Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

0
By Editor on December 6, 2023 Featured

(006SV)

လူမှုပတ်၀န်းကျင်းအသိုင်းအ၀န်းမှာ အမျိုးသမီးတွေဆိုတာ နူးညံ့သိမ့်မွေ့ရမယ်လို့ ဘောင်ခတ်ထားတဲ့ ပုံသေကားချပ် အမြင်တွေနဲ့ သတ်မှတ်လေ့ရှိပေမယ့် ဒါဟာ မအန်ဇလာအတွက်တော့ မဟုတ်ပါဘူး။

အသက် ၂၀ ၀န်းကျင်အရွယ်သာရှိသေးတဲ့ မအန်ဇလာဟာ ချင်းပြည်နယ် မတူပီမြို့ကဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့နောက်ပိုင်းမှာတော့ အမျိုးသားတွေနဲ့တန်းတူ လက်နက်ကိုင်တော်လှန်ရေးထဲပါ၀◌င်ဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အောက်က ပြည်သူတွေရဲ့ နစ္စဓူ၀ခံစားနေရတဲ့ အခြေအနေကို လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ သူမဟာ မိဘတွေခွင့်မပြုတဲ့ကြားထဲကနေ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi တပ်ဖွဲ့မှာ ၀◌င်ရောက်ပြီး ယနေ့ချိန်ထိ အမျိုးသား လွတ်မြောက်ရေး အာဏာရှင်စနစ်ကို အမြစ်ဖျက်ချေမှုန်းရေးအတွက် တိုက်ပွဲ၀င် နေသူတစ်ဦးဖြစ်ပါတယ်။

“ကျမစသွားတုန်းကဆိုရင် အိမ်ကနေထွက်ပြေးပြီးမှ သွားတာ၊ အိမ်ကလည်းမလွတ်ချင်ဘူး မိန်းကလေး ဒီအလုပ်က ယောကျား လေးတွေလုပ်တဲ့အလုပ်။ယောကျား လေးတွေ တောင် အကုန်လုံးမပါဝင်နိုင်တဲ့အလုပ်လေ တအားအန္တရာယ် ရှိတယ်၊ မိဘတွေရဲ့ သဘောထားတော့ စစ်မြေပြင်မှာ သွားရမယ်ဆိုရင် စစ်တိုက်ရမယ်၊သေတော့မယ် အဲ့လိုမျိုးခံယူ ထားကြတယ်လေ ကိုယ့်ရဲ့သား သမီးတွေအတွက် စိုးရိမ်တယ်၊ မသွားခိုင်းစေချင်ဘူး၊ ပညာတွေသင်စေချင်တယ်ပေါ့၊ ဒါပေမယ့် ညီမတို့ဖက်က ကျတော့ အဲ့လိုမျိုး လက်ပိုက်ကြည့်မနေနိူင်ဘူး” လို့ မအန်ဇလာကပြေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ပေါက်လာချိန် ချင်းပြည်နယ်မှာလည်း ချင်းကာကွယ်ရေး တပ်ဖွဲ့ CDF တွေ၊ ဒေသနဲ့ မျိုးနွယ်အလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ထူထောင်လာကြပြီး ချင်းအမျိုးသမီးတွေလည်း စစ်အာဏာ ရှင် တော်လှန်ရေးထဲ အုံနဲ့ကျင်းနဲ့ ပါဝင်လာကြပါတယ်။

ချင်းကာကွယ်ရေးတပ်ပေါင်းစုလို့ ခေါ်လို့ရတဲ့ CJDC (Chinland Joint Defense Committee) အဖွဲ့ဝင် (၁၈) ဖွဲ့ထဲက CDF – ကန်ပက်လက်နဲ့ CDF – ပလက်ဝ နှစ်ဖွဲ့တည်းမှာပင် ရဲမေတွေ (၂၀၀) ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုအမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ တော်လှန်ရေးမှာ ပါဝင်လာနိုင်ကြပေမယ့် တောတောင်ထဲမှာ နေထိုင်ရတဲ့ အခြေအနေက သာမာန်အခြေအနေထက်တော့ စိန်ခေါ်မှုများစွာ ရှိနေကြတာပါ။

လက်နက်ကိုင်တော်လှန်ရေးထဲစတင်၀◌င်ရောက်တဲ့အချိန် အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး စစ်ရေးလေ့ကျင့်သင်ကြားတဲ့ အခါမျိုးမှာ အမျိုးသမီးဖြစ်နေခြင်းက အဟန့်အတား အခက်အခဲတွေကြုံခဲ့ရပေမယ့် မခံချင်စိတ်နဲ့ ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရ တယ်လို့ မအန်ဇလာကဆိုပါတယ်။

“CDF ထဲ ဝင်တဲ့သူတိုင်းက အကုန်လုံး စစ်သင်တန်းတက်ရတယ်၊ အမျိုးသမီးအနေနဲ့ ရဲမေအနေနဲ့တော့ တအားကြီးခက်ခဲတာပေါ့ ၊ဒီတိုင်း အမျိုးသမီးနဲ့၊အမျိုးသား တန်းတူရင်ဘောင်တန်းနိုင်တဲ့ခေတ်ဆိုပေမယ့် မတူနိုင်ဘူးလေ၊ သင်တန်းတက်တဲ့ အချိန်ကျ တော့။ ဒီလစဉ်ဖြစ်တဲ့အချိန်မျိုးတို့မှာ တယောက်နဲ့တယောက်တော့ အားတော့ မတူဘူးလေ အဲ့ချိန်ခက်ခဲတော့အများကြီးရှိတယ်။ ဒါပေမယ့် အဲ့ဒီအခက်အခဲတွေကို ငါတို့အမျိုးသမီး၊ မိန်းကလေးဖြစ်လို့ အဲ့လိုမျိုးမကြိုက်ဘူး၊ ယောကျားလေးတွေ လုပ်နိုင်သလို လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်ရမယ်။ အရေးကြောင်းကြုံလာပြီဆိုရင် ငါတို့ကို ဒီလေ့ကျင့်မှုကပဲ ကယ်နိုင်မှာ အဲ့လိုမျိုးစိတ်နဲ့ ကျော်ဖြတ်ခဲ့တယ်” မအန်ဇလာကပြောပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့- CDF တွေထဲက ရဲမေတွေဟာ ဆေးတပ်သား၊ ဘဏ္ဍာရေးတာဝန်၊ တပ်စခန်းတာဝန်၊  ချက် ပြုတ် ရေးတာဝန်နဲ့ အခြားတာဝန်တွေကို ကျရာဏ္ဍအလိုက် ထမ်းဆောင်နေကြပါတယ်။ စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်ရတဲ့ တိုက်ပွဲတွေမှာ ရဲမေတွေဟာ တိုက်ပွဲအောင်မြင်ဖို့ အဓိက ထောက်ပို့ကဏ္ဍစုံရဲ့ တပ်သားတွေဖြစ်ပါတယ်။ 

CDF – ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အမျိုးသမီးရဲဘော်တွေရဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ တကိုယ်ရည်သုံးဆောင် ပစ္စည်းတွေထဲက အမျိုးသမီးလစဉ်သုံးပစ္စည်းပဲဖြစ်ပါတယ်။ 

“အမျိုးသမီးတွေ အခက်အခဲတွေက အများကြီးမဟုတ်ပဲနဲ့ အခက်အခဲဆုံးက ဆေးဖက်အခက်အခဲ၊ အမျိုးသမီးတွေ အတွက် လစဉ်သုံးတွေ ခက်ခဲတာရှိတယ်။ သုံးစရာမရှိတဲ့အခါမှာ အပြင်မထွက်ဘူး၊ အမျိုးသားတွေမမြင်အောင် အိမ်ထဲမှာ အခန်းထဲမှာ ပုန်းနေရတယ်” CDF – မတူပီက ရဲမေ အန်ဇလာက ပြောပါတယ်။

အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ပြတ်လတ်တဲ့အခါမျိုးမှာ CDF-ပလက်၀ ရဲမေ မာရီယာက သူ အသုံးပြုရတဲ့ နည်းလမ်းကို ခုလိုပြောပါတယ်။ 

“ဝယ်လို့မရတဲ့ အခြေအနေမှာဆိုရင်တော့ အမျိုးသမီးအနေနဲ့ အသန့်နိုင်ဆုံး အကျီပါးပါးလေးတွေနဲ့ အဲလို လုပ်ပြီး တော့ပဲ ဖြေရှင်းပါတယ်” မာရီယာကဆိုပါတယ်။ 

ဒါ့အပြင် ချင်းတောင်တန်းပေါ်က ရဲမေတွေနဲ့ ရဲဘော်တွေမှာ  မိုးရွာသီကုန်ဆုံးလို့ ဆောင်းဦးရောက်လာချိန်အထိလည်း စောင်နဲ့ ခြင်ထောင်တွေ လောက်ငှစွာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ မိုးရာသီက ခြင်ကိုက်ခံရမှုတွေရှိခဲ့တဲ့အတွက် ဖျားနာမှုတွေလည်း ကြုံခဲ့ရတယ်လို့ ရဲမေတွေက ပြောပါတယ်။ 

အအေးဓါတ်ပြင်းထန်တဲ့ ချင်းပြည်နယ်ရဲ့ လက်ရှိဆောင်းရာသီအတွင်းမှာ အနွေထည် မရှိတဲ့ CDF ရဲဘော်အပါအဝင် ရဲမေတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။ နိုင်ငံအနှံ့ မြို့သိမ်းတိုက်ပွဲနဲ့အတူ ချင်းတောင်မှာလည်း မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေချိန် ချင်းတော်လှန်ရေးရဲ့ ဒီလိုအရေးကြီးကာလမှာ ရဲဘော်တွေ ဖျားနာကြမှာ ရဲမေတွေ စိုးရိမ်းနေပါတယ်။ 

အမျိုးသမီးရဲဘော်တွေဟာ အမျိုးသားရဲဘော်တွေထက် နောက်တန်းမှာ နေရတာပိုများတဲ့အတွက် စားသောက်နေထိုင်ရေးကစ အဝတ်အစားပိုင်တွေမှာပါ ပိုအခက်အခဲတွေ ရှိနေကြတာပါ။

ရဲမေ အသုံးအဆောင်တွေထဲမှာ အတွင်းခံဘောင်ဘီနဲ့ ဇာဘော်လီအပါအဝင် အဝတ်အထည်တွေဟာ လုံလုံလောက် လောက် မရှိတဲ့အတွက် ပြီးခဲ့တဲ့ မိုးရာသီက မခြောက်ပဲ ဝတ်ရတာတွေ ရှိခဲ့ပါတယ်။ အမျိုးသမီးရဲဘော်တွေရဲ့ အခြေခံအဝတ်အထည် မလုံလောက်မှုဟာ ခုချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

“ရဲဘော်တွေလည်း တန်းတူပါပဲ။ မိန်းကလေးဖြစ်တော့ ပစ္စည်းကတော့ အများကြီး လိုအပ်တာတော့ ဟုတ်ပါတယ်။ မိုးတွင်း မှာဆိုရင် ပိုဆိုးတာပေါ့နော်။ ခြုံထဲမှာ နေရတယ်ဆိုတော့ မိုးရာသီမှာ လှန်းတာ မခြောက်တာတွေ ရှိတာပေါ့နော်။ ဒီလိုမျိုး မခြောက်၊ တခြောက်နဲ့ ဝတ်ခဲ့ရတာတွေ အများကြီး ကြုံတွေ့ခဲ့ရတာပေါ့နော်။ ပစ္စည်းတွေက အဝတ်အစားကတော့ အများဆုံး ၃ ထည့်လောက်ပဲရှိပါတယ်” CDF ပလက်ဝက အသက် ၂၀ အရွယ် ရဲမေ မာရီယာက ပြောပါတယ်။

ဒါ့အပြင် ဆပ်ပြာ၊ ခေါင်လျှော်ရည် စတဲ့ အခြေခံတကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ မရနိုင်တဲ့ အခြေအနေတွေကြောင့်လည်း တချို့ရဲမေတွေဟာ ဆံပင်အရှည်တွေကို ဆက်မထားဘဲ အတိုညှပ်ပစ်လိုက်ရပါတယ်။

CDF တပ်ဖွဲ့တွေက အများစုမှာ ရဲမေတွေဟာ ဆေးတပ်သားအဖြစ် အဓိက တာဝန်ယူထားကြသလို တဖက်မှာလည်း ကျန်းမာ ရေးနဲ့ ပတ်သက်ပြီး ကျောက်ကပ်နဲ့ အစာအိမ် စတဲ့ ရေရှည်ကုသရတဲ့ ရောဂါတွေအပါအဝင် အမြဲနီးပါး ခေါင်းမူတတ်တဲ့ ရဲမေတွေအတွက် ဆေးဝါးအခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

စစ်အာဏာရှင်စနစ်ကို လက်နက်စွဲကိုင်တော်လှန်ပြီး ချင်းပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖက်ဒရယ် ဒီမိုရေစီနိုင်ငံကို တည်ထောင်လိုတဲ့ ချင်းရဲမေတချို့မှာ ဖိနပ်စီးစရာ မရှိဘူးလို့လည်း ပြောကြပါတယ်။

ချင်းတောင်ပေါ်က ရဲမေတွေဟာ တကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေ ဝယ်ဖို့ မိဘတွေ ဆီက ပိုက်ဆံပြန်တောင်းကြ ရသလို တချို့မိဘတွေဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်စီးခံထားရလို့ ထောက်ပံ့ပေးနိုင်ဖို့ ခက်ခဲနေပါတယ်။

သက်ဆိုင်ရာ CDF တပ်ရင်း၊ တပ်ဖွဲ့မှ တာဝန်ရှိသူတွေက တခါတရံ မုန့်ဖိုးပေးတတ်ပြီး အဲဒီငွေတချို့ကို စုဆောင်းထားကာ လစဉ်သုံးကဲ့သို့ တကိုယ်ရည်အသုံးအဆောက်ပစ္စည်းတွေကို ဝယ်ယူကြတယ်လို့ အမျိုးသမီးရဲဘော်တွေက ပြောပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင်ကို တော်လှန်ဖို့ ဘဏ္ဍာငွေ ခက်ခဲကြတဲ့ CDF တပ်ဖွဲ့တွေဟာ ပြည်တွင်းပြည်ပက ထောက်ပံ့သူ တွေရဲ့ ငွေကြေးအများစုကို လက်နက်ခဲယမ်းဝယ်ယူတဲ့ နေရာမှာ အသုံးပြုရသလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာလည်း အသုံးပြုရပါတယ်။ ဒါကြောင့် ရဲဘော်၊ ရဲမေတွေကို လစဉ် မုန်ဖိုးမပေးနိုင်ပါဘူးလို့ CDF တပ်ဖွဲ့တချို့မှ တာဝန်ရှိသူတွေက ပြောပါတယ်။

ချင်းတောင်တန်းတွေပေါ်မှာ ရဲမေတွေ အချင်းအချင်း အပြန်အလှန် အားပေးကူညီရင်း တော်လှန်ရေး အောင်နိုင်ဖို့ ရှေ့ဆက်နေကြ သလို ရဲဘော်တွေကလည်း ရဲမေတွေကို နားလည်ပေးပြီး ဖေးမကူညီကြတယ်လို့ ခိုနူမ်းသုန်က မေးမြန်းတဲ့ ရဲမေတွေက ဖြေဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ၃ နှစ်နီးပါး ရှိလာချိန်မှာ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းတွေ စီးနင်းခံရသလို ချင်းတောင်တန်းပေါ်က စခန်းတွေဟာ စီးနင်းခံရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။

CDF – မတူပီရဲ့ စခန်းတစ်ခုကို စစ်ကောင်စီရဲ့ စီးနင်းခံရတဲ့ ဖြစ်စဉ်တစ်ခုမှာ ရဲဘော်တွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးဝါးကုသရင် ပြေးခဲ့ရတယ်လို့ ရဲမေ အန်ဇလာက ပြောပါတယ်။

“တခါ ရှေ့တန်းမှာ စခန်းသိမ်းခံရတဲ့အချိန်မှာ ကိုယ်ကလည်း ပထမဆုံးအချိန်ဆိုတော့ တအားကြောက်တယ်။ ဒါပေမယ့် ငါမှမကုရင် ဘယ်သူကုမလဲ၊ ငါမှမလုပ်ရင် ဘယ်သူလုပ်မလဲဆိုတဲ့ စိတ်နဲ့ လုပ်တယ်။ ပြီးတော့ အကုန်လုံးက နောက်ဆုတ်တဲ့ အနေအထားဆိုတော့ တချို့သူငယ်ချင်း ရဲမေတယောက်ဆိုရင် ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျတဲ့အဆင့် အဲလိုမျိုးပေါ့ ရဲဘော် ၂ယောက်ကထမ်း ဒဏ်ရာရတဲ့သူတွေကို အမြန်ဆုံးသွေးတိတ်အောင်လုပ်ပေး အဲ့လိုမျိုးပြေးခဲ့ရတယ်” မအန်ဇလာက ပြန်ပြောင်းပြောပြပါတယ်။

CDF ပလက်ဝက ရဲဘော်မာရီယာတို့လည်း တောတောင်တွေထဲမှာ စစ်ကောင်စီရဲ့ စခန်းစီးနင်းမှုတွေကြောင့် ညသန်းခေါင်ယံ အိပ်နေရာမှ ထပြေးရတာတွေရှိသလို မအိပ်ရတဲ့ညတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ လက်နက်စွဲကိုင်တော်လှန်မှု ၂ နှစ်ခွဲကျော်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၁၀ ကျော် ကျဆုံး ခဲ့ရာမှာ အမျိုးသမီး ရဲဘော် ၁၅ ဦး ပါဝင်ခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က အောက်တိုဘာလ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ရဲမေတချို့မှာ စခန်းစီးနင်ခံရစဉ် ကျဆုံးရတာတွေ ရှိတယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ချင်းပြည်နယ်ကို ချင်းရိုးရာဓလေ့တွေ ထုံလွမ်းပြီး ကိုယ်ထူကိုယ်ထနဲ့ ပြန်လည်တည်ဆောက်ဖို့ စိတ်အား ထက်သန် နေကြတဲ့ ချင်းတောင်တန်းတွေ ပေါ်က ရဲမေတွေဟာ  တကိုယ်ရည်အခက်အခဲတွေနဲ့ တော်လှန်ရေးရဲ့ စိန်ခေါ်မှု အကြားမှာ ဆက်လက်ရုန်းကန်တိုက်ပွဲဝင်နေကြပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.