ရေး – Salai Van Lian Thang
∎ ချင်းပြည်နယ်တွင် သိမ်းပိုက်ပြီးသော စစ်ကောင်စီ၏ တပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲ
ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့သည် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို ကွပ်ကဲသော မတူပီအခြေစိုက် စစ်ဗျူဟာအဖွဲ့ (အခြေချ) အပြင် ၎င်း၏ လက်အောက်ခံ တပ်ရင်းဌာနချုပ်များဖြစ်သည့် အမှတ် (၃၀၄) ခြေမြန်တပ်ရင်း၊ အမှတ် (၁၄၀) ခြေလျင်တပ်ရင်းနှင့် ခရိုင်ရုံးစိုက်ရာ မတူပီမြို့ကို အပြီးအပိုင် ထိန်းချုပ်သိမ်းပိုက်ခဲ့ပါသည်။ ဟောင်ဝစ်ဇာ အမြောက်အပါဝင် လေယာဉ်ပစ် စက်သေနတ်ကြီးများနှင့် လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အမြားကိုလည်း သိမ်းဆည်းထားကြသည်။ ယင်းသည် ရှည်လျားလှသော ချင်းတော်လှန်ရေးသမိုင်းကြောင်းတွင် မကြုံစဖူး ကြီးမားသော အောင်မြင်မှုကြီးဖြစ်သည်။
တပ်စုဖွဲ့မှုအင်္ဂါရပ်အရ သိမ်းပိုက်ထားသော မတူပီစစ်ဗျူဟာတွင် ဗိုလ်မှူးကြီးအဆင့် (အခြေချ) စစ်ဗျူဟာမှူးတစ်ဦး၊ ဒု-ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး ၂ ဦးအပြင် စစ်ဒေသအသီးသီးမှ ပူးပေါင်းလာသူများနှင့် ပေါင်းပါ စစ်အင်အား ၃၀၀ မှ ၆၀၀ အထိ ရှိနိုင်ပါသည်။ ထွတ်ပြေးကြသည့် (အခြေချ) စစ်ဗျူဟာမှူးနှင့် တပ်ရင်းမှူး ၂ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု ချင်းညီနောင်အဖွဲ့က ဆိုထားပါသည်။ တပ်ရင်း ၃ ရင်းကို ကွပ်ကဲသည့် အခိုင်အမာ အသေသတ်မှတ် တည်ဆောက်ထားသော အခြေချစစ်ဗျုဟာအဖွဲ့ (စဗခ) တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရေးက လွယ်ကူစွာ လုပ်လို့ရသည့် အရာမျိုးမဟုတ်ပေ။ ငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အားများစွာ ပေးဆပ်မှုဖြင့် အသက်၊ သွေး၊ ချွေးများစွာရင်းပြီးမှ ခက်ခက်ခဲခဲ ရတာမျိုးဖြစ်ပါသည်။ NUG အစိုးရ၏ ဒုကာကွယ်ရေးဝန်ကြီးက မတူပီမြို့သိမ်းတိုက်ပွဲအောင်မြင်မှုကို တွေ့ရသည့်အခါ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျခဲ့ရတယ်လို့ ဆိုပါသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပလက်ဝအခြေစိုက် ခလရ (၂၈၉) တပ်ရင်းဌာနချုပ် ကျသွားပြီးဖြစ်သည့်အပြင် ချင်းပြည်တောင်ပိုင်း၏ အကြီးဆုံး အခြေချစစ်ဗျုဟာအဖွဲ့ (Tactical Operation Command–Matupi) လည်း ပျက်သုန်းသွားပြီးဖြစ်သောကြောင့် “၂၀၂၄ ခုနှစ်တွင် ချင်းပြည်တခွင် စစ်ကောင်စီ ကင်းစင်ရေး” ကို ကြွေးကြော်နေသော ချင်းညီနောင် မဟာမိတ်တပ်ပေါင်းစုအတွက် ချင်းပြည်နယ် တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီကင်းစင်သည့် နယ်မြေဒေသ ဖြစ်လာနိုင်ချေ များလာပါပြီ။ သို့ရာတွင် စစ်အင်အား အဆမတန် ဖြည့်တင်းထားသည့် မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်ရင်း သိမ်းပိုက်ရေးသည်လည်း မတူပီစစ်ဆင်ရေးနည်းတူ ပေးဆပ်မှုများစွာဖြင့် စစ်ဗျူဟာကျကျ ရင်ဆိုင်ရန် လိုအပ်မှာဖြစ်သည်။
ချင်းပြည်နယ်တွင် ခရိုင် ၄ ခု၊ မြို့နယ် ၉ မြို့နယ်၊ မြို့ ၂၀ မြို့ ရှိပါသည်။ စစ်တပ်မှ မြို့ ၃ မြို့ကို စွန့်ခွာခဲ့ပြီး ချင်းပြည်နယ် တောင်ပိုင်းတွင် ၇ မြို့၊ မြောက်ပိုင်းတွင် ၆ မြို့ – စုစုပေါင်း မြိုက ၁၃ မြို့ကို သိမိးပိုက်ပြီးဖြစ်ပါသည်။ ချင်းပြည်နယ် တွင် အခြေချစစ်ဗျုဟာအဖွဲ့ ၂ ဖွဲ့၊ တပ်ရင်းဌာနချုပ် ၇ ရင်း (ပလက်၀အခြေစိုက် တပ်ရင်း
အပါဝင်) နှင့် အပြောင်းအလဲအချို့ရှိသည့်အတွက် စစ်တပ်စခန်းပေါင်း ၅၄ ခန့် ရှိပါသည် (အပြောင်းအလဲရှိနိုင်)။ လက်ရှိတွင် ချင်းတော်လှန်ရေး တပ်ဖွဲ့များက အခြေချစစ်ဗျုဟာ ၁ ဖွဲ့၊ တပ်ရင်း ၂ ရင်း၊ ရဲနှင့်တပ်စခန်း ၂၅ ခုကျော်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲဲ့ပြီး၊ ရဲနှင့်တပ်စခန်း ၁၂ ခုကို စစ်တပ်မှ စွန့်ခွာခဲ့ပါသည်။ အာရက္ခတပ်တော် (AA) က ပလက်၀အခြေစိုက် တပ်ရင်းအပါအဝင် ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကို သိမ်းပိုက်ခဲ့ပါသည်။ လက်ရှိတွင် မြို့ (၇) မြို့၊ စစ်ဗျုဟာ ၁ ခု၊ တပ်ရင်း ၄ ရင်းနှင့် တပ်စခန်း အနည်းငယ်သာ သိမ်းပိုက်ရန် ကျန်ပါတော့သည်။
‣ သိမ်းပိုက်ခဲ့သော မြို့များ
(၁) မကွီအိမ်နူးမြို့ (၂၄.၇.၂၀၂၁)
(၂) ရိခေါဒါရ်မြို့ (၁၄.၁၁.၂၀၂၃)
(၃) လိုင်လင်းပီမြို့ (၂၄.၁၁.၂၀၂၃)
(၄) ရေဇွာမြို့ (၂၉.၁၁.၂၀၂၃)
(၅) ပလက်၀မြို့ (၁၄.၁.၂၀၂၄ တွင် AA မှ သိမ်းပိုက်)
(၆) ဆမီးမြို့ (၁၄.၁.၂၀၂၄ တွင် AA မှ သိမ်းပိုက်)
(၇) ကျင်ဒွေးမြို့ (၂၉.၄.၂၀၂၄)
(၈) ကျီခါးမြို့ (၁၉.၅.၂၀၂၄)
(၉) တွန်းဇံမြို့ (၂၃.၅.၂၀၂၄)
(၁၀) မတူပီမြို့ (၂၉.၆.၂၀၂၄)။
‣ စစ်တပ်မှ စွန့်ခွာခဲ့သော မြို့များ
(၁) ဆူရ်ခွါးမြို့
(၂) နှာရိန်မြို့
(၃) ဝေဘူလမြို့။
‣ သိမ်းပိုက်ခဲ့သော စစ်ဗျူဟာအဖွဲ့
(၁) မတူပီစစ်ဗျုဟာအဖွဲ့ (အခြေချ) (၂၉.၆.၂၀၂၄ တွင် ချင်းညီနောင်စစ်ဆင်ရေး က သိမ်းပိုက်)
‣ သိမ်းပိုက်ခဲ့သော တပ်ရင်းဌာနချုပ်များ
(၁) ပလက်၀မြို့ အခြေစိုက် (၂၈၉) ခြေလျင်တပ်ရင်း ( ၁၃.၁.၂၀၂၃ တွင် AA က သိမ်းပိုက်)
(၃) မတူပီ အခြေစိုက် အမှတ် (၃၀၄) ခြေမြန်တပ်ရင်း (၁၇.၆.၂၀၂၄ တွင် ချင်းညီနောင်စစ်ဆင်ရေးက သိမ်းပိုက်)
(၂) မတူပီ အခြေစိုက် အမှတ် (၁၄၀) ခြေလျင်တပ်ရင်း (၂၉.၆.၂၀၂၄ တွင် ချင်းညီနောင် စစ်ဆင်ရေးက သိမ်းပိုက်)
‣ သိမ်းပိုက်ခဲ့သော ရဲနှင့် တပ်စခန်းများ
(၁) မကွီးအိမ်နူး (Makuiimnu) ရဲနှင့် တပ်စခန်း (၂၄.၇.၂၀၂၁)
(၂) လုံးလဲန် တပ်စခန်း (၁၁.၁၁.၂၀၂၁)
(၃) ထန်ထလန် မြို့မရဲစခန်း (၈.၂.၂၀၂၃)
(၄) ဗါရ်း တပ်စခန်း (၁၀.၄.၂၀၂၃။ စစ်တပ်ပြန်လည်နေရာယူကာ ၁၅.၁၁.၂၀၂၃ တွင် ပြန်စွန့်ခွာ)
(၅) ခမ်းပါတ်ရဲနှင့် တပ်စခန်း (၁၁.၁၁.၂၀၂၃။ စခန်း သိမ်းပွဲတွင် CNDF ရဲဘော်များ ပါဝင်)
(၆) တရွန်အိုင်ဗျုဟာကုန်းစခန်း (၁၃.၁၁.၂၀၂၃။ MDF ရဲဘော်များပါဝင်တိုက်ခိုက်)
(၇) ရိဒ်ခေါဒါရ် တပ်စခန်း (၁၄.၁၁.၂၀၂၃)
(၈) တီအိုချောင်း တပ်စခန်း (၁၄.၁၁.၂၀၂၃)
(၉) သီးဘွာလ် တပ်စခန်း (၁၅.၁၁.၂၀၂၃)
(၁၀) ကနေဒီတောင် တပ်စခန်း (၂၁.၁၁.၂၀၂၃)
(၁၁) ထင်းရှူး တပ်စခန်း (၂၁.၁၁.၂၀၂၃)
(၁၂) လိုင်းလင်ပီ တပ်စခန်း (၂၄.၁၁.၂၀၂၃)
(၁၃) ရေဇွာ ရဲနှင့်တပ်စခန်း (၂၉.၁၁.၂၀၂၃)
(၁၄) ဘုံဇုံး တပ်စခန်း (၁၈.၁၂.၂၀၂၃)
(၁၅) ထယ်ဘွေးတပ်စခန်း (၁၉.၁၂.၂၀၂၃)
(၁၆) ရှင်းလက်၀ ရဲစခန်းနှင့် ဗျုူဟာကုန်းခန်း (၃.၁.၂၀၂၄)
(၁၇) သိုင်းငင်းဗျူဟာစခန်း (၁၆.၁.၂၀၂၄)
(၁၈) ကျင်ဒွေး ရဲနှင့် တပ်စခန်း (၂၉.၄.၂၀၂၄)
(၁၉) ကျီခါးရဲနှင့် တပ်စခန်း (၁၉.၅.၂၀၂၄)
(၂၀) တွန်းဇံ ရဲနှင့် တပ်စခန်း (၂၃.၅.၂၀၂၄)
(၂၁) တီးတိန်မြို့ ECP လျှပ်စစ်ရုံး နှင့် မိုက်ခရို တာဝါတိုင်စခန်း (၂၇.၅.၂၀၂၄)
(၂၂) မတူပီခရိုင်ရုံး စခန်း (၂၀.၅.၂၀၂၄)
(၂၃) မတူပီမြို့မ ထွေအုပ်ရုံးနဲ့ ရဲစခန်း (၁၃.၆.၂၀၂၄)
(၂၄) လုံခါရ်တောင် တပ်စခန်း သုံးခု (၂၂.၇.၂၀၂၄)
(၂၅) အော်တို (Auto) တောင် တပ်စခန်း သုံးခု (၂၈.၇.၂၀၂၄)။
(မှတ်ချက်။ ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပါဝင်သိမ်းပိုက်ခဲ့သော စခန်းအားလုံးကို စုစည်းထားခြင်းဖြစ်ပြီး၊ တစ်နေရာတွင် အမည်တစ်ခုတည်းဖြင့် သိမ်းပိုက်ထားသည့် စခန်းငယ်များကို တပ်စခန်းတစ်ခုအဖြစ် ဖော်ပြထားကာ သတင်းမီဒီယာများတွင် သီးသန့် ထုတ်ပြန်ထားသည်ကိုသာ ကိုးကားဖော်ပြပါသည်။ အသုံးအနုန်းတွင် အမှားအယွင်းအချို့ ရှိနိုင်ပါသည်။ updated: 31.7.2024)
‣ စစ်တပ်မှ စွန့်ခွာခဲ့သော ရဲနှင့် တပ်စခန်းများ
(၁) ဆူရ်ခွါး (Surkhua) မြို့ရဲစခန်း
(၂) နှာရိန်း (Hnaring) မြို့ရဲစခန်း
(၃) ဝန်သိုး (Vuangtu) တပ်စခန်း
(၄) ဆာဘောင်သဲ (Sabawngte) ရဲစခန်း
(၅) ဝေဘူလ (Webula) ရဲစခန်း
(၆) ဒါရ်ခိုင် (Darkhai) တပ်စခန်း
(၇) သံတောင် ရဲစခန်း၊ ဗျူဟာကုန်းစခန်း
(၈) ရမ်းကြီး (Ramci) ရဲစခန်း
(၉) လုံးငိုလ်း (Lungngo) စခန်း
(၁၀) ကပ်သဲာလ် (Kaptel)စခန်း
(၁၁) သီးကီးလ် (Tikir) စခန်း
(၁၂) မှောင်တလန် (Hmawngtlang) ရဲစခန်း။
ခြုံကြည့်ပါက သိမ်းပိုက်ခဲ့သော မြို့ ၁၀ မြို့တွင် CNF ဦးဆောင်သော ချင်းလဲန်းကောင်စီအဖွဲ့ဝင်များက မြို့ ၅ မြို့၊ ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်က မြို့ ၃ မြို့၊ AA က မြို့ ၂ မြို့ သမ်းပိုက်နိုင်ခဲ့ပြီး၊ ခရိုင် ၄ ခုထဲတွင် ချင်းညီနောင်စစ်ဆင်ရေးက သိမ်းပိုက်သော မတူပီခရိုင်တစ်ခုသာ ပါဝင်ပါသေးသည်။ ထို့အပြင် လိုင်လင်းပီမြို့ကို ၁၆.၇.၂၀၂၄ တွင် ချင်းညီနောင်အဖွဲ့ဝင် MTC/MDF လက်ထဲသို့ ပြန်ရောက်ခဲ့ပါသည်။ သိမ်းပိုက်ခဲ့သော ရဲနှင့် တပ်စခန်း ၂၅ ခုကို ခြုံကြည့်ပါက CNF ဦးဆောင်သော ချင်းလဲန်းကောင်စီနှင့် အဖွဲ့ဝင်များက ၁၃ ခုခန့်၊ ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့က ၁၁ ခုခန့် သိမ်းပိုက်ခဲ့ပါသည်။
ထိုအပြင့် အခြေချစစ်ဗျုဟာ ၂ ဖွဲ့တွင် ၁ ဖွဲ့ကို ချင်းညီနောင်စစ်ဆင်ရေးက သိမ်းပိုက်ခဲ့ပြီး၊ တပ်ရင်း ၇ ရင်းထဲတွင် ချင်းညီနောင်စစ်ဆင်ရေးက ၂ ရင်း၊ AA က ၁ ရင်း သိမ်းပိုက်ခဲ့သည်။ ဟောင်ဝစ်ဇာအမြောက်နှင့် လေယာဉ်ပစ် စက်သေနတ်ကြီးတွေကိုလည်း ချင်းညီနောင်စစ်ဆင်ရေးက သိမ်းပိုက်နိုင်ခဲ့ပါသည်။ ရေဇွာမြို့ကို ZZLM စစ်ဆင်ရေးဖြင့် သိမ်းပိုက်ခဲဲ့ပြီး၊ ထယ်ဘွေးတပ်စခန်းကို နှစ်ဖက်အဖွဲ့ မပေါ်ပေါက်ခင် နှစ်ဖက်အဖွဲ့ဝင်အချို့ ရောစပ်ပြီး အတူသိမ်းပိုက်ခဲ့ကြသည်။ ဟားခါးမြို့မရဲစခန်းကို CDF-Hakha က ၀င်ရောက်စီးနင်းခဲ့ပြီး အကျဉ်းသား ၆၂ ဦး ကယ် ထုတ်နိုင်ခဲ့ပါသည်။ အမှန်မှာ ဘယ်သူ ဘယ်အဖွဲ့က သိမ်းပိုက်ထားသည်က အရေးမကြီး၊ ချင်းပြည်သူလူထု တစ်ရပ်လုံး ကို အမြန်ဆုံး အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ ကယ်ထုတ်ပြီး၊ တစ်ပြည်နယ်လုံး “စစ်ကောင်စီလုံးဝကင်းစင် သောပြည်နယ်” ဖြစ်လာရေးက အဓိကဖြစ်ပါသည်။
ချင်းပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးခဲ့သော အထက်ပါ မြန်မာစစ်တပ် စခန်းများစွာကို ချေမှူန်းရှင်းလင်းရေး တိုက်ပွဲတွင် ခြေလက်အင်္ဂါနှင့် အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်စတေးခဲ့ကြသော နွေဦးတော်လှန်ရေး သူရဲကောင်းများနှင့် အာဇာနည်ရဲဘော်များကို မည်သည့်တော်လှန်ရေးအဖွဲ့ကလာသည်ဖြစ်စေ မိမိတို့သည် သမိုင်း မှတ်ကျောက်တင်ပြီး ဦးညွတ်အလေးနီပြုကြရမှာဖြစ်သည်။ နွေဦးတော်လှန်ရေး အောင်မြင်ရေးနှင့် စစ်ကောင်စီ၏ တပ်ရင်းတပ်စခန်းများစွာ သိမ်းပိုက်နိုင်ရေးအတွက် အဖက်ဖက်မှ ငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အားများစွာ ပေးဆပ်ခဲ့ကြသော ပြည်တွင်းပြည်ပရှိ မိဘပြည်သူလူထုအားလုံးအတွက် ဤကဲ့သို့သော် ချင်းပြည်သူလူထု၏ မကြုံစဖူး အောင်မြင်မှုကြီးသည် အထူးဂုဏ်ယူအားရဖွယ် ကောင်းပါသည်။
∎ ချင်းပြည်နယ်တွင် သိမ်းပိုက်ရန် ကျန်ရှိသော မြို့များနှင့် တပ်ရင်း/တပ်စခန်းများ
ချင်းပြည်နယ် မြောက်ပိုင်းတွင် မြို့ ၅ မြို့၊ ချင်းပြည်နယ်တောင်ပိုင်းတွင် မြို့ ၂ မြို့ – စုစုပေါင်း ၇ မြို့ကို စစ်ကောင်စီတပ် က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်းတွင် ဟာခါးစစ်ဗျုဟာ ၁ ဖွဲ့နှင့် တပ်ရင်း ၃ ရင်း၊ ချင်းပြည်နယ်တောင်ပိုင်းတွင် တပ်ရင်း ၁ ရင်း သိမ်းပိုက်ရန် ကျန်ပါသေးသည်။ ထို့အပြင် တပ်စခန်း အနည်းငယ်လည်း သိမ်းပိုက်ရန် ကျန်ပါသေးသည်။
‣ သိမ်းပိုက်ရန် ကျန်နေသော မြို့များ
(၁) ဟားခါးမြို့
(၂) ထန်တလန်မြို့
(၃) ဖလမ်းမြို့
(၄) တီးတိန်းမြို့
(၅) ခိုင်ကမ်းမြို့
(၆) မင်းတပ်မြို့
(၇) ကန်ပလက်မြို့။
‣ သိမ်းပိုက်ရန် ကျန်နေသော စစ်ဗျူဟာအဖွဲ့
(၁) ဟားခါး စစ်ဗျူဟာအဖွဲ့ (အခြေချ)။
‣ သိမ်းပိုက်ရန် ကျန်နေသော တပ်ရင်းဌာနချုပ်များ
(၁) ဟားခါးအခြေစိုက် အမှတ် (၂၆၆) ခြေလျင်တပ်ရင်း
(၂) ဖလမ်းအခြေစိုက် အမှတ် (၂၆၈) ခြေလျင်တပ်ရင်း
(၃) တီးတိန် အခြေစိုက် အမှတ် (၂၆၉) ခြေလျင်တပ်ရင်း။
ခြုံကြည့်ပါက ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာအဖွဲ့နှင့် တပ်ရင်းအများစု (တပ်ရင်း ၁ ရင်းသာကျန်) ကျသွားပြီး ဖြစ်သော်လည်း CNF အခြေချသော ချင်းပြည်နယ်မြောက်ပိုင်းတွင် သိမ်းပိုက်ခဲ့သည့် ရှေ့တန်းစခန်း၊ လုံခြုံရေးစခန်း၊ ခံစစ်စခန်းနှင့် မြို့ငယ်အရေအတွက်သာများပြီး ချင်းပြည်မြောက်ပိုင်းတစ်ခုလုံးကို ထိန်းချုပ်သော အခြေချစစ်ဗျူဟာအဖွဲ့ (ဟားခါး) နှင့် ၎င်း၏ လက်အောက်ခံ တပ်ရင်း အားလုံး (၃ ရင်းစလုံး) သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်ကို တွေ့ရသည်။
ပလက်၀ဒေသ လုံး၀ မကျစေရေးအတွက် စစ်ကောင်စီသည် ခလရ (၂၈၉) တပ်ရင်းဌာနချုပ်အပြင် အင်းတိုင်အခြေစိုက် တပ်မ ၁၁၊ ကလောအခြေစိုက် တပ်မ ၅၅ နှင့် ရေးမြို့အခြေစိုက် စကခ ၁၉ မှ အရှေ့တိုင်းဌာနချုပ် တပ်ရင်းများကို ဖြန့်ခွဲခဲ့ပါသည်။ ဗိုလ်မှူးချုုပ်အဆင့် နှစ်ဦး၊ တပ်မ (၁၁) တပ်မမှူး (LID Commander)နှင့် စကခ(၁၉) စကခမှူး (MOC Commander) ကိုယ်တိုင်က ပလက်ဝမြို့တွင် အတူထိုင်ပြီး စစ်ဆင်ရေးကို ပူးတွဲကြီးကြပ်ကွပ်ကဲခဲ့ပါသည်။ ပလက်၀ ဒေသ တခုလုံးတွင် တပ်မ နှစ်ခုစာ စစ်အင်အား (တပ်ရင်း ၂၀ ရင်းခန့်) အခိုင်အမာ စခန်းချထားခဲ့သည့်အပြင် တချို့က ပင်မတိုက်ခိုက်ရေးတပ်မှ နည်းဗျူဟာအဖွဲ့ နှစ်ဗျူဟာ (တပ်ရင်း ၆ ရင်းခန့်) စစ်အင်းအား ထပ်ဖြည့်တင်းခဲ့သည်ဟု ဆိုပါသည်။ ထို့ကြောင့် ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း စစ်ဗျူဟာနှစ်ဖွဲ့၏ လက်အောက်ခံ စစ်အင်အားထက် ပလက်၀မြို့နယ် တစ်ခုတည်းတွင် စစ်ကောင်စီ၏ စစ်အင်အားက အဆမတန် ထူထပ်ကြီးမားခဲ့ပါသည်။ အကယ်၍ အာရက္ခတပ်တော် (AA) အနေဖြင့် ပလက်၀ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်းတပ်မဌာနချုပ်၊ ဗျူဟာကုန်း ကြီးတွေ၊ အထိုင်စခန်းကုန်းကြီးတွေကို အပြီးသတ် တိုက်ထုတ်ချေမှူန်းရှင်းလင်းခြင်း မပြုလုပ်ခဲ့ပါက ချင်းပြည်နယ် တစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်ရေးသည် အလှမ်းဝေးနေအုံးမည်ဖြစ်သည်။
∎ ၂၀၂၄ ခုနှစ်တွင် ချင်းပြည်တခွင် စစ်ကောင်စီ ကင်းစင်ရေး
တစ်နိုင်ငံလုံးအတိုင်းအတာကို ကြည့်ပါက စစ်ရေးလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်းဖြင့် အရှိန်အဟုန်ပြင်းစွာ လမ်းများအားလုံး နေပြည်တော်သို့ ဦးတည်နေသော နွေဦးတော်လှန်ရေးလမ်းခရီးတွင် ဒု-ဗိုလ်မှူးကြီးအဆင့် ကွပ်ကဲသော တပ်ရင်းဌာနချုပ်တစ်ခုကို သိမ်းပိုက်နိုင်သည့် အနေအထားမှသည် ဗိုလ်မှူးချုပ်အဆင့်က တပ်ရင်း ၇ အထိ ကွက်ကဲသော ဒကစ ဌာနချုပ် (လောက်ကိုင်) မှတစ်ဆင့် တက်လှမ်းပြီး တပ်ရင်း ၂၆ ရင်းရှိသည့် ဗိုလ်ချုပ်အဆင့်က ကွပ်ကဲသော တိုင်းစစ်ဌာနချုပ် (လားရှိုးအခြေစိုက်) အထိ တိုက်ခိုက်သိမ်းပိုက်လာနိုင်ကြပြီး ဖြစ်သည်။
ချင်းပြည်နယ်တွင်လည်း ရရာလက်နက်စွဲကိုင်၍ တူမီးသေနတ်များ၊ လက်လုပ်ခါးချိုးသေနတ်များဖြင့် စစ်ကောင်စီကို စတင် တိုက်ခိုက်ချေမှုန်းလာခဲ့ကြရာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် စစ်ကောင်စီ၏ ရှေ့တန်းစခန်း၊ လုံခြုံရေးစခန်းနဲ့ ခံစစ်စခန်း သိမ်းပွဲများမှတဆင့် ၂၀၂၃ ခုနှစ်တွင် မြို့သိမ်းပွဲများနှင့် အထိုင်ဗျုဟာစခန်းသိမ်းပွဲများသို့ တက်လုမ်းလာနိုင်ခဲ့ ပြီး၊ ၂၀၂၄ ခုနှစ်တွင် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို ကွပ်ကဲသော စစ်ဗျူဟာအဖွဲ့အခြေချ (မတူပီ) နှင့် အထိုင်တပ်ရင်းဌာနချုပ်အထိကိုပါ တစ်လှိုင်းပြီးတစ်လှိုင်း ချီတက်တက်သိမ်းလာနိုင်ခဲ့သည်ကို တွေ့ရပါသည်။ ချင်းတူမီး သေနတ် ကိုင်ဆောင်သည့်အဆင့်မှ ဟောင်ဝစ်ဇာအမြောက်နှင့် လေယာဉ်ပစ် စက်သေနတ်ကြီးများကို အသုံးပြုနိုင်သည့်အဆင့်သို့ တက်လှမ်းလာနိုင်ပြီးဖြစ်သည်။
ချင်းပြည်နယ်ရှိ ဒုတိယအမြင့်ဆုံးဖြစ်သည့် ကနေဒီတောင်ထိပ်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက အောင်လံလွှင့်ထူနိုင်ခဲ့ပြီး၊ အိန္ဒိယ-မြန်မာ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ကိုပါ ချင်းတော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။ သုံးနှစ်တာကာလတွင် ချင်းပြည်နယ်တစ်ခုလုံး၏ ၈၀ % ခန့် (အားလုံးနီးပါး) ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်လာခဲ့ပြီး နယ်မြေအများစုသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအာဏာစက် (control of territory and population) သက်ရောက်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီကင်းစင်သော နေမြေဒေသများ ဖြစ်လာကြပြီး ဖြစ်သည်။ လက်ရှိတွင် ချင်းပြည်နယ်တစ်ခုလုံး လွတ်မြောက်ရေးအတွက် ချင်းပြည်နယ်တောင်ပိုင်းတွင် တပ်ရင်း ၁ ရင်း၊ မြောက်ပိုင်းတွင် ဟားခါးစစ်ဗျုဟာ (အခြေချ) နှင့် တပ်ရင်း ၃ ရင်း သိမ်းပိုက်ရေးက အဓိက ဖြစ်လာပါသည်။ မတူပီမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်စစ်ဆင်ရေးတွင် ခမရ ၃၀၄ တပ်ရင်းကို ၉ ရက်အတွင်း၊ မတူပီစစ်ဗျုဟာနှင့် ခလရ ၁၄၀ တပ်ရင်းကို ၅ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဟာခါးစစ်ဗျုဟာ (အခြေချ) သည် ခလရ ၂၆၆ တပ်ရင်း တစ်ရင်းသာ တွဲထားသည့်အတွက် တပ်ရင်း ၂ ရင်းဖြင့် တွဲထားသော မတူပီစစ်ဗျုဟာ ထက် သိမ်းပိုက်ရန် ပိုမိုလွယ်ကူ နိုင်ကြောင်း တစ်ချိုက သုံးသပ်ပါသည်။ သို့သော် ဟားခါးစစ်ဗျုဟာတွင် ဗိုလ်မှူးချုပ်အဆင့် နမခမှ ဒု-တိုင်းမှူး၊ ဗိုလ်မှူး ကြီးအဆင့် နယ်လုံဝန်ကြီးနှင့် (အခြေချ) စစ်ဗျူဟာမှူး နှစ်ဦးအပြင် ဒု-ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးတို့ ထိုင်သည့် တပ်ရင်းဌာနချုပ်တစ်ခုဖြစ်သည့်အတွက် စစ်အင်အား လျော့တွက်လို့တော့ မရပေ။
လက်ရှိတွင် ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့သည် ချင်းပြည်နယ်တောင်ပိုင်းတွင် တစ်ခုတည်း ကျန်ရှိသည့် မင်းတပ် အခြေစိုက် ခလရ (၂၇၄) တပ်ရင်းနှင့် ကန်ပလက်မြို့ကို Operation CB အမည်ဖြင့် ဆက်လက် သိမ်းပိုက်ရန် ပြင်ဆင် လှုပ်ရှားနေကြပြီး စစ်ကောင်စီကင်းစင်ရေးကို အထူး ဦးစားပေးလုပ်ငန်းစဥ် အနေဖြင့် ချမှတ်ဖော်ဆောင် လျက်ရှိ သည်ကို တွေ့ရသည်။ ချင်းပြည်နယ်မြောက်ပိုင်းတွင်လည်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့နှင့် ချင်းလဲန်းကောင်စီ၏ Tiliim Operation (၄) က သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် ဟာခါးအခြေချစစ်ဗျူဟာ၊ ခလရ (၂၆၆) တပ်ရင်း (ဟားခါး)၊ ခလရ (၂၆၉) တပ်ရင်း (တီးတိန်၊ ထန်တလန်)နှင့် ခလရ (၂၆၈) တပ်ရင်း (ဖလမ်း) တို့ကို တိုက်ခိုက်သိမ်း ပိုက်ရန် ပြင်ဆင်ကြိုးပမ်းနေကြပါသည်။ စစ်ဆင်ရေးစတင်ပြီး တစ်ပတ်အတွင်း Tiliim Operation (၄) သည် စစ်ကောင်စီ၏ ရှေ့တန်းအမာခံစခန်း ၆ ခုကို အောင်မြင်စွာ ချက်ချင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။
“ရောမမြို့ကို တစ်ရက်တည်းဖြင့် တည်ဆောက်၍မရ” ဆိုသကဲ့သို့ လက်ရှိတွင် စစ်ကောင်စီ အင်အား အလွန်ထူထပ် သည့် ပလက်၀မြို့နယ်နှင့် မတူပီမြို့နယ် တစ်ခုလုံးသည် စစ်ကောင်စီ ကင်းစင်သော နယ်မြေဒေသများ ဖြစ်လာကြပြီး ဖြစ်သည့်အပြင် ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်အင်အားသည်လည်း တဖြည်းဖြည်း အားကောင်းလာသည်နှင့်အမျှ ချင်းညီနောင်၏ စစ်ရေး ရည်မှန်းချက်ဖြစ်သော “၂၀၂၄ ခုနှစ်တွင် ချင်းပြည်နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ ကင်းစင်ရေး” ဟူသော ကြွေးကြောသံအပေါ် ပြည်သူလူထု၏ မျှော်လင့်ချက်များ ရောင်နီသန်းလာပါပြီ။ စစ်ကောင်စီ၏ လက်အောက်တွင် ကျန်နေသေးသည့် မြို့ ၇ မြို့ အမြန်ဆုံး ကယ်ထုတ်ရေးနိုင်နှင့် ဆိုးရွားသော စစ်အာဏာရှင်စနစ်မှ ချင်းပြည်သူလူထုတရပ်လုံး လွတ်မြောက်နိုင်ခြေ အလားအလာသည် တစ်လထက်တစ်လ တဖြည်းဖြည်း နီးကပ်လာပါပြီဟု သုံးသပ်လို့ရပါသည်။
ထို့ကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးရည်မှန်းချက်အတိုင်း ပြည်သူလူထု တစ်ရပ်လုံး၏ စည်းလုံးမှုအင်အားဖြင့် “ချင်းပြည်နယ်ကို စစ်ကောင်စီ လုံး၀ ကင်းစင်သော လွတ်မြောက်ပြည်နယ် (Liberated State)“ အဖြစ် မကြာတော့သည့် အချိန်ကာလတွင် သတ်မှတ်ကြေညာနိုင်ပါလိမ့်မည်ဟု မျော့်လင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
∎ ကိုးကားစာရင်း [Reference List]
Media sources [news reports, websites, blogs, archives, and internet searches].
Institute of Chin Affairs (2024). 𝐻𝑢𝑚𝑎𝑛 𝑟𝑖𝑔ℎ𝑡𝑠 𝑣𝑖𝑜𝑙𝑎𝑡𝑖𝑜𝑛𝑠 𝑎𝑔𝑎𝑖𝑛𝑠𝑡 𝑡ℎ𝑒 𝐶ℎ𝑖𝑛 𝑝𝑒𝑜𝑝𝑙𝑒 𝑎𝑛𝑑 𝑖𝑡𝑠 𝑖𝑚𝑝𝑎𝑐𝑡 𝑜𝑛 𝑡ℎ𝑒 𝐶ℎ𝑖𝑛 𝑆𝑡𝑎𝑡𝑒 𝑖𝑛 𝑡ℎ𝑒 3 𝑦𝑒𝑎𝑟𝑠 𝑎𝑓𝑡𝑒𝑟 𝑡ℎ𝑒 𝑚𝑖𝑙𝑖𝑡𝑎𝑟𝑦 𝑐𝑜𝑢𝑝 (𝑖𝑛 𝐵𝑢𝑟𝑚𝑒𝑠𝑒!).
Aye Chain Suu (2023). 𝐴𝑛𝑎𝑙𝑦𝑧𝑖𝑛𝑔 𝑡ℎ𝑒 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝐴𝑟𝑚𝑦 [Part 1, Part 2, Part 3]. The Irrawaddy. (In Burmese!)
Callahan, M.P. (2005). 𝑀𝑎𝑘𝑖𝑛𝑔 𝐸𝑛𝑒𝑚𝑖𝑒𝑠: 𝑊𝑎𝑟 𝑎𝑛𝑑 𝑆𝑡𝑎𝑡𝑒 𝐵𝑢𝑖𝑙𝑑𝑖𝑛𝑔 𝑖𝑛 𝐵𝑢𝑟𝑚𝑎. Ithaca: Cornell Univ. Press.
Myoe, M.A. (2009). 𝐵𝑢𝑖𝑙𝑑𝑖𝑛𝑔 𝑡ℎ𝑒 𝑇𝑎𝑡𝑚𝑎𝑑𝑎𝑤: 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝐴𝑟𝑚𝑒𝑑 𝐹𝑜𝑟𝑐𝑒𝑑 𝑆𝑖𝑛𝑐𝑒 1948. Singapore: Institute of Southeast Asian Studies.
Phone, K.Y. (2020). 𝑇ℎ𝑒 𝐷𝑒𝑣𝑒𝑙𝑜𝑝𝑚𝑒𝑛𝑡 𝑜𝑓 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝑁𝑎𝑖𝑛𝑔-𝑁𝑔𝑎𝑛-𝑇𝑎𝑤 𝑊𝑎𝑟𝑑𝑎(𝑠): 𝑃𝑜𝑙𝑖𝑡𝑖𝑐𝑎𝑙 𝑆𝑜𝑐𝑖𝑎𝑙𝑖𝑧𝑎𝑡𝑖𝑜𝑛, 𝑡ℎ𝑒 𝑆𝑡𝑟𝑢𝑐𝑡𝑢𝑟𝑒 𝑜𝑓 𝐶𝑖𝑣𝑖𝑙-𝑀𝑖𝑙𝑖𝑡𝑎𝑟𝑦 𝑅𝑒𝑙𝑎𝑡𝑖𝑜𝑛𝑠, 𝑎𝑛𝑑 𝑡ℎ𝑒 𝑅𝑜𝑙𝑒 𝑜𝑓 𝑇𝑎𝑡𝑚𝑎𝑑𝑎𝑤 𝑆𝑖𝑛𝑐𝑒 𝑡ℎ𝑒 𝑆𝑒𝑐𝑜𝑛𝑑 𝑊𝑜𝑟𝑙𝑑 𝑊𝑎𝑟. PhD Thesis.
Selth, A. (1996). 𝑇𝑟𝑎𝑛𝑠𝑓𝑜𝑟𝑚𝑖𝑛𝑔 𝑡ℎ𝑒 𝑇𝑎𝑡𝑚𝑎𝑑𝑎𝑤: 𝑇ℎ𝑒 𝐵𝑢𝑟𝑚𝑒𝑠𝑒 𝐴𝑟𝑚𝑒𝑑 𝐹𝑜𝑟𝑐𝑒𝑠 𝑆𝑖𝑛𝑐𝑒 1988. Number no. 113. Canberra: Strategic and Defence Studies Centre, Australian National University.
Ye Myo Hein (2023). 𝑀𝑦𝑎𝑛𝑚𝑎𝑟’𝑠 𝑀𝑖𝑙𝑖𝑡𝑎𝑟𝑦 𝐼𝑠 𝑆𝑚𝑎𝑙𝑙𝑒𝑟 𝑇ℎ𝑎𝑛 𝐶𝑜𝑚𝑚𝑜𝑛𝑙𝑦 𝑇ℎ𝑜𝑢𝑔ℎ𝑡 — 𝑎𝑛𝑑 𝑆ℎ𝑟𝑖𝑛𝑘𝑖𝑛𝑔 𝐹𝑎𝑠𝑡. The United States Institute of Peace (USIP)
Ye Myoe Hein (2024). 𝑁𝑖𝑛𝑒 𝑇ℎ𝑖𝑛𝑔𝑠 𝑡𝑜 𝐾𝑛𝑜𝑤 𝐴𝑏𝑜𝑢𝑡 𝑀𝑦𝑎𝑛𝑚𝑎𝑟’𝑠 𝐶𝑜𝑛𝑓𝑙𝑖𝑐𝑡 𝑇ℎ𝑟𝑒𝑒 𝑌𝑒𝑎𝑟𝑠 𝑂𝑛. The United States Institute of Peace (USIP)