“ကျွန်မလိုချင်တာက သင်တန်းကိုလည်း အတူတူတက်ရတာဖြစ်လို့ ပြီးသွားရင်လဲ ယောက်ျားလေးမို့ ရှေ့တန်းပို့မယ်၊ မိန်းကလေးမို့ စားဖိုဆောင်မှာ ထမင်းချက်ခိုင်းမယ်၊ အဝတ်လျှော်ခိုင်းမယ်ဆိုတာမျိုး မဟုတ်ရင်ကောင်းမယ်”
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း စစ်တပ်က လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းလာခဲ့သည့်နောက်ပိုင်းမှာ တနိုင်ငံလုံးမှာရှိသော လူငယ်များသည် ရွေးချယ်စရာနည်းလမ်းမရှိတော့သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ရောက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်အတွက် ယနေ့ချိန်ထိ တိုက်ပွဲဝင်လာကြသည်မှာ ၄ နှစ်ကျော်ရှိလာပြီဖြစ်သည်။
ယင်းလူငယ်များစွာထဲမှာ အသက် ၂၀ အရွယ် ၁၀ တန်းကျောင်းသူ GiGi လည်းပါဝင်ပါတယ်။ GiGi ဟာ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်ထဲမှာ စစ်ရေးလှုပ်ရှားသော PDF-Zoland မှာ ၂၀၂၂ ခုနှစ်က ဝင်ရောက်ကာ ရှားရှားပါးပါး အမျိုးသမီး လက်ဖြောင့်တပ်သား (Sniper) တစ်ဦးဖြစ်ပြီး တပ်စိတ်မှူးတစ်ဦးလည်းဖြစ်သည်။
GiGi ကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဒီတော်လှန်ရေးထဲမဝင်ခင်မှာ ညီမ ဘာတွေလုပ်လဲ။
ဖြေ။ ။ တော်လှန်ရေး မဝင်ခင်ကတော့ ကျွန်မ ၁၀ တန်းတက်နေခဲ့တာပေါ့နော်၊ ကိုဗစ်ရောဂါကြောင့် ကျောင်းပိတ်လိုက်၊ တက်လိုက်ဖြစ်နေချိန်၊ အာဏာသိမ်းတာဆက်ဖြစ်တော့ ၁၀ တန်းမဖြေလိုက်ရဘူး။ အဲချိန်တုန်းက ကျွန်မအသက် ၁၇ နှစ်ပေါ့နော် အခုတော့ ၂၀ ရှိပါပြီ။
မေး။ ။ လက်နက်ကိုင်တော်လှန်ရေးမှာ ဘယ်လိုကြောင့် ပါဝင်ဖြစ်ခဲ့တာလဲ၊ ဘယ်တုန်းကစပြီး ပါဝင်ဖြစ်ခဲ့တာလဲ?
ဖြေ။ ။ ပထမဦးဆုံးအချက်ကတော့ စစ်အာဏာရှင်ကို မလိုလားလို့ပါ။ နောက် ကျွန်မတို့မျိုးဆက်မှာ ဒီစစ်အာရှင်စနစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့ အမြစ်ဖြတ်ပြီးတော့ နောက်လာမဲ့ မျိုးဆက်သစ်တွေ အခုလိုစနစ်ဆိုးကြီးနဲ့ မကြုံစေချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမိဘတွေဆိုရင်လည်း အာဏာရှင်စနစ်ဆိုးကြီးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကြတယ်။ အထူးသဖြင့် ကျွန်မတို့လို ချင်းတောင်ဒေသတွေမှာဆိုရင် ဏာရှင်တွေက လူသားချင်းစာနာမှုတစ်စက်မှမရှိဘဲ ပြည်သူတွေကို ဘယ်လိုအုပ်ချုပ်တာ၊ ဘယ်လိုနှိပ်စက်တာ၊ ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေ ဘယ်လိုယူတာ၊ ဘယ်လိုဖျက်ဆီးတာကအစ ပြောပြလေ့ရှိတယ်။ နောက် အခုလဲပဲ ကျွန်မတို့လက်တွေ့ရင်ဆိုင်နေရတာပေါ့။ စစ်တပ်က ကျွန်မတို့ကို လူလိုမဆက်ဆံတော့ဘူး။ သူတို့ဘယ်လို ညှင်းပမ်းနှိပ်စက်တယ် ဆိုတာ အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ် အနီးအနားမှာပဲဖြစ်ဖြစ် ကြားသိနေရတယ်၊ အထူးသဖြင့် ကျွန်မတို့လို မျိုးဆက်သစ်လူငယ်တွေကို ပစ်မှတ်ထားပြီးတော့ကို ဖမ်းဆီး၊ သတ်ဖြတ်နေတာ ဒါတင်မက အရှင်လတ်လတ်မီးရှုသတ်ဖြတ်တာတွေ မြင်ရ၊ ကြားရတဲ့အခါမှာ မနေနိုင်ဘူး။ သူတို့ရဲ့လုပ်ရပ်ကို ဒီတိုင်းရပ်ကြည့်နေလို့ ပြီးဆုံးသွားမဲ့ အရာမဟုတ်တော့ ဒီလုပ်ရပ်ဆိုးကြီးကို တစ်ခါတည်းရပ်တန့်အောင် မလုပ်နိုင်ရင်တောင်မှ ကျွန်မတို့ရဲ့ ခံစားချက်ကို ဖော်ထုတ်ရမယ်ဆိုပြီး တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်လာ ရခြင်းဖြစ်ပါတယ်။
မေး။ ။ ကိုယ်က အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အခါမှာ လက်နက်ကိုင်ပြီး တော်လှန်ရေးထဲဝင်ရတော့ ဘယ်လိုအခက်အခဲရှိခဲ့လဲ? အဲဒါတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ?
ဖြေ။ ။ ပြောရမယ်ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ အခက်အခဲကတော့ အများကြီးပေါ့နော်။ တောထဲမှာဆို ကတည်းက အမျိုးသမီးတွေအတွက် အခက်အခဲကတော့ရှိနေပြီပေါ့ ဒါပေမဲ့ အဲဒီအခက်ခဲတွေကတော့ သိပ်မမှုဘူး။ ပိုပြီး ခက်ခဲတာက လက်နက်ကိုင်ချင်ပေမဲ့ အမျိုးသမီးမို့လို့ ကိုင်နိုင်မှာမဟုတ်ဘူးဆိုပြီး အမျိုးသားတွေရဲ့ အထင်သေးတာတွေကိုတော့ တော်တော်မခံစားနိုင်ဘူး။
တစ်ခြားသူတွေရဲ့ခံယူချက်တော့ မပြောတတ်ဘူး၊ ကျွန်မအနေနဲ့တော့ ဒီတော်လှန်ရေးထဲ ဝင်မယ်လို့ ဆုံးဖြတ် ကတည်းက သေနတ်ကိုင်ဖို့ဝင်လာတာ။ ဒီတော်လှန်ရေးထဲရောက်လာသူအချင်းချင်း လိင်ပိုင်းဆိုင်ရာခွဲခြားခြင်း မရှိဘူး အမျိုးသား၊ အမျိုးသမီး တန်းတူပဲလို့ ကျွန်မခံယူတယ်လေ။ သူတို့ရဲ့ အထင်သေးတာကိုတော့ မခံနိုင်ဘူး၊ ဒီကို စစ်အာဏာရှင်ကိုတော်လှန်ဖို့ရောက်လာတာပါ မိန်းကလေးတွေလဲ ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ကို ပြလေ့ရှိတယ်။
မေး။ ။ ညီမက Sniper သမားဆိုတော့ ဘာကြောင့် Sniper ကိုရွေးချယ်ရတာလဲ? ဒီလို ဖြစ်ဖို့ ဘယ်လို ကြိုးစားခဲ့ရလဲ?
ဖြေ။ ။ မိန်းကလေးတွေက အများအားဖြင့် ရှေ့တန်းသိပ်မထွက်ရဘူး။ ဆိုတော့ စနိုက်ပါဆိုရင် ရှေ့တန်းကို မဖြစ်မနေပို့မှာ ပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝင်ဖြစ်တာပေါ့နော်။ ဒီတော်လှန်ရေးစတော့ သတင်းတွေနားထောင်တယ်၊ အဲမှာ လက်နက်ကိုင်တော်လှန်ဖို့ PDF-Zoland တို့ CNA တို့မှာ သင်တန်းတက်လို့ရတယ်ကြားတယ် ကျွန်မလဲတက်ချင် တယ်၊ အဲချိန်ကတည်းက ကျွန်မလက်နက်ကိုင်တပ်ဖွဲ့ထဲဝင်ရင် sniper ကိုင်ဖို့ ဆုံးဖြတ်ပြီးသား။ ဝင်တော့ PDF-Zoland မှာပေါ့၊ အမျိုးသမီး စနိုက်ပါမရှိသေးဘူး။ နောက် စနိုက်ပါသင်တန်းခေါ်ပြီဆို ယောက်ကျားလေးတွေပဲ။ မိန်းကလေးတွေကျတော့ ငါတို့ကိုလဲ ဘယ်တော့ခေါ်မလဲ ဆိုပြီးမျှော်လင့်နေရတာပေါ့။ နောက်တော့ မိန်းကလေး တွေလဲခေါ်တော့ တက်ဖြစ်သွားတာပေါ့နော်။
စနိုက်ပါမှာကျတော့ ပစ်မှတ်ချိန်တတ်ဖို့ တွက်ချက်တတ်ဖို့လိုတယ်၊ အဲမှာ သင်္ချာသုံးရတာပေါ့နော်။ အစတုန်းကဆို သင်္ချာတွေတွက်ရတော့ ကျွန်မ ရပါ့မလားဆိုပြီး နဲနဲကြောက်ခဲ့လိုက်သေးတယ်၊ ဒါပေမဲ့ ဒါကျွန်မလုပ်ချင်တဲ့ အရာပဲဆိုပြီး တော အဲဒီစိတ်နဲ့ ကြိုးစားတယ် မသိတာရှိရင် စီနီယာတွေခဏခဏမေးတယ် သူတို့ ငြီးငွေ့လောက်တဲ့အထိမေးတာ ၊ အဲလိုနဲ့ ကြိုးစားခဲ့ရပါတယ်။
မေး။ ။ Sniper တစ်ယောက်အတွက် ဘာက အရေးကြီးဆုံးဖြစ်မလဲ။
ဖြေ။ ။ စနိုက်ပါအတွက် ပစ်မှတ်က အဓိကပါပဲ။ အဲဒီအတွက်လဲ စနိုက်ပါတစ်ယောက်အနေနဲ့ ပိုပြီး လက်ဖြောင့်ဖို့ မြန်ဆန်နိုင်ဖို့ ဆုံးဖြတ်ချက်ခိုင်ခုင်မာမာချတတ်ဖို့ မီတာ ၁၀၀ မှာ ကလစ် ဘယ်လောက်ရွှေ့ရမယ်၊ လေတိုက်နှုန်းကဘယ်လို ဆိုတဲ့အချက်တွေ အရေးကြီးတယ်။ လေ့ကျင့်ယူရတယ်ပေါ့နော်။ ကျွန်မကတော့ လာမဲ့ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်ထားတယ်။ အဲဒီအတွက် အချိန်ရရင်ရသလို ကိုယ့်ကိုကိုယ် လေ့ကျင့်ဖြစ်တယ်။
မေး။ ။ Sniper တစ်ယောက်အနေနဲ့ရော ဘယ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီလား။ ဘယ်လိုပါဝင်ဖြစ်လဲ။
ဖြေ။ ။ အခုထိ ရှေ့တန်းတစ်ခါပဲ သွားဖူးသေးတယ်။ အဲဒါက ၂၀၂၄ မေလတုန်းက တီးတိန်မြို့ပေါ် တိုက်ပွဲမှာပါ။ ကျွန်မသူငယ်ချင်းနဲ့စနိုက်ပါပဲပေါ့နော် နှစ်ယောက် နေ့နေ့ညည အလှည့်ကျစောင့်မယ်ပေါ့၊ အဲလိုစီစဉ်ထားတာ ဖြစ်မလားခဲ့ဘူး။ တိုက်ပွဲက ထင်သလောက်မကြာခဲ့ဘူးလေ။
မေး။ ။ ပစ်မှတ် ဘယ်နှခု လောက် အောင်မြင်သွားပြီလဲဆိုတာရော ပြောပြလို့ရမလား။
ဖြေ။ ။ ကျွန်မရှေ့တန်းဝင်ဖူးတဲ့ တီးတိန်မြို့ပေါ် micro စခန်းသိမ်းတုန်းကပေါ့၊ ကျွန်မတို့က micro နဲ့ မီတာ ၈၀၀ လောက်မှာ နေရာယူတော့၊ အဲဒီနေ့ကလဲ စစ်သားတွေပဲ ကံကောင်းတာလား ကျွန်မကပဲ ပစ်ဖို့ကံမပါတာလား ရာသီဉတုက သိပ်မပေး (တိမ်ထူ)တော့ ပစ်မှတ်ကို ရှင်းရှင်းလင်းမမြင်ရဘူး။ အဲလိုနဲ့ ရန်သူပစ်မှတ်ထိတာ မရှိသေးပါဘူး။
မေး။ ။ ညီမလို အမျိုးသမီး sniper တွေများလား?
ဖြေ။ ။ ကျွန်မတို့သင်တန်းတက်တုန်းက ၄ ယောက်ပေါ့နော် ဒါပေမဲ့ ကျန်းမာရေးကြောင့် နားတဲ့သူတွေရှိတော့ လက်ရှိ ၂ယောက်ပဲကျန်တယ်။
မေး ။ ။ ဘယ်တုန်းက သင်တန်းပြီးခဲ့တာလဲ၊ သင်တန်းမှာ ယောကျားလေးတွေနဲ့ အတူတက်ခဲ့ရတာလား။ သင်တန်းအကြောင်းလေးလဲ ပြောပြပေးပါအုံး?
ဖြေ။ ။ စနိုက်ပါသင်တန်းပြီးတာ အခုဆိုရင် ၁ နှစ်လောက်ရှိပြီပေါ့နော်၊ ကျွန်မတို့တက်တုန်းက ယောကျားလေး ၈ ယောက်နဲ့ မိန်းကလေး ၄ ယောက် စုစုပေါင်း ၁၂ ယောက်ပေါ့။ စတက်ကတည်းက သေနတ်ပစ်ရတယ်။ အစကတော့ လက်နက်ငယ်နဲ့ စမ်းတယ်၊ နောက်တော့ 30-06 sniper နဲ့ ပစ်ခိုင်းတယ်၊ ဆရာတွေက တစ်ရက်ကို ဘယ်နှခါဆိုပြီးတော့ ပစ်မှတ်ထားပေး တယ်၊ နေ့တိုင်းအမှတ်ပေးတယ်။ ကျွန်မလဲ ဘရားကျေးဇူးတော်ကြောင့် လက်ဖြောင့်ဆု ပထမဆု ရခဲ့တယ်။
ကျွန်မတို့ အမျိုးသာတွေ လုပ်သလို လုပ်ရတဲ့အချိန်က သင်တန်းအတွင်းပဲ။ တခြား စစ်သင်တန်းတွေမှာလဲ ပီတီ ပြေးတာ ကအစ၊ ဖားခုန်တာ၊ အပစ်ပေးခံရတာအကုန် တန်းတူပဲ။ သင်တန်းမှာ ယောကျ်ား၊ မိန်းမ ခွဲခြားတာလုံးဝမရှိဘူး။ အပစ်ပေးခံရရင်လဲ အထူးသဖြင့် တပ်စိတ်မှူးနဲ့ အထက်ဆို ပိုခံရတယ်၊ ရဲဘော်တွေက ၂ ကြိမ်အရိုက်ခံရရင် အမျိုးသမီး တပ်စိတ်မှူးဖြစ်ပါစေ ယောက်ျားလေးရဲဘော်ထက် ပိုခံရတာပါပဲ။
မေး။ ။ ဒါဆိုရင် ညီမတို့အမျိုးသမီးတွေက အလုပ်လုပ်တဲ့အခါမှာရော တိုက်ပွဲဝင်တဲ့အခါမှာရော အကုန်လုံးမှာ အမျိုးသားတွေလုပ်သလိုမျိုး အတူတူမလုပ်ရဘူးလား။ ဘယ်လိုမျိုးလဲ ရှင်းပြလို့ရမလား။
ဖြေ။ ။ ကျွန်မတို့ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စာဖိုဆောင် ပြန်ပို့ခံရတယ်လေ။ ကျွန်မလိုချင်တာက သင်တန်းကိုလည်း အတူတူ တက်ရတာဖြစ်လို့ ပြီးသွားရင်လဲ ယောက်ျားလေးမို့ ရှေ့တန်းပို့မယ်၊ မိန်းကလေးမို့ စာဖိုဆောင်မှာ ထမင်းချက်ခိုင်းမယ်၊ အဝတ်လျှော်ခိုင်းမယ်ဆိုတာမျိုး မဟုတ်ရင် ကောင်း မယ်။
ကျွန်မတို့ကမိန်းကလေးဆိုတော့ သူတို့ရှေ့တန်းမှာ ယောကျားလေးတွေလို ပြေးနိုင်မှာမဟုတ်ဘူး။ ပစ်ခတ်သံတွေကြားရင် သူတို့ကြောက်မယ်။ ပြီးတော့ တပ်ပြန်ဆုတ်ဖို့လိုရင် အမြန်မပြေးနိုင်မှာ စိုးလို့ပေါ့နော်။
တကယ်တော့ ကျွန်မတို့ သင်တန်းတက်ကတည်းက သေနတ်ကိုင်နိုင်မယ်လို့ ဆုံးဖြတ်ချက်နဲ့ဝင်လာတာဖြစ်တယ်။ ယောကျားလေးတွေလိုပဲ လုပ်နိုင်ပါတယ်။ ရှေ့တန်းမှာလဲ သူတို့လို ပြေးနိုင်မယ်လို့ ယုံကြည်တာပါ။ တစ်ခါတစ်လေ ယောက်ျားလေးတွေ ရှေ့တန်းသွားရလို့ ရှေ့တန်းမသွားရတဲ့ မိန်းခလေးတွေကို အထင်သေးတဲ့အကြည့်တွေရှိတတ်တော့၊ ကျွန်မတို့လဲ ရှေ့တန်းသွားနိုင်တယ်လို့၊ လက်ညိုးတစ်ချက်ကွေးဖို့လောက် ကွန်မတို့လဲ လုပ်နိုင်တယ်လို့။
မိန်းကလေးတွေလဲ သူတို့ရဲ့ တတ်ကျွမ်းတဲ့အပိုင်း၊ သူတို့ရဲ့ စိတ်ဝင်စားအပိုင်းပေါ့ ဉပမာ- ဆေးဘက်မှာဖြစ်စေ၊ ဆက်သွယ် ရေးပိုင်းဖြစ်စေ၊ ဒရုန်းဖွဲ့မှာဖြစ်စေ သူတို့ရဲ့ စိတ်ဝင်စားမှုအလိုက် တာဝန်တွေပေးအပ်တာမျိုးဖြစ်စေချင်တယ်။
တစ်ခါတစ်လေ မိန်းကလေးတွေက ကိုယ်ပါဝင်ချင်တယ်၊ လုပ်ချင်တယ် ဆိုပေမဲ့ ပါဝင်ခွင့်မရတာတို့၊ စားဖိုဆောင်မှာ ပဲ တာဝန်ကျတာတို့ဆို တကယ်စိတ်ဓါတ်ကျတာ၊ တစ်ခါတစ်လေဆို ကျွန်မတို့ မိန်းကလေးတွေက တော်လှန်ရေးထဲဝင်တာ ထမင်းချက်ဖို့ဝင်တာများလားလို့တောင် ကိုယ့်ကိုကိုယ် ပြန်မေးနေရတယ်။
တကယ်တော့ ကျွန်မတို့မိန်းကလေးတွေကလေ ထမင်းချက်တာအပြင် တခြားကိစ္စမှာ တကယ်တော်တဲ့အပိုင်း တွေရှိပါ တယ်၊ ကျွန်မတို့ ဘာစိတ်ဝင်စားလဲ ဆိုတာ မေးကြည့်ပါ၊ ကျွန်မတို့မှာလဲ ကျွမ်းကျင်းတဲ့အပိုင်းတွေရှိပါတယ်။ ကျွန်မတို့ ကလဲ တတ်နိုင်သလောက် ကြိုးစားကြမှာပါ။
မေး။ ။ လက်ရှိဆင်နွှဲနေတဲ့ နွေးဦးတော်လှန်ရေးကလည်း ခုဆိုရင် ၄ နှစ်ထဲရောက်လာပြီပေါ့လေ။ ဒီတော်လှန်ရေးအပေါ် ညီမရဲ့မျှော်လင့်ချက်လည်းသိချင်ပါတယ်။
ဖြေ။ ။ အခု ပြည်သူတွေပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တွေဖြစ်ဖြစ် ကျွန်မတို့ကိုယ်စီရဲ့ ကြိုးပမ်းမှုရဲ့ ရလဒ်က တဖြည်းဖြည်းနဲ့ မြင်တွေ့နေရပြီ တော်လှန်ရေးဆိုတာ ငါနဲ့မဆိုင်ဘူးလို့မပြောဘဲနဲ့ ငါလည်း တစ်နည်းနည်းနဲ့ ပါဝင်မှ ဖြစ်မယ်၊ ဒီလူငယ် တွေက ပြန်မရနိုင်တော့တဲ့ သူတို့အသက်တွေနဲ့ ရင်းနေတဲ့အချိန် လူကြီး၊ မိဘတွေအနေနဲ့လဲ လူကိုယ်တိုင်မပါဝင်နိုင်ရင် တောင် ပြန်ရှာလို့ရတဲ့ ပစ္စည်းဉစ္စာတွေနဲ့ ပါဝင်ကြမယ်၊ တော်လှန်ရေးမှာ မပါဝင်နိုင်သေးတဲ့ မိဘပြည်သူတွေ ထပ်ပြီး ပူးပေါင်းပါဝင်လာကြမယ်ဆိုရင် ဘယ်လောက်တောင် အောင်မြင်မှုရလာကြမလဲဆိုတာ စဉ်းစားကြည့်ရင် တကယ်အားရ စရာကောင်းတယ်။ အခုတောင် ပြည်သူတွေရဲ့ အကူအညီနဲ့ ကျွန်မတို့ချင်းပြည်နယ်က မြို့တွေတစ်ခုပြီးတစ်ခုသိမ်းနိုင်ကြပြီ လေနော် “စည်းလုံးခြင်းသည် အင်အား” ဆိုသလိုမျိုး ကျွန်မတို့ပြည်သူတွေ အားလုံးညီညီညွှတ်ညွှတ်နဲ့ ကြိုစားကြရင် မြို့သိမ်းတာလောက်က မကြာခင်အကုန်သိမ်းပိုက်နိုင်မှာပါ။ ကျွန်မတို့ ပန်းတိုင်ရောက်တော့မယ်ဆိုတာ ကျွန်မယုံကြည်မျှော်လင့်တယ်။
မေး။ ။ တော်လှန်ရေးအတွင်း ထူးထူးခြားခြား အမှတ်တရလေးရှိရင် ပြောပြပေးပါအုံး။
ဖြေ။ ။ သူများအတွက် ဘယ်လိုဖြစ်မလဲတော့မသိဘူး။ ကျွန်မအတွက် ခက်လဲခက်၊ မေ့လို့မရတဲ့ အခိုက်တန့်လေး ပေါ့။ အဲဒါက စနိုက်ပါသင်တန်းတက်တုန်းကပေါ့ ဆရာက မနက်အစောကြီး ၅ နာရီမှာ နိုး၊ စခန်းနဲ့ ၁၀ မိုင်လောက်ဝေးမဲ့နေရာကို မနက်စာလဲမစား၊ နေ့လည်စာလဲမစား၊ ဘာမှ မစား၊ ရေပဲသောက်ခိုင်းပြီးတော့ ခေါ်သွားတာ၊ အသွားဘက်က အဆင်းပဲ အေးဆေးသွားနိုင်တယ်၊ နောက် ဗိုက်လဲသိပ်မဆာသေးတော့ အဆင်ပြေတာပေါ့၊ အပြန်ကျတော့ ဟွေး အတက်ကြီးပဲ နောက် ရေတွေလဲအကုန်ကုန်သွားပြီ ထမင်းချက်လို့လဲမဖြစ်၊ အဲမှာ ဗိုက်လဲဆာ၊ ရေလဲဆာ အခုထိ ပြန်တွေးလိုက်ရင် ရေဆာတုန်း။ အဲမှာကျွန်မတို့သူငယ်ချင်း မိန်းကလေးတစ်ယောက်ပေါ့ သူလဲမခံနိုင်တော့ သူ့သေနတ်တောင်မသယ်နိုင် တော့ဘူး၊ ကျွန်မလဲ ယောကျ်ားလေးတွေ ကူပေးမှာကိုမလိုလားတော့ သူ့သေနတ်ကို ယူထမ်းလိုက်တာပေါ့။ အဲဒါတော့ မမေ့နိုင်ဘူး၊ တစ်နေ့လုံးမှာမှ good day biscuit မုန့် တစ်ချပ်လေးပဲ စားရတာ။ ဒါနဲ့ ည ၇နာရီ မှ စခန်းပြန်ရောက်တော့မှ တစ်နေကုန်စာ ထမင်းစားကြရတာပေါ့။ ကျွန်မတို့ ဆရာက လေ့ကျင့်ပေးတာ။
မေး။ ။ ညီမအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါအုံး။
ဖြေ။ ။ တကယ်တော့ ယောကျားလေးတွေက ကျွန်မတို့လို အမျိုးသမီးတွေကို သနားညာတာပေးတာ၊ ဂရုစိုက်ပေးတာ ကို နားလည်ပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ကျွန်မတို့ရဲ့ ဆန္ဒကလဲ ဘာလဲဆိုတာ မေးစေ ချင်တယ်။ သနားလို့ ဆိုပြီးမလုပ်ခိုင်းတာ၊ ခွင့်မပြုတဲ့အရာတွေကလေ ကျွန်မတို့အတွက် အားငယ်စရာတွေ ဖြစ်ဖြစ်သွား လို့ပါ။ အဲဒါကြောင့် ကျွန်မတို့ရဲ ဆန္ဒတွေကိုလည်း နားလည်စေချင်တယ်။
ပုံစာ – PDF-Zoland လက်ဖြောင့်တပ်သား GiGi