ရေးသူ – Salai Vakok
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်သူတွေနဲ့ စည်းကာနေလေ့ရှိတဲ့ ကာစင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဟာ ဒီတစ်ပတ်မှာလည်း လူသူကင်းမဲ့နေပါတယ်။ ဝတ်ပြုဆုတောင်းသံတွေလည်း အရင်လို ဝေဝေဆာဆာ မကြားရတော့ပါ။
ချင်းပြည်မြောက်ပိုင်း၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ထဲက အသင်းသူ၊ အသင်းသားအများဆုံးရှိတဲ့ ကာစင်နှစ်ခြင်း အသင်းတော်ရဲ့ အဖွဲ့ဝင်တွေဟာ တခြားရပ်ကွက်က ဘုရားကျောင်းတွေမှာ အပတ်စဉ် ဘုရားကျောင်း သွားတက်နေရပါတယ်။
ဘုရားကျောင်းတွေမှာ “လူငါးဦးထက် မစုဖို့” ၊ “ဘုရားကျောင်းတွေ အားလုံးကို ပိတ်ထားဖို့” လွန်ခဲ့တဲ့ ၂ လခန့်က စစ်ကောင်စီဟာ မြို့သစ်ရပ်ကွက်ကို အမိန့်ထုတ်ပြန်ထားတာကြောင့်ပါ။
ဒီအမိန့်က ကာစင်နှစ်ခြင်းအသင်းတော်ကိုပဲ သက်ရောက်မှုရှိတာ မဟုတ်ပါ၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ထဲက ဘုရာကျောင်း ၁၄ ကျောင်းအားလုံးဟာ ဘုရားကျောင်းဝတ်ပြုမှု အပိတ်ခံထားရပါတယ်။
အသင်းသူ/သားတွေ ဝတ်မပြုနိုင်ဘဲ လုံးဝပိတ်ထားတဲ့ ဘုရားကျောင်းတွေ ရှိသလို တချို့ဘုရားကျောင်းတွေက လုံးဝမပိတ် ထားချင်လို့ အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် ၂ ဦး၊ ၃ ဦးနဲ့ အပတ်စဉ်ဝတ်ပြုမှုကိုလည်း မြင်တွေ့ရပါတယ်။
“ငါးဦးထက် ပိုမစုရ၊ ဝတ်မပြုရ ထုတ်ထားတော့ တကယ်တမ်းဆိုရင် ဘာသာရေးကို ပိတ်ပင်တာပေါ့နော်။ ဘာသာရေးကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်မှု မရှိဘူး။ အခုထိ မဖွင့်ပေးသေးဘူး” လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။
ကာစင်နှစ်ခြင်းအသင်းတော်၊ Bethel ဘုရားကျောင်း၊ မြန်မာမိတ်သဟာရ အသင်းတော်၊ ရိုမန်ကတ်သလစ် ဘုရားကျောင်း၊ ခရစ်တော် ယုံကြည်သူများ အသင်းတော်ရဲ့ကျောင်း (၄) ကျောင်း စတဲ့ ဘုရားကျောင်း ၁၄ ကျောင်း ပိတ်ခံထားရတာပါ။
ကာဆင်နှစ်ခြင်းအသင်းတော်နဲ့ သေသက နှစ်ခြင်းအသင်းတော် (၂) ခုမှာပင် ဘုရားကျောင်းတက်တဲ့ အသင်းသား/ သူ ၃၀၀၀ ကျော်ရှိပါတယ်။ ဒါကြောင့် ဘုရားကျောင်း ၁၄ ကျောင်းမှာ ခရစ်ယာန်ဘာသာဝင် ထောင်နဲ့ချီ ဝတ်ပြုကြပါတယ်။
မြို့သစ်ရပ်ကွက်မှာ အပိတ်ခံထားရတဲ့ ဘုရားကျောင်းတချို့ဟာ တခြားရပ်ကွက်က ဘုရားကျောင်းတွေမှာ သူတို့ ဘုရားကျောင်းဆင်းချိန် မွန်းလွဲပိုင်းမှာ ငှားရမ်းပြီး ဘုရားကျောင်းဖွင့်၊ ဝတ်ပြုတာတွေကိုလည်း တွေ့နိုင်ပါတယ်။
“အရင်က တနင်္ဂနွေမှာ ဝတ်ပြုစုဝေးပွဲ ရှိတယ်။ အခု ပိတ်လိုက်တော့ တနင်္ဂနွေနေ့ ဝတ်ပြုဆုဝေးပွဲလည်း မရှိတော့ဘူး။ လူစုလို့ မရဘူးဆိုတော့ အိမ်မှာလည်း မလုပ်ရဘူးပေါ့နော။ အရင်က အိမ်မှာပဲ ဝတ်ပြုပွဲ လုပ်တာ ရှိတယ်။ အခုကတော့ ဘာမှမရှိတော့ဘူး။ တိတ်ဆိတ်နေတာ” လို့ မြို့သစ်ရပ်ကွက်၊ ခရစ်ယာန်အသင်းတော်တစ်ခုမှ ပါစတာတစ်ဦးက ပြောပါတယ်။
ခရစ်ယာန်ဘာသာကို ၈၅ ရာခိုင်နှုန်းကျော်ကိုးကွယ်တဲ့ ချင်းပြည်နယ်မှာ ဘာသာရေးနေ့ဟာ အထူးအထွဋ်အမြတ်ထားရာ ဖြစ်ပါတယ်။ အပတ်စဉ် ဝတ်ပြုဆုတောင်းမှုနဲ့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံတမ်းတွေကို ပိတ်ပင်ခံရခြင်းက ဒေသခံတွေကို လွန်စွာထိခိုက်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချင်းပြည်နယ်ဟာ K3C ခေါ်တဲ့ (ကချင်၊ ကရင်၊ ကရင်နီနဲ့ ချင်း) စစ်အာဏာသိမ်းမှုကို တော်လှန်ဆန့်ကျင်မှု အားကောင်းတဲ့ မဟာမိတ်အဖွဲ့ဝင်ထဲမှာ ပါဝင်ပါတယ်။ အဲဒီဒေသတွေဟာ ခရစ်ယာန်ဘာသာဝင်တွေ အများစု နေထိုင်ကြပါတယ်။
|| ဘုရားကျောင်းတွေ ဘာကြောင့်ပိတ်တာလဲ၊
စစ်ကောင်စီ ပြည်နယ်အစိုးရ ရုံးထိုင်တဲ့ ဟားခါးမြို့တော်ကို ချင်းတော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်နိုင်ရေးအတွက် မြောက်ပိုင်းညီနောင် (၃) ဖွဲ့ “၁၀၂၇” စစ်ဆင်ရေးရဲ့ တစ်လပြည့်နေမှာ “ရုန်းတောင် စစ်ဆင်ရေး”ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) – ဟားခါးက စတင်လိုက်ပါတယ်။
အဆင့် ၂ ဆင့်ပါဝင်တဲ့ ရုန်းတောင် စစ်ဆင်ရေးမှာ ပထမအဆင့်က စစ်ကောင်စီရဲ့ လူ၊ လက်နက်နဲ့ အစိုးရယန္တရားကို ဖြတ်တောက်ရေးဖြစ်ပါတယ်။ ဒုတိယက ချင်းလဲန်းကောင်စီ ဦးဆောင်မှုနဲ့ ချင်းတပ်ပေါင်းစုက မြို့သိမ်းစစ်ဆင်ရေးဖြစ်ပါတယ်။
ဟားခါးမြို့နယ်ထဲက ၇၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီး ကျန် ၃၀ ရာခိုင်နှုန်းကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
ရုန်းတောင်စစ်ဆင်ရေးရဲ့ ပထမအဆင့်မှာ ဟားခါးမြို့ပေါ်နဲ့ အနီးတဝိုက်မှာ တိုက်ပွဲပေါင်း ၂၁ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီရဲ့ စစ်တပ်မှ အဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့ပါတယ်။ အုပ်ချုပ်ရေးယန္တရားထဲက ပါဝင်ဆောင်ရွက်သူ၊ ပံ့ပိုးကူညီနေသူ ၁၀ ဦးကိုလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း ၂၀၂၄ခုနှစ် ဧပြီလ ၁၂ ရက်က ဟားခါးမြို့မှ ထန်တလန်၊ ဖလမ်းဘက်သို့ သွားနိုင်ပြီး လမ်းဆုံရှိတဲ့ လူစည်ကားတဲ့ မြို့သစ်ရပ်ကွက်အနီးမှာ စစ်ကောင်စီရဲ့ ဝန်ကြီးတွေ ယာဉ်တန်းကို CDF – ဟားခါးက ဒရုန်းအပါအဝင် လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ချင်းပြည်နယ် စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနဲ့ ဇနီး၊ လူမှုရေးဝန်ကြီးရဲ့ ယာဉ်မောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ CDF – ဟားခါးထံမှ သိရပါတယ်။ “လူကြီးတချို့ အပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများ” ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီက ဝန်ခံထားပါတယ်။
မြို့သစ်ရပ်ကွက်ထဲက လူနေအိမ်တွေ၊ ဆိုင်ခန်းတွေ၊ ဘုရားကျောင်းတွေကနေ အကာအကွယ်ယူ၍ ပစ်ခတ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီးနောက် လက်လီလက်ကား ဈေးဆိုင်တွေအပါအဝင် ဘုရားကျောင်းတွေ အားလုံးပိတ်ဖို့၊ လူ ၅ ဦးထက်ပို၍ စုဝေခြင်းမပြုလုပ်ဖို့ ဇွန်လ ၂၀ ရက်အထိ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဈေးဆိုင်ခန်းအများအပြားဟာလည်း မြို့သစ်ရပ်ကွက်ကနေ ရွေ့ပြောင်းဖွင့်ကြရသလို တချို့မှာ ပိတ်သွားရပြီ ရပ်ကွက်ဟာ တနေ့တခြား ခြောက်ကပ်လာပါတယ်။
စစ်ကောင်စီလက်အောက်ခံ ချင်းပြည်အစိုးရအဖွဲ့ကို ဘာသာရေးအဖွဲ့အစည်းတွေဘက်က ဘုရားကျောင်းတွေ ပြန်ဖွင့်ခွင့်ပြုဖို့ သွားရောက်ညှိ နှိုင်းခဲ့ဖူးပေးမယ့် မရခဲ့ပါဘူးလို့ ဟားခါးဘာသာရေးအသိုင်းအဝိုင်းက ပြောပါတယ်။ အဲဒီအမိန့်ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ထုတ်ထားတာဖြစ်ပြီး ချင်းပြည် စစ်ကောင်စီအစိုးရအဖွဲ့နဲ့တင် မပြီးပြတ်ပါဘူး။
CDF တပ်ဖွဲ့ဝင်တွေဟာ ဆိုင်ခန်းတွေ၊ ဘုရားကျောင်းတွေကို အကာအကွယ်ယူ၍ ပစ်ခတ်မှု မပြလုပ်ခဲ့ဘူးလို့ အဲဒီနေ့ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတွေက ပြောဆိုကြပြီး စစ်ကောင်စီရဲ့ စွပ်စွဲချက်ဟာ လူထုနဲ့ ဘာသာရေး အဖွဲ့အစည်းတွေအပေါ် အပြစ်ပုံချမှုနဲ့ လိမ်ညာမှုသာဖြစ်တယ်လို့ ပြောကြပါတယ်။
ဟားခါးမြို့တွင်းကို ငြိမ်ဝပ်ပိပြားစေရမယ်ဆိုတဲ့ ဗျူဟာနဲ့ သူတို့ အစိုးရ ယန္တရားတွေကို ဆက်လက် လည်ပတ်နိုင်အောင်လုပ်မယ့် ဗျူဟာထဲမှာ အပြစ်မဲ့ ပြည်သူလူထု၊ ဈေးဆိုင်တွေနဲ့ ဘာသာရေးကို အသုံးချနေတယ်လို့ ယူဆကြောင်း CDF- ဟားခါး ဥက္ကဌက ပြောပါတယ်။
“ပြည်သူလူထုက လာပြီးတော့မှ တော်လှန်ရေဘက်ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ လာပြောဖို့ ဟာကို ရည်ရွယ်တယ် ထင်တယ်။ ဘာသာရေးခေါင်ဆောင်းတွေဟာ စစ်ကောင်စီကို ပြောလို့ မရတဲ့အခါမှာ ကျနော်တို့ဘက်ကို လာပြီးတော့ ပြောကြတယ်။ လူထုတွေ နေတဲ့ နေရာမှာတော့ တိုက်ပွဲတွေ မဖော်သေးဖို့ ဘာညာပေါ့နော်” လို့ CDF – ဟားခါးဥက္ကဌက ပြောပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဟားခါးမြို့မှာ စစ်ရေးအကောင်အထည်ဖော်မှုတွေကို သွယ်ဝိုက်ပြီး ဖိအားပေးနိုင်ဖို့ အသုံးချလာတာဖြစ်ပြီး စစ်ဗျူဟာအရ လူထုနဲ့ တော်လှန်းရေးတပ်ဖွဲ့တွေကို သွေးကွဲအောင် ဖန်တီးလာမှုတွေအဖြစ် သတိထားကြဖို့ ဘာသာရေးခေါင်းဆောင်တွေကို မေတ္တာရပ်ခံထားတယ်လို့ သူက ပြောပါတယ်။
|| ချင်းရိုးရာဓလေ့ထုံတမ်းနဲ့ တောင်းပန်ရမယ်
တစ်ဖက်မှာ စစ်ကောင်စီဝန်ကြီးတွေ ယာဉ်တန်း တိုက်ခိုက်ခံရမှုကို ဟားခါးမြို့မိမြို့ဖနဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ချင်းရိုးရာဓလေ့ထုံးတမ်းအတိုင်း တောင်းပန်မှ အဲဒီအမိန့်ကို ပြန်ရုတ်သိမ်းပေးမယ်လို့ စစ်ကောင်စီဘက်က ဘာသာ ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။
ချင်းရိုးရာဓလေ့နဲ့ တောင်းပန်းခြင်းဆိုတာ တစ်စုံတစ်ယောက်က တစ်စုံတစ်ဦးအပေါ်မှာ ဒဏ်ရာအနာတရ သို့မဟုတ် သတ်ဖြတ်မှု ကျူးလွန်မိရင် အမှုအကြီးအငယ်အလိုက် ဝက်၊ နွား၊ နွားနောက်၊ ကျွဲတို့ဖြင့် သွေးသွန်ပေး၍ အမှုကို ကြေအေးစေခြင်းဖြစ်ပါတယ်။
ချင်းရိုးရာဓလေ့နဲ့ တောင်းပန်မှုကို ဘယ်သူမှ လုပ်ရဲမှာမဟုတ်ဘူးလို့ ဟားခါးခရစ်ယာန်အသိုင်းအဝိုင်းမှ သိရပါတယ်။
“ဓါးသွားထက်မှာ သွားရသလိုပဲ၊ ဒါကြောင့် ဘယ်သူမှ မလုပ်ရဲပါဘူး.။ လုပ်လည်း မလုပ်ပါဘူး” လို့ ပါစတာတစ်ဦးက ပြောပါတယ်။
“ချက်ချင်းပဲ ကျနော်ရဲ့အတွေးကတော့ သူတို့ကို သွားတောင်းပန်ရင် ထပ်ပစ်မယ်ပေါ့နော်။ လုံးဝကို တောင်းပန်စရာမလိုဘူး။ မတောင်းပန်သင့်ဘူး” လို့ CDF- ဟားခါး ဥက္ကဌက ပြောပါတယ်။
လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးကာလတွင် အမှားလုပ်သူဟာ ပြည်သူလူထု၊ ဘုရားကျောင်းနဲ့ CDF ဟားခါးတို့က မဟုတ်ဘဲ စစ်ကောင်စီကသာ အမှားတွေကို ဆက်တိုက်ကျူးလွန်နေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
သို့သော် ဒီပြသနာကို CDF က တခြားခေါင်းဆောင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးသာမှ ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာ စဉ်းစားဆုံးဖြတ်နိုင်လိမ့်မယ်လို့ CDF – ဟားခါးဥက္ကဌက ပြောပါတယ်။
|| အာဏာသိမ်းပြီးနောက် အခြေအနေ
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စစ်ကောင်စီဟာ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ချင်းပြည်နယ်က ဘုရားကျောင်းတက်ရောက်မှု အခြေအနေတွေက ပြောင်းလဲသွားပါတယ်။
ညမထွက်ရ အမိန့်နဲ့ လူစုလူဝေးမနေရစတဲ့ ကန့်သတ်မိန့်တွေကြောင့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ညဝတ်ပြုဆုတောင်းပွဲတွေ ဆိတ်သုဉ်သွားခဲ့ရပါတယ်။ မြို့နယ်အလိုက် ဘုရာကျောင်းအရေအတွက်နဲ့ တနင်္ဂနွေ့နေ့ ဝတ်ပြုဆုတောင်မှုတွေအတွက် မြို့နယ်အဆင့် ခရစ်ယာန်ဂိုဏ်ပေါင်းစုံ ဓမ္မအမှူ တော်ဆောင် အဖွဲ့တွေဟာ ခွင့်ပြုမိန့်ကို စစ်ကောင်စီထံ အပတ်စဉ် တင်ပြရပါတယ်။
ဘုရားကျောင်း တက်ရောက်မှုကို တနင်္ဂနွေနေ့ပဲ စစ်ကောင်စီက သတ်မှတ်ထားတဲ့အတွက် တခြားနေ့တွေမှာ ဘုရားကျောင်း တက်ခွင့်ကို မရတော့ပါဘူး။။ ဒါ့အပြင် တခြားဘာသာရေးဆိုင်ရာတွေကိုလည်း လုံးဝ လုပ်လို့မရတောတဲ့အနေအထားတွေ ဖြစ်သွားပါတယ်။
ဘာသာရေးက တော်လှန်ရေးကို ပိုစည်းလုံးစေတယ်၊ ပိုအားကောင်းစေတယ်လို့ စစ်ကောင်စီက ယူဆလေ့ရှိတယ်လို့ CHRO မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟလျဲန်က ပြောပါတယ်။
“ဘာသာရေးကို ပိတ်ပင်ခြင်းအားဖြင့် စည်းလုံးမှုတွေလည်း ကျနော်တို့မှာ ပိုပျက်ပြားလာမယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ထိတွေ့မှုက နည်းလာမယ်။ နောက်တစ်ခုက ကျနော်တို့ ခရစ်ယာန်တွေ အများစု ဖြစ်တဲ့အခါမှာ ဘာသာရေးက ကျနော်တို့မှာ အကြီးဆုံးအင်အားစုအဖြစ် သူတို့က မြင်တာပေါ့လေ။ ဒီလို ဘာသာရေးတွေကို ပိတ်ပင်ခြင်းအားဖြင့် ကျနော်တို့မှာ တော်လှန်ရေးအင်အားတွေလည်း နည်းလာမယ်။ ဘာသာရေးကပဲ အဓိက ဒီတော်လှန်ရေးတွေကို အင်အားကောင်းဖို့ကို ပံ့ပိုးတယ်ဆိုတဲ့ အယူအဆလည်း သူတို့မှာရှိတယ်” လို့ သူက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (ICJ) ရဲ့ ၂၀၂၃ ဇွန်လမှာ ထုတ်ပြန်တဲ့အစီရင်ခံစားအရ ဗုဒ္ဓသံဃာတော် ၃၃ ပါး၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ၅ ပါးနဲ့ အစ္စလာန်ဘာသာရေးခေါင်းဆောင် ၃ ပါးတို့ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။
ဗုဒ္ဓသံဃာတော် ၇၇ ပါး၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ၃၈ ပါးနဲ့ အစ္စလာန်ဘာသာရေးခေါင်းဆောင် ၂ ပါးတို့ ဖမ်းဆီးခံခဲ့ရပြီး အဲဒီအစီရင်ခံစာဟာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ဧပြီ ၃၀ ရက်နေ့အထိ စာရင်းဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ်မေလအထိ ဘုရားကျောင်းနဲ့ ဘာသာရေး အဆောက်အဦးပေါင်း ၁၁၆ လုံးဟာ စစ်ဗျူဟာတစ်ခုအဖြစ် အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်စီးခြင်းတို့ ပြုလုပ်ခံခဲ့ရတယ်လို့ CHRO ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ချင်းပြည်နယ်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၉ ကျောင်းခန့်ဟာလည်း လက်နက်ကြီး ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီတပ်တွေကြောင့် ပျက်စီးခဲ့ရတယ်လို့ CHRO အဖွဲ့က ဆိုပါတယ်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းအရ ချင်းပြည်နယ်လူဦးရေ ၄.၈ သိန်းဝန်းကျင်းမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူက ၈၅.၄ %နဲ့ အများဆုံးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်က ၁၃ %၊ အစ္စလာမ်ဘာသာဝင်က ၀.၁ % နဲ့ အခြားကိုးကွယ်သူက ၁.၁ ရာခိုင်နှုန်း သာရှိပါတယ်။
ခရစ်ဘာသာကို ကိုးကွယ်မှု အများဆုံးဖြစ်တဲ့ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ ကရင်နီက ၄၅.၈ % ၊ ကချင်မှာ ၃၃.၈ % သာရှိတဲ့အတွက် ချင်းပြည်နယ်ရဲ့ ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုက မြန်မာနိုင်ငံမှာ အများဆုံးပြည်နယ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တီးတိန်မြို့နဲ့ တွန်းဇံမြို့ကို မြို့သိမ်းစစ်ဆင်ရေးအဖြစ် ချင်းတော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို ပိုပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ တီးတိန်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချင်းပြည်နယ်မှာ စစ်ကောင်စီဟာ အများအားဖြင့် ပထမဆုံးပစ်မှတ်ထား တိုက်ခိုက်မှုက ဘာသာရေးအဆောက်အဦးတွေ ဖြစ်နေလေ့ရှိပြီး ဒါဟာ သာမန်ဖြစ်စဉ်အနေနဲ့ လုပ်တာမဟုတ်ဘဲ စနစ်တကျနဲ့ ဘာသာရေးကို တိုက်ခိုက်တာဖြစ်တယ်လို့ ချင်းအင်အားစုတွေက သုံးသပ်ကြပါတယ်။
ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီက တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် စစ်ရာဇတ်မှုနဲ့ နိုင်ငံတကာဥပဒေကို ကျူးလွန်နေတာဖြစ်တယ်လို့ ချင်းအရပ်ဖက်အဖွဲ့ အစည်းတွေက ပြောပါတယ်။
ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါး၊ မြို့သစ်ရပ်ကွက်မှာတော့ ဘုရားကျောင်းတွေမှာ လူသူကင်းမဲ့ နေဆဲပါ။ တစ်နေ့တခြား ပိုဆိုးဝါးလာတဲ့ ပြည်တွင်းစစ်အတွင်း “ဘုရားသခင်ရဲ့ အလိုတော်အတိုင်း” နှလုံးသွင်းနိုင်ဖို့ ဒေသခံတွေဟာ ဘုရားကျောင်းတွေ ပြန်တက်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
“ချင်းမှာက အများစုက ခရစ်ယာန်တွေဆိုတော့ စိတ်ဆိုးအောင်၊ စိတ်နစ်နာအောင် ရည်ရွယ်ချက် ရှိရှိနဲ့ ဘုရားကျောင်းတွေ ပိတ်ခိုင်းတာ။ တကယ်တမ်းဆိုရင် သိပ်ရင်နာစရာ ကောင်းတာပေါ့” လို့ ဟားခါးမြို့ဒေသခံက ပြောပါတယ်။