ရေး – Salai Van Lian Thang
∎ ကွပ်ကဲမှုဖွဲ့စည်းပုံနှင့် စစ်ကောင်စီ၏ စစ်ဗျူဟာအဖွဲ့ အခြေချ (စဗခ)
မြန်မာစစ်တပ်သည် တိုင်းစစ်ဌာနချူပ်တစ်ခု၏ အရေးပါသော နယ်မြေများကို အခြေချစစ်ဗျူဟာနယ်မြေ (စဗခ) အဖြစ် အသေသတ်မှတ်ပြီး ကျန်နေရာများကို ပြုပြင်ပြောင်းလွယ်သည့် လှုပ်ရှားစစ်ဗျူဟာနယ်မြေ (စဗဟ) အဖြစ် သတ်မှတ်သည်။
ပုံသေမဟုတ်သော်လည်း စစ်တိုင်းတစ်ခုတွင် စဗခ နှစ်ခု၊ စဗဟ နှစ်ခုခန့် ထားရှိသည်။ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ၏ ကွပ်ကဲမှုအောက်တွင် ချင်းပြည်နယ်မြောက်ပိုင်း၌ ဟားခါးမြို့ကို အခြေပြု၍ စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးနှင့် ချင်းပြည်နယ်တောင်ပိုင်း၌ မတူပီမြို့ကို အခြေပြု၍ စစ်ဗျူဟာအဖွဲ့ (အခြေချ) မတူပီ ဆိုပြီး အခြေချစစ်ဗျူဟာနှစ်ဖွဲ့ (Tactical Operation Commands –TOC) ကို အသေသတ်မှတ်ထားရှိပါသည်။
မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာဆုံးရှုံးခဲ့ပြီးနောက် မင်းတပ်မြို့ကို အခြေပြု၍ စစ်ဗျူဟာ အဖွဲ့ အသစ် (TOC) ကို ချထားသည်ဟု ရေးသားမှု အချို့ရှိသော်လည်း ထိုကဲ့သို့ ဖွဲ့စည်းပါက လှုပ်ရှားစစ်ဗျူဟာ (စဗဟ) ဖြစ်ဖို့များပြီး၊ စစ်ဗျူဟာအခြေချ (စဗခ) မဟုတ်လောက်ပေ။ စဗဟ ကို လှူပ်ရှား အမှတ် (၁) စစ်ဗျုဟာအဖွဲ့ စသဖြင့် အမည်သတ်မှတ်ပါသည်။ ထို့ကြောင့် ဤ တပ်ကွပ်ကဲမှုဖွဲ့စည်းပုံတွင် “အခြေချ” သို့မဟုတ် “အထိုင်တပ်ရင်း၊ အထိုင်ဗျုဟာကုန်း၊ အထိုင်စခန်း” စသည့် အသုံးအနုန်းသည် အဓိပ္ပါယ်ရှိပါသည်။ အခြေချစစ်ဗျူဟာအဖွဲ့ (စဗခ) တစ်ဖွဲ့ကို ဗိုလ်မှူးကြီးအဆင့် စစ်ဗျူဟာမှူး/စဗခမှူး (Tactical Operation Commander) တစ်ဦးက ဦးစီးကွပ်ကဲပြီး၊ တပ်ရင်း ၃ ရင်းမှ ၅ ရင်းအထိ ရှိသည်။
ဗိုလ်ချုပ်အဆင့် ကွပ်ကဲသော နယ်မြေကျယ်ဝန်းသည့် စစ်တိုင်းဌာနချူပ် (Regional Military Commands-RMC) တစ်ခုတွင် စဗခ၊ စဗဟအပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ (Regional Operation Commands–ROC) ကို ဖွဲ့စည်းပါသည်။ မြန်မာနိုင်ငံတွင် ဒကစ ၆ ခုရှိပါသည်။ နမခ (မုံရွာ) မှ တိုက်ရိုက်ကွပ်ကဲရန် အလှမ်းဝေးသော ဝေးလံခေါင်ဖျားသည့် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသည့် နယ်မြေဒေသများကို နမခ ၏ ကိုယ်စား စစ်ဦးစီး/ စစ်ရေး/ စစ်ထောက် (ဦး/ ရေး/ ထောက်) ကို ထိရောက်စွာ အုပ်ချုပ်နိုင်ရန် ဒကစ (ကလေး) ကို ထားရှိပါသည်။ အခြေချစစ်ဗျူဟာအဖွဲ့ (စဗခ) သည် စစ်တိုင်းဌာနချူပ်သို့ တိုက်ရိုက် အစီရင်ခံစာ ပေးပို့စရာမလိုတော့ဘဲ ဒကစ ဌာနချူပ်သို့ အစီရင်ခံရပါသည်။ ဗိုလ်မှူးချုပ်အဆင့် ဒေသကွပ်ကဲရေးမှူး/ဒကစမှူး (Regional Operation Commander) တစ်ဦး၏ ကွပ်ကဲမှုအောက်တွင် တပ်ရင်း ၄ ရင်းမှ ၁၀ ရင်းအထိ ရှိပါသည်။
နေပြည်တော်စစ်ရုံးချုပ်တွင် အဓိက စစ်ရုံး ၂၁ ရုံးရှိပါသည်။ မြန်မာစစ်တပ်၏ အဓိက စစ်ဆင်ရေးမှာ ကက (ကြည်း) (စစ်ဆင်ရေး) ဖြစ်သည်။ ထိုရုံးများထဲမှ ကက (ကြည်း) ကွပ်ကဲမှုတွင် ကာချုပ်၊ ဒုကာချုပ်နှင့် ကက (ကြည်း)၊ ညှိကွပ်၊ ကက (လေ) နှင့် ကက (ရေ) တို့၏ အောက်တွင် စစ်ဆင်ရေးအထူးအဖွဲ့ – ကစထ (Bureau of Special Operations – BSO) ၆ ခုကို ဖွဲ့စည်းပါသည်။ မြန်မာစစ်တပ်တွင် တိုင်းစစ်ဌာနချူပ် ၁၄ ခု ခုရှိပြီး လက်အောက်ခံ တိုင်းတပ်ရင်း ၂၄၂ ရင်းရှိပါသည်။ ကစထ တစ်ခု ကွပ်ကဲမှုအောက်တွင် တိုင်းစစ်ဌာနချူပ် ၂-၄ ခုအထိ ထားရှိပြီး ဒု-ဗိုလ်ချုပ်ကြီးအဆင့်က ကစထမှူးတာဝန်ယူ၍ ကစထများအလိုက် တိုင်းစစ်ဌာနချူပ်များကို ကွပ်ကဲရသည်။ နမခ (မုံရွာ) သည် နေပြည်တော်ရှိ ကစထ (၁) ၏ ကွက်ကဲမှုအောက်တွင် ထားရှိသည်။
နမခ (မုံရွာ) ၏ ကွပ်ကဲမှုအောက်တွင် ဒကစ (ကလေး) အပြင် စဗခ (ဟားခါး)၊ စဗခ (မတူပီ) နှင့် စဗခ (ခန္တီး) ဆိုပြီး အခြေချစစ်ဗျူဟာအဖွဲ့ ၃ ဖွဲ့ ရှိသည်။ စစ်ဗျူဟာအဖွဲ့အခြေချ (ဟားခါး) နှင့် စစ်ဗျူဟာအဖွဲ့အခြေချ (မတူပီ) တို့သည် ချင်းပြည်နယ်တွင် တိုင်းစစ်ဌာနချူပ်ကိုယ်စား အခိုင်အမာ အသေသတ်မှတ်ထားသော နမခ စစ်ဌာနချူပ်၏ အငယ်စားဖြစ်ပြီး ဒကစ (ကလေး) သည် နမခ စစ်ဌာနချူပ်၏ အလတ်စားဖြစ်သည်။ နမခ (မုံရွာ) ၏ အောက်တွင် တိုင်းတပ် ၁၇ ရင်းရှိပြီး၊ တပ်မ ၂ ခုနှင့် စကခ ၁ ခုသည် နမခ (မုံရွာ) ၏ နယ်မြေတွင်ရှိသည်။ ဗိုလ်ချုပ်အဆင့် နမခ တိုင်းမှူး (Regional Military Commander) သည် ဒကစမှူး (ကလေး) နှင့် ဗိုလ်မှူးကြီးအဆင့် ဟားခါးနှင့် မတူပီ စစ်ဗျူဟာမှူးများ/ စဗခမှူးများ (Tactical Operation Commanders) မှတဆင့် ချင်းပြည်နယ်တွင် စစ်ဆင်ရေးနယ်မြေများ သတ်မှတ်ပြီး ဦးစီးကွပ်ကဲရပါသည်။
∎ ပင်မတိုက်ခိုက်ရေးတပ်၊ ပစ်ကူအင်အားနှင့် စစ်ကောင်စီ၏ နည်းဗျူဟာအဖွဲ့ (နဗဟ)
၁၉၆၆ ခုနှစ်တွင် ခြေမြန်တပ်မဌာနချုပ်–တမခ (Light Infantry Divisions-LID) ကို တည်ထောင်သည့်နောက်ပိုင်း တပ်နယ်/မြို့စောင့်တာဝန် (garrison duty) နှင့် ရွေ့လျားစစ်ဆင်ရေး (mobile operation) ဆိုပြီး တာဝန်ခွဲဝေခဲ့ပါသည်။ တိုင်းစစ်ဌာနချုပ် (RMC) လက်အောက်ခံ တပ်ရင်းများသည် အခြေစိုက်စခန်းများ၊ ဆက်သွယ်ရေး လိုင်းများ၏ လုံခြုံရေး နှင့် နယ်မြေခံ ပြည်သူ့စစ်များလေ့ကျင့်ပေးရေးတို့ကို တာဝန်ယူပြီး၊ ခြေမြန်တပ်မဌာနချုပ် (LID) လက်အောက်ခံ တပ်ရင်းများသည် တိုက်ခိုက်ရေး (strike forces in operations) တာဝန်ကို ယူပါသည်။ လေ့ကျင့်မှု အနည်းငယ် ကွဲပြားပါသည်။
၁၉၉၀ ခုနှစ်တွင် တမခ (LID) နှင့် အသွင်တူသည့် စစ်ဆင်ရေးကွပ်ကွဲမှုစစ်ဌာနချုပ်–စကခ (Military Operation Commands–MOC) ကို ပင်မတိုက်ခိုက်ရေးတပ်အဖြစ် တိုးချဲ့ဖွဲ့စည်းပါသည်။ တမခ/စကခ တပ်များသည် နယ်မြေဒေသတစ်ခုတွင် အမြဲတမ်းတပ်စွဲခြင်းမပြုဘဲ စစ်ရေးလိုအပ်ချက်အရ နယ်မြေဒေသအသီးသီးသို့ လွယ်ကူလျင်မြန်စွာ တပ်ဖြန့်၊ရွှေ့ပြောင်း စစ်ဆင်သော ကက (ကြည်း) ၏ လက်အောက်ခံ အမာခံတိုက်ခိုက်ရေးတပ်များ (combat troops) ဖြစ်သည်။ အသွင်တူသော်လည်း စကခ (MOC) သည် တိုင်းစစ်ဌာနချုပ်များ၏ အစိတ်အပိုင်းအဖြစ် တွဲဖက်ထားပြီး တမခ (LID) မှာ ဦး၊ ရေး၊ ထောက်၊ စစ်ဘက်တရားစီရင်ရေးကိုသာ တိုင်းစစ်ဌာနချုပ်က လွှမ်းမိုးပြီး စစ်ဆင်ရေးတွင် ကက (ကြည်း) (စစ်ဆင်ရေး) က တိုက်ရိုက်ကွပ်ကဲသည်။ တမခ (LID) သည် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ နှိမ်နင်းရေးအတွက် အထူးလေ့ကျင့်သင်ကြားပေးထားသည့် အဓိက တိုက်ခိုက်ရေးတပ်များဖြစ်သည်။
လက်ရှိတွင် မြန်မာတနိုင်ငံလုံး၌ ခြေမြန်တပ်မဌာနချုပ် ၁၀ ခုနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၀ ခု ရှိပြီး တမခ/စကခ တစ်ခုစီကို ခြေလျင်၊ ခြေမြန် တပ်ရင်း ၁၀ ရင်းစီဖြင့် ဖွဲ့စည်းသည်။ ထို့ကြောင့် စစ်ကောင်စီ၏ အမာခံတိုက်ခိုက်ရေးတပ်သည် တမခ/စကခ ၃၀ မှ စုစုပေါင်း တပ်ရင်း ၃၀၀ ရင်းရှိပြီး တိုင်းစစ်ဌာနချုပ် ၁၄ ခုမှ လက်အောက်ခံ တိုင်း တပ်ရင်း ၂၄၂ ရင်းနှင့်ပေါင်းပါက မြန်မာစစ်တပ်တွင် ခြေလျင်၊ ခြေမြန် တပ်ရင်းပေါင်း ၅၄၂ ရင်း ရှိပါသည်။
တပ်မမှူး (Division Commander) နှင့် စကခမှူး (Military Operation Commander) သည် ဒကစမှူးနှင့်အဆင့်တူ ဗိုလ်မှူးချုပ်ဖြစ်ကြသော်လည်း ဒကစမှူး (Regional Operation Commander) သည် ၎င်းတို့ထက် အနည်းငယ်နိမ့်သော ရာထူးဖြစ်သည်။ ဒကစမှူးသည် တပ်ရင်း ၃ မှ ၅ ရင်းအထိ ကွပ်ကဲသော စစ်ဗျူဟာမှူး/နည်းဗျူဟာမှူး (Tactical Operation Commander) နှင့် တပ်ရင်း ၄ ရင်းမှ ၁၀ ရင်းအထိ ကွပ်ကဲသော တပ်မမှူး/စကခမှူး တို့အကြား ရာထူးဖြစ်သည်။ သို့ရာတွင် ဒကစမှူးသည် ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနှင့် စစ်ဘက်တရားစီရင်ခွင့်အာဏာများကို ကိုင်ဆောင်ထားပြီး တပ်မမှူးနှင့် စကခမှူးတွင် တရားစီရင်ရေးဆိုင်ရာ အခွင့်အာဏာမရှိပေ။ တိုင်းစစ်ဌာနချုပ်သည် မိမိ စစ်နယ်ဝှန်းအတွင်းသို့ ဝင်ရောက်လာသော တမခနှင့် စကခ ကိုလည်း ကွပ်ကဲရပြီး နမခ (မုံရွာ) ၏ နယ်မြေအတွင်းတွင် တပ်မ ၃၃ (စစ်ကိုင်းမြို့)၊ တပ်မ ၁၀၁ (ပခုက္ကူမြို့)၊ စကခ ၁၀ (ကလေးမြို့) အပြင် အမှတ် ၇၂ သံချပ်ကာစစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ်တို့ ရှိသည်။
တပ်ရင်း ၁၀ ရင်းစီရှိသော တပ်မ/စကခတစ်ခုစီတွင် တပ်ရင်း ၃ ရင်းကိုစု၍ ဗိုလ်မှူးကြီးအဆင့်တစ်ယောက်က ကွပ်ကဲသော နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ (နဗဟ) ၃ ခုစီပါရှိပြီး၊ ကျန် ၁ ရင်းကို ဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်၌ ထားရှိသည်။ အနည်းဆုံး စစ်ဦးစီးတက္ကသိုလ် တက်ရောက်ပြီးသည့် ဒု-ဗိုလ်မှူးကြီးတစ်ဦးဦးကိုသာ ယာယီ နည်းဗျူဟာမှူးအဖြစ် အစမ်းခန့်အပ်ပြီးမှ နည်းဗျူဟာမှူး/နဗဟမှူး ရာထူးသို့ တိုးမြှင့်ခန့်အပ်သည်။ တိုင်းစစ်ဦးစီးမှူး ပထမတန်းကိုလည်း ဗိုလ်မှူးကြီးအဆင့်၊ တိုင်းစစ်ဦးစီးမှူးကို ဗိုလ်မှူးချုပ်အဆင့်က တာဝန်ယူရသည်။ ဒကစမှူး၊ တပ်မမှူး၊ စကခမှူးများသည် တိုင်းမှူးအဆင့် (Regional Military Commander) သို့ တိုးမြှင့်ခံရရန် ၎င်းတို့နှင့်အဆင့်တူ ဗိုလ်မှူချုပ်များဖြစ်သည့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး (Commandant, Military Academy)၊ တိုင်းဦးစီးချုပ် (Regional Chief of Staff) နှင့် ဒုတိယတိုင်းမှူး (Deputy Regional Military Commander) တို့ထက် အခွင့်အလမ်း ပိုများသည်။ ဒေသတစ်ခုသို့ တပ်ဖြန့်ထားသော တမခ၊ စကခ တပ်ရင်းများသည် သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်၏ နေ့စဉ်စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိကြပြီး၊ ၎င်းတို့၏ အခြေစိုက်စခန်းသို့ ပြန်သွားရန် (သို့မဟုတ်) တခြား နယ်မြေဒေသသို့ ပြန်လည်တပ်ဖြန့်ရန် နေပြည်တော်ရှိ ကက (ကြည်း) (စစ်ဆင်ရေး) က ဆုံးဖြတ်ရသည်။
လက်ရှိ မြန်မာစစ်တပ်အင်အားကို တိုက်ပွဲဝင် အသင့်အနေအထားရှိသူ နှင့် မရှိသူ စုစုပေါင်း အင်အား ၁၃၀,၀၀၀ ခန့်၊ ရဲနှင့် ပြည်သူ့စစ် အရန်အင်အား ၇၀,၀၀၀ သာ ကျန်တော့သည့် အနေအထားဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) က မကြာသေးမှီတွင် သုံးသပ်ပါသည်။ မြန်မာစစ်တပ်တွင် တိုက်ပွဲဝင်နိုင်သူ စစ်အင်အား (combat soldiers) သည် ၇၀,၀၀၀ ခန့်သာရှိပါသည်။ တဖက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ကဲ့သို့သော တော်လှန်ရေးတပ်ဖွဲ့များ၏ စုစုပေါင်း အင်အားသည် ၈၅,၀၀၀ ခန့်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ (EAO) ၏ စုစုပေါင်းအင်အားသည် ၁၂၀,၀၀၀ ခန့်အထိ ကြီးထွားလာသည်ဟု USIP က ဆိုပါသည်။
ထို့အပြင် ကက (ကြည်း) မြေပြင်စစ်ဆင်ရေးအား အဓိက ပစ်ကူပေးနိုင်သည့် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၁၀ ခုနှင့် အမြောက် တပ်ရင်း ၁၀၅ ရင်းရှိသည်။ သံချပ်ကာစစ်ဆင်ရေးဌာနချုပ် ၅ ခုနှင့် တင့်ကားတပ်ရင်း ၁၁ ရင်း၊ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း ၁၁ ရင်း ရှိသည်။
ထို့ပြင် လေတပ်စခန်းဌာနချုပ် ၁၀ ခုရှိပြီး မင်္ဂလာဒုံ၊ မှော်ဘီ၊ မကွေး၊ မိတ္ထီလာ၊ တံတားဦး၊ တောင်ငူ၊ မြစ်ကြီးနား လေတပ်စခန်းများကို အများဆုံးအသုံးပြုသည်။ လေယာဉ်မျိုးစုံ ၁၄၈ စင်းနှင့် ရဟတ်ယာဉ်မျိုးစုံ ၈၃ စင်းရှိသည်ဟု ဆိုပါသည်။ သို့သော် စစ်မြေပြင်တွင် တကယ်တမ်း အသုံးပြုနိုင်သည့် ဆယ်ဂဏန်းအချို့သာရှိမည်ဟု ခန့်မှန်းကြပါသည်။ ရေတပ်စခန်းဌာနချုပ် ၆ ခုရှိပြီး ရေငုပ်သင်္ဘော ၂ စီး၊ စစ်သင်္ဘောကြီး ၁ စီး၊ ဖရီးဂိတ်အမျိုးအစား ၄ စီးအပါအဝင် စစ်ရေယာဉ်အစီး ၁၇၂ စီး၊ ကင်းထောက်လေယာဉ် ၆ စင်းနှင့် ရဟတ်ယာဉ် ၅ စင်းရှိသည်ဟု ဆိုပါသည်။
မြန်မာစစ်တပ်၏ လေတပ် အင်အား ၂၃,၀၀၀ ခန့်၊ ရေတပ် အင်အား ၁၉,၀၀၀ ခန့်၊ အမြောက်တပ် အင်အား ၁၉,၀၀ဝ ခန့်ကို ပေါင်းပါက စုစုပေါင်း ပစ်ကူစစ်အင်အားသည် ၆၁,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းကြပါသည်။ ချင်းပြည်နယ်အနီးရှိ နမခနယ်မြေတွင် အမြောက်တပ်ရင်းကို ကလေး၊ ဂန့်ဂေါ ၊ ကျောက်ထု၊ အရာတော်၊ မုံရွာတို့တွင် အခြေစိုက်ပါသည်။ ချင်းပြည်နယ်အတွင်း တင့်ကားနှင့် သံချပ်ကာတပ်ရင်း မရှိသည့်အပြင် အသုံးပြုရန်လည်း မလွယ်ပေ။ လေကြောင်းအသုံးပြုရန်အတွက် ချင်းပြည်နယ်အနီးရှိ ကလေးနှင့် ကျောက်ထုတို့တွင် လေယာဉ်ကွင်းများရှိပြီး မကွေးနှင့် မိတ္ထီလာအခြေစိုက် လေတပ်စခန်းဌာနချုပ်များမှ လေကြောင်းစစ်ကူပေးရန် လွယ်ကူပါသည်။
အလေးပေးဖော်ပြလိုသည်မှာ “နဗဟ” သည် ပင်မတိုက်ခိုက်ရေးတပ်ဖြစ်၍ စစ်ရေးလိုအပ်ချက်အရ ဒေသအသီးသီးသို့ လျင်မြန်စွာ ရွှေ့ပြောင်းတပ်ဖြန့်သည့် တပ်မဌာနချုပ်နှင့် စကခ ဌာနချုပ်အောက်က “နည်းဗျူဟာအဖွဲ့” ဖြစ်ပြီး၊ “စဗခ” သည် အရေးပါသောနယ်မြေများတွင် အသေသတ်မှတ်ချထားသော တိုင်းစစ်ဌာနချူပ်အောက်က “စစ်ဗျုဟာအဖွဲ့” ဖြစ်သည်။ လက်ရှိ ချင်းပြည်စစ်ဆင်ရေးတွင် နည်းဗျူဟာအဖွဲ့ (နဗဟ) ထပ်ဖြည့်သည့် အခြေအနေ အသေးစိပ် မသိရသော်လည်း ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် စစ်ဗျုဟာအဖွဲ့အခြေချ (စဗခ) တစ်ဖွဲ့စီ အခိုင်အမာ အသေသတ်မှတ်ထားရှိ၍ တပ်အင်အားများ ဖြည့်တင်းခဲ့သည်ကို တွေ့ရသည်။ တိုက်ရည်ခိုက်ရည်နှင့် ရက်စက်အကြမ်းတမ်းဆုံးတပ်များဟု သတ်မှတ်ကြသော တပ်မဌာနချုပ် (LID) အပြင် စကခ ဌာနချုပ် (MOC) မှ ပင်မတိုက်ခိုက်ရေးတပ်ရင်းများကို ရင်ဆိုင်တိုက်ခိုက် နိုင်ရေး၊ မနိုင်ရေးသည် နောက်ဆုံးတွင် မင်းအောင်လှိုင် ဦးဆောင်သော နစက စစ်ကောင်စီ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးရမည်ဖြစ်သည်။
∎ ချင်းပြည်နယ် အခြေစိုက် တပ်ရင်းများနှင့် တပ်စုဖွဲ့မှု အင်္ဂါရပ်
ချင်းပြည်နယ်တွင် ဟားခါးအခြေစိုက် အမှတ် (၂၆၆) ခြေလျင်တပ်ရင်း၊ ဖလမ်းအခြေစိုက် အမှတ် (၂၆၈) ခြေလျင်တပ်ရင်း၊ တီးတိန်အခြေစိုက် အမှတ် (၂၆၉) ခြေလျင်တပ်ရင်း၊ မတူပီအခြေစိုက် အမှတ် (၁၄၀) ခြေလျင်တပ်ရင်းနှင့် အမှတ် (၃၀၄) ခြေမြန်တပ်ရင်း၊ မင်းတပ်ခြေစိုက် အမှတ် (၂၇၄) ခြေလျင်တပ်ရင်းတို့ အခိုင်အမာချထားပြီး၊ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၆ ရင်း (နပခ အောက် ပလက်ဝအခြေစိုက် တပ်ရင်းမပါ) ရှိပါသည်။
ခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်းဟု ခွဲထားသော်လည်း စွမ်းဆောင်ရည်က မခြားနားပေ။ သုံးရင်း တစ်ဗျူဟာစနစ်ဖြင့် ချင်းပြည်နယ် မြောက်ပိုင်းတွင် အခြေချစစ်ဗျူဟာ (ဟားခါး) ၏ ကွပ်ကဲမှုအောက်တွင် တပ်ရင်း ၃ ရင်း၊ ချင်းပြည်နယ်တောင်ပိုင်း၌ အခြေချစစ်ဗျူဟာ (မတူပီ) ၏ ကွပ်ကဲမှုအောက်တွင် တပ်ရင်း ၃ ရင်း ထားရှိပြီး စစ်တပ်စခန်း ၅၃ ခန့် ရှိပါသည် ။ ဖလမ်းအခြေစိုက် ခလရ (၂၆၈) တပ်ရင်းသည် ဒကစ (ကလေး) မှ တိုက်ရိုက်ကွပ်ကဲသော လက်အောက်ခံတပ်ရင်းဖြစ်သည်ဟု ပြောဆိုမှုလည်း ရှိပါသည်။
မြန်မာ့စစ်တပ်ဖွဲ့စည်းပုံသည် တပ်စိတ်/တပ်စု/တပ်ခွဲ/တပ်ရင်း/ဗျူဟာ/တပ်မ (စိတ်/စု/ခွဲ/ရင်း/ဗျူဟာ/မ) စသဖြင့် ဖွဲ့စည်းထားရာ တပ်ရင်းတစ်ရင်း၏ တရားဝင် ဖွဲ့စည်းပုံအင်အားမှာ အရာရှိ ၃၁ ဦး၊ အခြားအဆင့် ၈၂၆ ဦး၊ စုစုပေါင်း ၈၅၇ ဦး ရှိပါသည်။ သို့ရာတွင် တပ်ရင်းများ၏ ပျမ်းမျှ စစ်အင်အားမှာ ၁၉၈၈ ခုနှစ်တွင် ၆၇၀ ဦးမှ ၁၉၉၈ ခုနှစ်တွင် ၃၅၀ ဦးအထိ၊ ၂၀၀၈ ခုနှစ်တွင် ၂၅၀ ဦးအထိ သိသိသာသာ ကျဆင်းလာခဲ့သည်။ လက်ရှိတွင် တပ်ရင်းတစ်ရင်း၌ ပျမ်းမျှ စစ်အင်အားမှာ ၂၀၀ အောက်သာရှိပြီး အများစုမှာ အင်အား ၁၅၀ အောက်တွင်ရှိသည်ဟု စစ်ရေးသုတေသီများက ဆိုကြပါသည်။ ထို့ကြောင့် ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ တပ်ရင်းတစ်ရင်း ပျမ်းမျှ လူအင်အားကို ၁၅၀ နှင့် တွက်ပါက ၉၀၀ ခန့်၊ ပျမ်းမျှ လူအင်အား ၂၀၀ နှင့်တွက်ပါက စစ်အင်အားသည် ၁၂၀၀ ခန့် (ပလက်၀ဒေသမပါ) ရှိမည်ဖြစ်သည်။ တပ်ရင်းတစ်ရင်းကို ဒု-ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး (Battalion Commander) တစ်ဦးက ဦးစီးကွပ်ကဲရပါသည်။
ထို့ကြောင့် ချင်းပြည်နယ် စစ်ဆင်ရေးကို ကွပ်ကဲမှုဖွဲ့စည်းပုံအရ ဗိုလ်မှူးကြီးအဆင့် (အခြေချ) စစ်ဗျူဟာမှူး ၂ ဦး၏ ကြီးကြပ်မှုအောက်တွင် ဒု-ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး ၆ ယောက်က တပ်ရင်း ၆ ရင်းကို ကွပ်ကဲပြီး ၎င်းတို့အထက်တွင် ဗိုလ်မှူးချုပ်အဆင့် ဒကစမှူး (ကလေး)၊ ဗိုလ်ချုပ်အဆင့် နမခ တိုင်းမှူး (မုံရွာ)၊ ကစထ-၁ (နေပြည်တော်) မှ ဒု-ဗိုလ်ချုပ်ကြီးအဆင့် ကစထမှူး၊ ၎င်း အထက်တွင် ဗိုလ်ချုပ်ကြီးအဆင့် ညှိကွပ် (JCS)၊ ဒု-ဗိုလ်ချုပ်မှူးကြီးအဆင့် ဒုကာချုပ် (Dy. C-in-C) နှင့် ဗိုလ်ချုပ်မှူးကြီးအဆင့် ကာချုပ် (C-in-C) စသဖြင့် အဆင့်ဆင့် ကွပ်ကဲရပါသည်။ ညှိကွပ်မှတဆင့် တတပ်လုံးကို တပ်ချုပ်က ချုပ်ကိုင်ထားပါသည်။ ချင်းပြည်အနှံ့ စစ်ဆင်ရေးကို နမခ ဒု-တိုင်းမှူးကိုယ်တိုင်က အနီးကပ် ကြီးကြပ်သည်ဟု ဆိုကြပါသည်။ လက်ရှိတွင် တပ်မ ၃၃ တပ်မမှူးဖြစ်ခဲ့သူ နမခမှ ဗိုလ်မှူးချုပ်တစ်ဦးနှင့် ဗိုလ်မှူးကြီးအဆင့် နယ်လုံဝန်ကြီးတို့က (ဟားခါးအခြေချ) စစ်ဗျူဟာမှူးနှင့်အတူ ဟားခါး စစ်ဗျုဟာကုန်း၊ ပြည်နယ်မြို့တော်မှာထိုင်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
ကာချုပ် ခွင့်ပြုချက်ဖြင့် ဒု-ကာချုပ်အမိန့်ဖြင့်သာ ကက (ကြည်း) မှ လိုအပ်ချက်အရ နယ်မြေအသီးသီးတွင် အင်အားဖြည့် တပ်ဖြန့်လေ့ရှိသည့် တမခ (LID) နှင့် စကခ (MOC) မှ ပင်မတပ်ခိုက်ရေးတပ်များကို ချင်းပြည်နယ်တွင် ဖြန့်ကြက် တပ်ဖြည့်ခြင်း အတိုင်းအတာအသေးစိပ် မသိရသော်လည်း ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်း များ၊ ပဲခူးအခြေစိုက် တပ်မ ၇၇ နှင့် ဘားအံမြို့ အခြေစိုက်တပ်မ ၂၂ လက်အောက်ခံတပ်ရင်းများ ဖြည့်တင်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ရေးမြို့အခြေစိုက် အမှတ် (၁၉) စကခမှ တပ်ရင်းနှင့် ဟုမ္မလင်းအခြေစိုက် ခလရ ၂၂၂ တပ်ရင်းအပြင် ထန်တလန်မြို့တွင် တပ်မ ၁၁ နှင့် တပ်မ ၈၈ လက်အောက်ခံ တပ်တချို့လည်း ထုတ်နုတ်သုံးခဲ့သည်ဟု သိရသည်။ မူအရ တိုင်းတပ်ရင်းများနှင့် ရင်ဆိုင်နိုင်ခြင်းမရှိပါက ဦးစွာအားဖြင့် တပ်ရင်းတရင်း၊ နှစ်ရင်း ဖြည့်တင်းပေးပြီး ရင်ဆိုင်စေကာ မရပါက တမခနှင့် စကခမှ နည်းဗျူဟာအဖွဲ့ တစ်ခုနှစ်ခု (တပ်ရင်း ၃–၆ ရင်းအထိ) မှသည် တပ်မ၊ စကခ တခုလုံးအထိ တပ်ဖြန့်ပြီး စစ်ဆင်ရေးတာဝန်ယူစေရပါသည်။ ထို့ကြောင့် တမခနှင့် စကခများသည် မည်သည့်စစ်တိုင်းတွင် ရှိနေစေကာမူ စစ်ဆင်ရေးလိုအပ်သည့် စစ်တိုင်းများသို့ သွားရောက်တာဝန်ယူရသည့် ပင်မတိုက်ခိုက်ရေးတပ် (strike forces in operations) များဖြစ်သည်။
ထူးခြားသည်မှာ ပလက်၀ဒေသကို ကစထ (၁) လက်အောက်ခံ နမခ (မုံရွာ) ၏ နယ်မြေ ချင်းပြည်နယ်အတွင်း၌ မထားရှိဘဲ ကစထ (၃) လက်အောက်ခံ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် နပခ၏ နယ်မြေအတွင်းတွင် ထားရှိပြီး၊ ပလက်ဝအခြေစိုက် ခလရ (၂၈၉) တပ်ရင်းဌာနချုပ်ကို ထိုကွပ်ကဲမှုအောက်၌ ထားရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ပလက်ဝအခြေစိုက် ခလရ (၂၈၉) တပ်ရင်းကို ချင်းပြည်နယ်တွင် ထည့်တွက်ပါက တပ်ရင်းဌာနချုပ် (၇) ရင်းရှိသည်ဟု ဆိုရပါမည်။ ပလက်၀မြို့နယ်သည် အစိုးရအုပ်ချုပ်မှုစနစ်အရ ချင်းပြည်နယ်၊ မတူပီခရိုင်အောက်တွင် ထားရှိသော်လည်း မြန်မာစစ်တပ် ကွပ်ကဲမှုဖွဲ့စည်းပုံအရ ချင်းပြည်တောင်ပိုင်း မတူပီအခြေစိုက် အခြေချစစ်ဗျူဟာအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် မထားရှိပါ။ နပခ၏ ကွပ်ကဲမှုအောက်ရှိ ရခိုင်ပြည်နယ်ထဲတွင် ရှိပါသည်။ ဤအချက်ကြောင့် CNF သည် ဦးသိန်းစိန်အစိုးရအား ငြမ်းချမ်းရေးဆွေးနွေးပွဲတွင် ပလက်၀ဒေသ၌ အခြေချရန် တင်ပြတောင်းဆိုခဲ့သော်လည် စစ်ရေးအရ အဆင်မပြေမှုရှိပြီး ငြင်းပယ်ခဲ့ခြင်းဖြစ်နိုင်ပါသည်။ ဤသို့သော စစ်နယ်မြေစု ဖွဲ့မှုအင်္ဂါရပ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ ဖွဲ့စည်းပုံအားလုံးကို ဖျက်ဆီးချေမှုန်းမည်ဆိုပါက နပခ၏ လက်အောက်ခံ ပလက်၀ဒေသသည် အာရက္ခတပ်တော် (AA) အတွက် စစ်ရေးဗျူဟာအရ အရေးပါသော ပစ်မှတ်ဧရိယာတစ်ခုအဖြစ် မလွှဲမရှောင်သာ ပါဝင်ရခြင်းဖြစ်နိုင်ပါသည်။ ကစထ ဖွဲ့စည်းရခြင်းမှာ စစ်တိုင်းဌာနချုပ်တစ်ခုနှင့် တစ်ခုအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်ဖြစ်သော်လည်း ကစထ (၁) နှင့် ကစထ (၃) တို့၏ သီးခြား စစ်နယ်မြေ ဒေသနှစ်ခုအဖြစ် ပိုင်းခြားခံထားရသည့် ချင်းပြည်အတွင်း စစ်ဆင်ရေးကို မည်ကဲ့သို့ ကစထမှူးအဆင့်တွင် စစ်ရေးပူးပေါင်းညှိနှိုင်းကြသည်မှာ စဉ်းစားစရာဖြစ်ပါသည်။
∎ နိဂုံးချုပ်
မြန်မာ့စစ်တပ်၏ ကွပ်ကဲမှုဖွဲ့စည်းပုံအရ တပ်ရင်းဌာနချုပ် (Battalion Headquarters) ကို တပ်ရင်းမှူးအဖြစ် ဒု-ဗိုလ်မှူးကြီး အဆင့်၊ လူပ်ရှားစစ်ဗျုဟာအဖွဲ့၊ (အခြေချ) စစ်ဗျူဟာအဖွဲ့၊ နည်းဗျူဟာအဖွဲ့ (Tactical Operation Commands-TOC) ကို စစ်ဗျုးဟာမှုး/ နည်းဗျုဟာမှူးအဖြစ် ဗိုလ်မှူးကြီးအဆင့်၊ ဒေသကွပ်ကဲမှု ဌာနချုပ်များ (Regional Operation Commands) ကို ဒကစမှူးအဖြစ် ဗိုလ်မှူးချုပ်အဆင့်၊ ခြေမြန်တပ်မဌာနချုပ်များ (Light Infantry Divisions-LID) နှင့် စကခ ဌာနချုပ်များ (Milittary Operation Commands-MOC) များကို တပ်မမှူး/စကခမှူးအဖြစ် ဗိုလ်မှူးချုပ်အဆင့်၊ တိုင်းစစ်ဌာနချုပ်များ (Regional Military Commands) များကို တိုင်းမှူးအဖြစ် ဗိုလ်ချုပ်အဆင့်၊ စစ်ဆင်ရေးအထူးအဖွဲ့ ( Bureau of Special Operation) ကို ကစထမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီး အဆင့်၊ စသဖြင့် အဆင့်ဆင့် စုဖွဲ့ကွပ်ကဲဲရသည်။ ဗိုလ်ချုပ်ကြီးအဆင့်တွင် ညှိကွပ်၊ ကက (လေ)၊ ကက (ရေ) နှင့် ကာကွယ်ရေးဝန်ကြီးတို့ ၄ ဦးရှိပြီး၊ ဗိုလ်ချုပ်မှူးကြီးနှင့် ဒု-ဗိုလ်ချုပ်မှူးကြီးအဆင့်များဖြင့် ကာချုပ်နှင့် ဒု-ချုပ်တို့က အားလုံးကို ကွပ်ကဲရသည်။
ထို့ကြောင့် စစ်ကောင်စီ ပြုတ်ကျရေးကို ဖော်ဆောင်ရာတွင် မြို့သိမ်းတိုက်ပွဲဟုဆိုရာ၌ မြန်မာ့စစ်တပ်၏ အဓိက မောင်းနှင်အားဖြစ်သော အထိုင်တပ်ရင်းဌာနချုပ်များ (Battalion Headquarters) ကို သိမ်းပိုက်နိုင်ရေးက အဓိက အခြေခံအကျဆုံးဖြစ်သည်။ အထူးသဖြင့် စစ်အင်အား ၇၀,၀၀၀ ဝန်းကျင်ခန့်ရှိသော ခြေမြန်တပ်မဌာနချုပ်များ (LID) နှင့် စစ်ဆင်ရေးဌာနချုပ်များ (MOC) တို့မှ အမာခံတိုက်ခိုက်ရေးတပ်ရင်း (combat troops) များကို အနိုင်ယူ သုတ်သင်ချေမှုန်းနိုင်ရေးက အရေးကြီးဆုံးဖြစ်သည်။
ချင်းပြည်နယ် မကျစေရေးအတွက် စစ်ကောင်စီသည် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ နှိမ်နင်းချေမှူန်းရေးအတွက် အထူးလေ့ကျင့်ပေးထားသည့် ရက်စက်ကြမ်းတမ်းသော ခြေမြန်တပ်မများမှ ပင်မတက်ခိုက်ရေးတပ်များကို ခေါ်ယူ အင်အားဖြည့် ထုတ်သုံးနေသည်ကို တွေ့ရသည်။ တပ်မ ၃၃ တပ်မမှူးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်အဆင့် နမခ ဒု-တိုင်းမှူး ကိုယ်တိုင်က စစ်ဆင်ရေးကို အနီးကပ် ကွက်ကဲနေပါသည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး၊ မကင်းစင်ရေးသည် ချင်းပြည်နယ်တောင်ပိုင်းတွင် ကျန်နေသေးသော တပ်ရင်း ၁ ရင်းနှင့် မြောက်ပိုင်းတွင် စစ်ဗျုဟာ (အခြေချ) ဟားခါးအပြင် ၎င်း၏ လက်အောက်ခံတပ်ရင်း ၃ ရင်းကို ဘယ်တော့ ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ သိမ်းပိုက်နိုင်မည်နည်း ဆိုသည့်အပေါ်မှာ များစွာ မူတည်နေပါသည်။
(ဆက်ရန်)
ကိုးကားစာရင်း [Reference List]
Aye Chain Suu (2023). 𝐴𝑛𝑎𝑙𝑦𝑧𝑖𝑛𝑔 𝑡ℎ𝑒 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝐴𝑟𝑚𝑦 [Part 1, Part 2, Part 3]. The Irrawaddy. (In Burmese!)
Callahan, M.P. (2005). 𝑀𝑎𝑘𝑖𝑛𝑔 𝐸𝑛𝑒𝑚𝑖𝑒𝑠: 𝑊𝑎𝑟 𝑎𝑛𝑑 𝑆𝑡𝑎𝑡𝑒 𝐵𝑢𝑖𝑙𝑑𝑖𝑛𝑔 𝑖𝑛 𝐵𝑢𝑟𝑚𝑎. Ithaca: Cornell Univ. Press.
Myoe, M.A. (2009). 𝐵𝑢𝑖𝑙𝑑𝑖𝑛𝑔 𝑡ℎ𝑒 𝑇𝑎𝑡𝑚𝑎𝑑𝑎𝑤: 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝐴𝑟𝑚𝑒𝑑 𝐹𝑜𝑟𝑐𝑒𝑑 𝑆𝑖𝑛𝑐𝑒 1948. Singapore: Institute of Southeast Asian Studies.
Phone, K.Y. (2020). 𝑇ℎ𝑒 𝐷𝑒𝑣𝑒𝑙𝑜𝑝𝑚𝑒𝑛𝑡 𝑜𝑓 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝑁𝑎𝑖𝑛𝑔-𝑁𝑔𝑎𝑛-𝑇𝑎𝑤 𝑊𝑎𝑟𝑑𝑎(𝑠): 𝑃𝑜𝑙𝑖𝑡𝑖𝑐𝑎𝑙 𝑆𝑜𝑐𝑖𝑎𝑙𝑖𝑧𝑎𝑡𝑖𝑜𝑛, 𝑡ℎ𝑒 𝑆𝑡𝑟𝑢𝑐𝑡𝑢𝑟𝑒 𝑜𝑓 𝐶𝑖𝑣𝑖𝑙-𝑀𝑖𝑙𝑖𝑡𝑎𝑟𝑦 𝑅𝑒𝑙𝑎𝑡𝑖𝑜𝑛𝑠, 𝑎𝑛𝑑 𝑡ℎ𝑒 𝑅𝑜𝑙𝑒 𝑜𝑓 𝑇𝑎𝑡𝑚𝑎𝑑𝑎𝑤 𝑆𝑖𝑛𝑐𝑒 𝑡ℎ𝑒 𝑆𝑒𝑐𝑜𝑛𝑑 𝑊𝑜𝑟𝑙𝑑 𝑊𝑎𝑟. PhD Thesis.
Selth, A. (1996). 𝑇𝑟𝑎𝑛𝑠𝑓𝑜𝑟𝑚𝑖𝑛𝑔 𝑡ℎ𝑒 𝑇𝑎𝑡𝑚𝑎𝑑𝑎𝑤: 𝑇ℎ𝑒 𝐵𝑢𝑟𝑚𝑒𝑠𝑒 𝐴𝑟𝑚𝑒𝑑 𝐹𝑜𝑟𝑐𝑒𝑠 𝑆𝑖𝑛𝑐𝑒 1988. Number no. 113. Canberra: Strategic and Defence Studies Centre, Australian National University.
Ye Myo Hein (2023). 𝑀𝑦𝑎𝑛𝑚𝑎𝑟’𝑠 𝑀𝑖𝑙𝑖𝑡𝑎𝑟𝑦 𝐼𝑠 𝑆𝑚𝑎𝑙𝑙𝑒𝑟 𝑇ℎ𝑎𝑛 𝐶𝑜𝑚𝑚𝑜𝑛𝑙𝑦 𝑇ℎ𝑜𝑢𝑔ℎ𝑡 — 𝑎𝑛𝑑 𝑆ℎ𝑟𝑖𝑛𝑘𝑖𝑛𝑔 𝐹𝑎𝑠𝑡. The United States Institute of Peace (USIP)
Ye Myoe Hein (2024). 𝑁𝑖𝑛𝑒 𝑇ℎ𝑖𝑛𝑔𝑠 𝑡𝑜 𝐾𝑛𝑜𝑤 𝐴𝑏𝑜𝑢𝑡 𝑀𝑦𝑎𝑛𝑚𝑎𝑟’𝑠 𝐶𝑜𝑛𝑓𝑙𝑖𝑐𝑡 𝑇ℎ𝑟𝑒𝑒 𝑌𝑒𝑎𝑟𝑠 𝑂𝑛. The United States Institute of Peace (USIP)