခဲရှိပါတယ်။ အဲနေရာမှာ ဒုက္ခသည်ဘဝနဲ့ မဟုတ်ဘဲနဲ့တောင် နိုင်ငံရပ်ခြား၊ ဘာသာခြားမှာ နေရတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရဘူး ပေါ့နော်။ အဲလိုအချိန်မှာ UNHCR ကလဲ အသိအမှတ်မပြုဘူး။ အိန္ဒိယအစိုးရကလဲ ဆက်ပြီးတင်းကြပ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ ဘဝက တကယ်ကို ဝမ်းနည်းစရာ ဖြစ်တယ်၊ Hopeless, Helpless လို ဖြစ်နေတာပေါ့နော်။
မေး။ လက်ရှိ နယူးဒေလီမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားစစ်ဘေးရှောင်တွေဟာ ဘယ်လိုနေထိုင်စားသောက်ကြရပါလဲ? အသက်ရှင်ရပ်တည်ဖို့ ဘယ်လိုရုန်းကန်ကြလဲ? UN ဘက်ကနေ အကူအညီတစ်စုံတစ်ရာရတာမျိုးရှိလား?
ဖြေ။ အိန္ဒိယအစိုးရကလေ Refugees တွေကို တရားဝင်အလုပ် လုပ်ခွင့်မပေးထားဘူး။ ဒါပေမဲ့ လူတစ်ယောက်က အလုပ် မရှိဘဲ ဘယ်လိုအသက်ရှင်နေထိုင်မှာလဲ။ မိသားစုစားဝတ်နေရေးအတွက် ပိုက်ဆံရဖို့အရေး ရုန်းကန်ကြရတာပေါ့။ ဒီမှာ အလုပ်ကတော့ တစ်ချို့ကအိမ်ဖော်လုပ်တဲ့သူရှိမယ်။ တစ်ချို့ကလဲ စက်ရုံတွေမှာ၊ စက်ချုပ်၊ အဝတ်ခေါက်တာကအစပေါ့ လုပ်ကြတယ်။ ရေထမ်းရောင်းတဲ့သူတွေရှိမယ်ပေါ့။ အမှန်တိုင်းပြောရရင် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ကိုယ်ကာယ အသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေ ပိုလုပ်ကြရတယ်ပေါ့နော်။ ညာနအားနဲ့ လုပ်ရတဲ့အလုပ်တွေကျတော့ ဘာသာစကား အခက်အခဲကြောင့် မလွယ်ကူတဲ့အတွက် ညာနအားနဲ့ လုပ်ရတဲ့ စစ်ဘေးရှောင်ကျတော့ နည်းပါတယ်။
စက်ရုံတွေမှာ လုပ်တဲ့သူကျတော့ ရူပီး ၆၀၀၀၊ ၇၀၀၀ ဝန်းကျင်ပေါ့၊ တစ်ချို့အလုပ်တွေကျတော့လဲ ရူပီး ၁၂,၀၀၀၊ ၁၃,၀၀၀ ပုံမှန်အားဖြင့်အဲလောက်တော့ရကြတယ်။ ဒါပေမဲ့ ဒါကလောက်လားဆိုတော့ အိမ်ငှားခလောက်ပဲပေါ့။ UNHCR ကလဲ ဘာထောက်ပံ့ခြင်းမှလဲမရှိဘူး။ ပေးကမ်းခြင်းလဲ မရှိဘူး။ Ration တွေထုတ်ပေးခြင်းလဲ မရှိတဲ့အခါ ကျတော့ ကိုယ့်စား သောက်ဖို့အတွက်ကလဲ လူတိုင်းက ဒုက္ခကိုယ်စီနဲ့။ အဲတော့ Contract မရှိဘူး၊ စာချုပ်စာတမ်းလဲမရှိဘူး အဲလိုတွေမှာ အလုပ်လုပ်ရတယ်။ အလုပ်ခန့်တဲ့သူတွေကလဲ ခေါင်းပုံဖြတ်တာတွေ အများကြီးရှိတာပေါ့နော်။ လုပ်ခလစာ ကလဲ ဒီကနိုင်ငံသားတွေထက် လျော့ပြီးပေးတာတို့၊ အလုပ်ကိုအရမ်းခိုင်းတာ၊ ခိုင်းပြီး လုပ်ခလစာကို ၃,၄ လမပေးတာတို့ အမျိုးမျိုးရှိတာပေါ့နော်။ ဒီအရာတွေကို UNHCR ကလဲ ဘာမှမဖြေရှင်းပေးဘူး။ ဒုက္ခသည်အချင်းချင်းပဲ ကူညီနေကြတာ ပေါ့။ ကျွန်မဆိုလဲ တစ်ချို့သူတွေ လစာမထုတ်ပေးလို့ လိုက်ရှင်းပေးတဲ့ဟာတွေတောင် တော်တော်များများရှိတယ်။
UNHCR ဘက်ကနေ ဘယ်လိုထောက်ပံ့မှုတွေရှိလဲ ဆိုရင်၊ Refugees status ၁၀၀ မှာ ၁၀၀ ကထောက်ပံ့မှုမရဘူး။ သူတို့မှာ Criteria တွေရှိတယ်။ ဥပမာ- ကျန်းမာရေးမကောင်းတဲ့သူ၊ နာတာရှည်ရောဂါ ခံစားရတဲ့သူတို့၊ မသန်စွမ်းတွေ သူတို့ကို ဦးစားပေးကူညီတာရှိတယ်ပေါ့။ ဒါပေမဲ့လဲ အဲလိုလူတွေ အကုန်ပေးလားဆိုတော့ အားလုံးကို မပေးနိုင်ပြန်ဘူး။ ဆိုတော့ UN ဘက်ကနေ ကူညီထောက်ပံ့မှုကတော့ မရှိသလောက် နည်းတယ်လို့ပြောရမှာပေါ့။ ကျွန်မတို့ CRC လဲ လိုအပ် ချက်တွေ အမြဲတင်ပြဖြစ်တယ်၊ ဒါပေမဲ့သူတို့ Action မယူတော့ နောက်ဆုံး ဒုက္ခသည်များနေ့မှာ ကျွန်မတို့ပြောချင်တဲ့ အသံကို သိတို့ဆီရအောင် ပို့လိုက်ရတာပေါ့။
မေး။ ဇွန်လ ၂၀ ရက်ဆန္ဒဖော်ထုတ်မှုအပြီးမှာ UNHCR ရုံးကိုလည်း အိပ်ဖွင့်ပေးစာပေးခဲ့ကြတယ်လို့သိရပါတယ်။ အဲဓိက ဘာတွေတောင်းဆိုခဲ့ကြလဲ?
ဖြေ။ အိတ်ဖွင့်စာပေးတာကတော့ ဘာလဲဆိုတော့ Chin Refugees တွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။ ဘာတွေ လိုအပ်နေလဲ။ မြန်မာနိုင်ငံမှာ ဘယ်လိုဘယ်လိုဖြစ်တယ်ပေါ့ ခုနပြောထားတဲ့အတိုင်းပေါ့နော် ဆိုတော့ ဒီလူတွေက ဒုက္ခသည်တွေ ဖြစ်ကြောင်း ဒုက္ခသည်အဆင့်အတန်း သတ်မှတ်ပေးပါလို့ ဒီတစ်ခုပဲ ရေးလိုက်ကြတာပါ။ UNHCR ကို ဦးဆောင်နေတဲ့ Chief of Mission ကိုလဲ သိစေချင်လို့ World Refugees Day မှာ ပေးလိုက်တာပေါ့နော်။
မေး။ CRC ရဲ့တောင်းဆိုချက်တွေ UN ဘက်က လိုက်လျောပေးတာမျိုးမရှိရင် ဘာဆက်လုပ်ဖို့ရှိလဲ?
ဖြေ။ အခုကတော့ စောင့်ကြည့်နေတုန်းပေါ့နော်။ တစ်ခုသိထားရမှာက အိန္ဒိယရဲ့ Process တိုင်းက အရမ်းကြာတယ်။ ဒါပေမယ့် ကျွန်မဆန္ဒပြတုန်းက ပြောခဲ့တာက ဒီဟာကို ဒီမှာတင်ပြီးဆုံးသွားမဲ့အရာ မဟုတ်ဘူး။ ကျွန်မလဲ ဒါကို သေချာ Risk ယူပြီးလုပ်ခဲ့ရတာ။ ကျွန်မအတွက် အရမ်းခက်တယ်။ အခုလို အိန္ဒိယရဲ့ နိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန်မှာ National Security ဆိုပြီးဦးစားပေးနေတဲ့အချိန်မှာပေါ့။ ဒီဆန္ဒပြပွဲကို လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်ဘူး။ ဆိုတော့ ကျွန်မဒီတာဝန်ကို ထမ်းဆောင်ရတဲ့အချိန် လူထုအတွက် တစ်ခုခုတော့ လုပ်ပေးမယ်ဆိုစိတ်နဲ့ မဖြစ်ဖြစ်အောင် လုပ်သွားမယ်။ အဲတော့ ကျွန်မတို့ Long-term plan လဲ လုပ်ထားတယ်။ အဲဒါကတော့ ဒီမှာ မပြောပါရစေနဲ့ CRC ရဲ့ Plan ကိုစောင့်ကြည့်ပေးကြပါ။ တာဝန်ယူ၊ တာဝန်ခံမှုရှိရှိ သေချာစဉ်းစားပြီးမှ လုပ်ထားတာဖြစ်တယ်။ ဒီဟာက တကယ် Long-term plan ဖြစ်တယ်။ အဲတော့ မဟာဗျူဟာ နည်းဗျူဟာကျကျ ကျွန်မတို့ CRC အနေနဲ့ သေချာလေး စီစဉ်နေပါတယ်။
မေး။ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိလဲ?
ဖြေ။ ကျွန်မ အားလုံးကို အားပေးချင်တယ်။ ကျွန်မတို့ရဲ့ ရွေးချယ်မှုမဟုတ်ဘဲ ဒီမှာ ဒုက္ခသည်အနေနဲ့ လာနေကြရတယ်။ တစ်ခါတစ်လေ ပြိုလဲတဲ့အချိန်လဲရှိပါတယ်။ ဒါကို ကိုယ့်အချင်းချင်း အားပေးကြပါ။ ဝိုင်းဝန်းကြပါ။ ဖေးမကြပါ။ ကျွန်မတို့ ခရစ်ယာန်တွေ အချင်းချင်းဆုတောင်းပေးကြပါ။ ဗုဒ္ဓဘာသာတွေ အချင်းချင်းမေတ္တာပို့ကြပါ။ တစ်ယောက်နဲ့တစ်ယောက် တိုးတက်ရာတိုးတက်ကြောင်း လိုလားကြပါ။ ရင်ဘတ်ချင်းထိထားကြပါ။ ဒီအချိန်ဟာ Refugees တွေအတွက် အရမ်းအရေးကြီးတဲ့အချိန်ဖြစ်တယ်။ စကားပုံရှိတယ်လေ နွားကွဲရင် ကျားဆွဲလိမ့်မယ်ဆိုတဲ့အတိုင်းပါပဲ ကျွန်မတို့ စည်းစည်းလုံးလုံးနဲ့ ကျွန်မ CRC President ကနေ ဦးဆောင်ပြီးတော့မှ မရရအောင်တိုက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့အင်အားက ကျွန်မအတွက် အမြဲတမ်းလိုအပ်နေပါတယ်။ အဲတော့ ကျွန်မနဲ့အတူ အားလုံးပဲ တိုက်ပွဲဝင်ပေးကြပါ။ ကျွန်မကို ယုံကြည်ပေးကြပါ။ အားလုံးရဲ့အင်အားနဲ့ ခရီးတစ်ခုက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ CRC ရဲ့ Long-term plan မှာ အားလုံး အတူတကွ ပါဝင်ပေးကြပါလို့ အားပေးချင်ပါတယ်။